ရွေးကောက်ပွဲအစီအစဉ် ကြေညာဖို့ ကော်မရှင်ကို နိုင်ငံရေးသမားများ တောင်းဆို
2020.04.27
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖြစ်၊ မဖြစ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီရက်ပိုင်းအတွင်း တရားဝင်ကြေညာပေးဖို့ အချိန်ရောက်ပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ နဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက ပြောကြပါတယ်။
ကိုရိုနာဗိုင်းရပ်ပျံ့ပွားနေချိန်ဖြစ်လို့ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းတွေရှိသလို မကျင်းပဖြစ်ရင်လည်း လွှတ်တော်သက်တမ်းမကုန်ခင် ဥပဒေအရ လိုအပ်တဲ့ဖြည့်စွက်မှုတွေလုပ်ဆောင်ဖို့ လိုတာမို့ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ကြေညာဖို့လိုပြီလို့ ပြောကြပါတယ်။
ကပ်ရောဂါကြောင့် ရွေးကောက်ပွဲနောက်ဆုတ်မယ်ဆိုရင် လွှတ်တော်သက်တမ်းနဲ့ ပတ်သက်လို့ ဥပဒေအရ လိုအပ်တဲ့ပြင်ဆင်ချက်တွေကို ဆောင်ရွက်ဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်များသည် ငါးနှစ်သက်တမ်းပဲရှိတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ရ တယ်။ မတော်တဆ ဒါမျိုးတွေမလုပ်နိုင်ခဲ့ဘူးဆိုရင် ဥပဒေတစ်ခုခုရှိသင့်တယ်လို့ မြင်တယ်။ ဥပဒေတစ်ခုရေးဆွဲဖို့ စဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်း ၅ နှစ် ဖြစ်လို့ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဆိုရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးပါပြီ။
လုပ်ထုံးလုပ်နည်းအရ လက်ရှိလွှတ်တော်သက်တမ်းမကုန်ခင်မှာ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်ထောင်စုလွှတ်တော်အသစ်ကနေ သမ္မတ၊ ဒုသမ္မတတွေကို ရွေးကောက်တင်မြှောက်မှာဖြစ်ပါတယ်။
အဲလိုမဖြည့်စွက်နိုင်ရင်တော့ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခင် ကြားကာလမှာ လွှတ်တော်မရှိဘဲ ဖြစ်သွားမှာပါ။
ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လည်း မဲဆန္ဒရှင်စာရင်း ကောက်ယူတာ၊ ကြေညာတာ၊ မဲဆွယ်တာ၊ အသိပညာ ပေးတာတွေကို ကပ်ရောဂါကူးစက်ပျံပွားနိုင်တဲ့ အခြေအနေတွေကနေ ကင်းဝေးအောင်ဆောင်ရွက်ဖို့ အစိုးရ အပါအဝင် ပါတီတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေအတွက် ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲဘယ်အချိန်မှာ ကျင်းပမယ်ဆိုတဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက သိလိုနေကြပါတယ်။ ကော်မရှင်ဘက်က တစ်စုံတစ်ရာ အသိပေးတာမရှိသေးပါဘူး။
ကော်မရှင်ကိုမေးမြန်းလိုတာတွေရှိလို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရအောင် ကြိုးပမ်းနေတယ်လို့ ရွေးကောက် ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ပြော ပါတယ်။
“ပြင်ဆင်ရမှာအများကြီးပဲ ဆက်လုပ်သည်ဖြစ်စေ၊ ရွှေ့ဆိုင်းသည်ဖြစ်စေ။ အဲဒါကို ကျွန်တော်တို့ ဆွေးနွေးလို တာပါ။ အနီးနားရောက်မှ ဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးအရလည်း ပြဿနာရှိတယ်။ နိုင်ငံရေးအရ ယုံကြည်မှုပေါ့။ အဲဒါကို ဆွေးနွေးချင်လို့ ကော်မရှင်နဲ့ appointment ယူနေတာ၊ တကယ်လို့ ရွှေ့ဆိုင်းမယ်ဆိုရင်လည်း ကော် မရှင်နဲ့အစိုးရက တဖက်သတ် ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ဆိုရင် အန္တရာယ်ရှိတယ်လို့ ယူဆတယ်။”
