အင်းစိန်ထောင်တွင်းသပိတ် ဖြိုခွင်းခံရမှု ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရ

2021.12.17
အင်းစိန်ထောင်တွင်းသပိတ် ဖြိုခွင်းခံရမှု ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရ ၂၀၂၁ အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်အဝင်ဝမှာ ထောင်ဝန်ထမ်းတွေနဲ့ ပြန်လွတ်လာမယ့်သူတွေကို စောင့်မျှော်နေသူတွေကို တွေ့ရစဉ်
AFP Photo

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့က အင်းစိန်အကျဉ်းထောင်တွင်းမှာ အကျဉ်းသူ၊ အကျဉ်းသား ၉၀ နီးပါးလောက်ပါဝင်တဲ့ အသံတိတ်သပိတ်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ဖြိုခွင်းခဲ့ ကြတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုထားကြပါတယ်။

ဒါကြောင့် အကျဉ်းသားတချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်တာ၊ ဆေးကုသခွင့် မရတာနဲ့ အကျဉ်းသူတွေဟာလည်း ဣန္ဒြေထိပါးနှောင့်ယှက်ခံရမှုတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ထောင်တွင်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုစစ်နိုင်ဟာဆိုရင် ဦးခေါင်းနဲ့ ကျောကုန်းမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မိသားစုက ပြောပါ တယ်။

ဒါပေမဲ့ သူဟာ ဒီနေ့အထိ ဆေးကုသခွင့်မရဘဲ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ကိုစစ်နိုင်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မိသားစုဝင်တွေအနေနဲ့ကတော့ အသက်အန္တရာယ်အထိကို ညီမတို့ စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့်မပြောနဲ့ ဆေးလိမ်းခွင့်တောင် မရရှိတဲ့အနေအထား။ အခုချိန်ထိလည်း သူက အသက်အန္တရာယ်ကနေ မကင်းသေးဘူးလို့တော့ ညီမတို့က ယူဆတယ်။ ဆေးကုသခွင့် ကို သူ့အတွက်ကတော့ အရေးပေါ်လိုတယ်ပေါ့။ ခေါင်းထိထားပြီးတော့ အန်ကယ်ဆိုလို့ရှိရင် ဦးနှောက်နဲ့ အာရုံကြောကိုထိသွားတာ ဖြစ်ဖို့များတယ်လို့ စဉ်းစားရတယ်။ အဲဒီတော့ သူအတွက်ကတော့ ဆေးကုသမှု ညီမတို့က ရစေချင်တယ်။ သူရဲ့ အသက်အန္တရာယ် လုံးဝစိတ်ချရတဲ့အထိဖြစ်ပြီးတော့ အဆက်အသွယ် လည်း ရချင်တယ်”

အလားတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့လည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရလို့ ထိခိုက်ဒဏ်ရာတွေရခဲ့ကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ဟာ သံခြေချင်းခတ်ပြီး တိုက်ပိတ်ခံထားရတယ်လို့လည်း ပြောပါတယ်။

ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို ဆေးကုသမှုမပေးတဲ့အပြင် ဆေးလိမ်းခွင့်တောင်မပေးဘဲ အကျဉ်းထောင် ဝန်ထမ်းတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတယ်လို့ ကိုလေပြေစိုးမိုးရဲ့ မိခင်ဖြစ်သူ ဒေါ်မြမြမိုးက အကျဉ်းထောင်တွင်း သတင်းရင်းမြစ်တွေရဲ့စကားကို ကိုးကားပြီး RFA ကို ပြောပါတယ်။

“ဘာကုသမှုမှမရပါဘူး။ ရုံးထုတ်တဲ့နေ့မှာပဲ သူတို့ဒီဒဏ်ရာတွေကို ရှေ့နေတွေကနေ ဆေးယူသွားပေး တယ်။ အဲဒါ လိမ်းဆေးလိမ်းနေတဲ့ဟာတွေကိုလည်း သူတို့တွေက လိမ်းခွင့်မပေးဘူးပေါ့နော်။ ရိုင်းရိုင်း စိုင်းစိုင်း လာပြီးပြောသွားတယ်ပေါ့။ မင်းတို့ အပိုတွေလုပ်မနေနဲ့ အင်္ကျီပြန်ဝတ်ထား ဘာညာနဲ့ အဲဒီလို မျိုးပြောသွားတယ်။ ဒါကလည်း အကျဉ်းထောင်ဝန်ထမ်းတွေကပဲ အဲဒီလိုမျိုး ပြောတာပေါ့နော်။ အဲတော့ ကျမတို့ အနေနဲ့တော့ နောက်ထပ် ကိုယ်ထိလက်ရောက် ဒီလိုဖြစ်မယ့်ကိစ္စတွေကိုတော့ ရှောင်ရှားစေချင် တယ်။ အဲဒါကို မီဒီယာကနေပြီးတော့ Speak Out လုပ်ပေးစေချင်တယ်။ ဒါကမိသားစုဘက်က ဖြစ်စေချင် တဲ့ဟာပေါ့နော်”