ကော်မရှင်အနေနဲ့ ကပ်ရောဂါအခြေအနေအရ ရွှေ့ဆိုင်းမယ်ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်ပြီး လုပ်ပိုင်ခွင့်အရ ညှိနှိုင်းမှုမရှိဘဲ ဆောင်ရွက်မယ်ဆိုရင် အာဏာဆက်လက် စွဲကိုင်ထားမှုနဲ့ အစိုးရကို စွပ်စွဲပြောဆိုတာလို မလိုလားအပ်တဲ့ တခြားနိုင်ငံရေးပြဿနာတွေ ရှိလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ကော်မရှင်ဟာ လုပ်ပိုင်ခွင့်အစီအမံတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ ပျက်ကွက်နေတယ်လို့မြင်ကြောင်း ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကပြောပါတယ်။
“လုပ်မယ်မလုပ်ဘူးဆိုတဲ့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပေါ်မှာ ကျွန်တော်တို့ အငြင်းမပွားလိုဘူး။ ကော်မရှင်အနေနဲ့ ကြိုတင်စီမံဖို့လိုမယ်။ ပုံမှန်အတိုင်းလုပ်မယ်ဆိုရင်လည်းလုပ်မယ်။ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းရ မယ်ဆိုရင်လည်း ရွှေ့ဆိုင်းရမယ်။ အဲအတွက် ဥပဒေကို ဘယ်လိုပြင်မယ်။ ဘယ်လိုညှိနှိုင်းဆောင်ရွက်မယ်။ ဘယ်လိုလုပ်မယ်ဆိုတာ ကျွန်တော်တို့က ဘာမှမသိရဘူးဖြစ်နေတာ။ ဘာမှလည်း မပြောဘူး။ ကိုယ့်စိတ်ကူး နဲ့ကိုယ် ကြိုတွေးပြီးတော့ ပြင်နေရတာ၊ တကယ်တမ်းကျတော့ ကော်မရှင်က ကျွန်တော်တို့ကို ကြိုတင်ပြင်ဆင်ဖို့ ဘာသတင်းစကားမှ မပေးဘူး။ ကော်မရှင်က သူရဲ့လုပ်ရမယ့်လုပ်ငန်းတွေ ပျက်ကွက်နေတဲ့ ပုံစံမျိုးဖြစ်နေပြီ။”
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် ၂၀၁၅ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အတွက် ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ၁ နှစ်ကျော်အလိုကတည်းက ကျင်းပမယ့်လကို ကြိုတင်အသိပေး ခဲ့ပါတယ်။
၂၀၁၇ ကြားဖြတ်နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေကိုတော့ ရွေးကောက်ပွဲမကျင်းပခင် ၆ လ ခန့်အလိုမှာ ကြိုတင်ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်ရောဂါ ပျံ့ပွားမှု အခြေအနေတွေကြောင့် ရွေးကောက်ပွဲနောက်ဆုတ်နိုင်ခြေရှိတယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က သူရဲ့ အမြင်ကို ပြောပါတယ်။
“၆ လလောက်ကြိုပြီးတော့ အကြောင်းကြားရတယ်။ ပါတီဘက်ကလည်း ရွေးကောက်ပွဲအတွက် ကြိုပြင်ဆင် တာတွေကို လုပ်ကြရတာရှိတယ်။ ကိုယ်စားလှယ်ရွေးဖို့ကိစ္စတွေဆိုရင် ဇွန်လလောက်ဆိုရင် အပြီးသတ် ရွေးရမယ်ဆိုတဲ့ အစီစဉ်လေးတွေရှိတယ်။ အခုအတိုင်းဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကိုဗစ် -၁၉ ပြဿနာနဲ့ပဲ အချိန်နောက်များဆုတ်မလား မသိဘူးလေ။ ဒါ ကျွန်တော် တစ်ဦးချင်း အမြင်ပြောတာပါ။”
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ပြည်လုံးက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြောထားဖူးပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပွင့်လင်းမြင်သာမှု အားနည်းတဲ့ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စီစဉ်ဆောင်ရွက်ထားမှုတွေကို သိနိုင်အောင် ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။