ကိုလေပြေစိုးမိုးကို ရုံးထုတ်ပြီးနောက်ပိုင်းမှာလည်း အကျဉ်းထောင်ဝန်ထမ်းတွေက သူတို့ရဲ့ ရှေ့နေနဲ့ ပတ်သက်လို့ မေးမြန်းစုံစမ်းတာတွေလည်း ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို ဆေးကုသမခွင့် မပေးတာက ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုကို ထောင်အာဏာပိုင်တွေဘက်က ကျူးလွန်လိုက်တာဖြစ်ပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့ တာဝန်ခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

"သူတို့ကို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့်မပြောနဲ့ ဆေးလိမ်းခွင့်တောင် မရရှိတဲ့အနေအထား"

အသံတိတ်ပိတ်ကြောင့် ထောင်တွင်းစည်းကမ်းတွေ ယခင်ကထက် တင်းကျပ်တာ၊ နိုင်ငံရေး အကျဉ်းသား တွေကို ထောင်မကြီးက ရာဇဝတ်အကျဉ်းသားတွေထားတဲ့ ထောင်ကို ပို့ဆောင်တာတွေအပြင် လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ ဖိနှိပ်မှုမျိုးတွေထိ ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

“ထောင်ဆိုတာက လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်တဲ့ ယန္တရားဖြစ်တဲ့အပြင် လူ့ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင်၊ ထိခိုက်အောင်တွေ ဆက်ပြီးလုပ်လာတာပေါ့။ လူ့ဂုဏ်သိက္ခာဆိုတာ ရုံးထွက်ခါနီးမှာ အမျိုးသမီးဆောင်တွေမှာလည်း ဘာလုပ်လာလဲဆိုတော့ အမျိုးသမီးတွေကို ထမီချွတ် ခိုင်းတယ်။ မိန်းမကိုယ်တွေပါ စမ်းတဲ့ပုံစံမျိုးတွေပါဖြစ်လာပြီ။ သူတို့အမြင်မှာတော့ အပြင်ကို သတင်းတွေ ပေါက်နေတာက အထဲကနေပြီးတော့ စာတွေထုတ်နေတယ်။ နဂိုတုန်းက တရားဝင်ပေါ့နော် အထဲကနေ ပြီးတော့ မိသားစုကိုလည်း စာပို့လို့ရတယ်။ မိသားစုကလည်း အထဲကို စာပို့လို့ရတယ်။ အခုအဲဒီအခွင့် အရေးတွေ ဘာတွေအားလုံးကို သူတို့က ပိတ်ပင်တားဆီးလိုက်တယ်”

ထောင်တွင်း တရားရုံးချိန်းနေ့တွေမှာ နိုင်ငံရေးအကျဉ်းသား၊ အချုပ်သားတွေ ရုံးထုတ်တဲ့အခါ သူ့တို့ရဲ့ ရှေ့နေ တွေနဲ့ စကားပြောဆိုတာတွေကို စောင့်ကြည့်တာ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေစာရင်းတွေ မှတ်တမ်း တင်ထားတာနဲ့ ထောင်တွင်းသတင်းတွေ အပြင်ကိုမပေါက်ကြားရအောင် ရှေ့နေတွေကို ခြိမ်းခြောက်ပြောဆို တာမျိုးတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က RFA က မေးမြန်းခဲ့ချိန်မှာတော့ အင်းစိန်အကျဉ်းထောင်မှာ ဆန္ဒပြတဲ့ ဖြစ်စဉ်တွေ မရှိခဲ့ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။

( ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အသံတိတ်သပိတ်မှာ လူသူကင်းမဲ့နေသည့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို တွေ့ရစဉ်)
( ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အသံတိတ်သပိတ်မှာ လူသူကင်းမဲ့နေသည့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို တွေ့ရစဉ်)
အင်းစိန် ထောင်တွင်းတရားရုံးတွေမှာ အမှုလိုက်နေတဲ့ ရှေ့နေတစ်ဦးက ရိုက်နှက်ခံထားရသူတချို့က သူတို့ကိုရုံးထုတ်စဉ် ဒဏ်ရာတွေကို တရားရုံးမှာ မှတ်တမ်းတင်ပေးဖို့ တောင်းဆိုပေမယ့် တရားရုံးက လက်မခံဘူးလို့လည်း ပြောပါတယ်။

“ဒီနောက်ပိုင်း ရုံးထုတ်တဲ့ အခါကျတော့ ရှေ့နေတွေရဲ့ အမှုသည်တွေထဲမှာ ရိုက်နှက်ခံရတဲ့သူတွေလည်း ပါလာတယ်။ ပါလာတဲ့အခါကျတော့ သက်ဆိုင်ရာ တရားရုံးတွေမှာ ရှေ့နေတွေကနေမှ ဒီရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေပေါ့၊ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို ပြပြီးတော့ မှတ်တမ်းတင်ပေးဦး၊ ဒါတင်ပြကြတဲ့အခါမှာ တချို့တရားရုံးတွေက အဲဒီတင်ပြချက်ကို ပယ်တယ်ပေါ့နော် မှတ်တမ်းတင်မပေးဘူး။ တချို့တရားရုံး တွေကတော့ သေသေချာချာ ဒဏ်ရာတွေကြည့်ပြီးတော့မှ ဖြစ်ပျက်ပုံကို မေးပြီးတော့ တရားဝင် အမှုတွဲ မှာပါအောင် မှတ်တမ်းတင်တာရှိပါတယ်။ ထောင်ဘက်ကတော့ ရိုက်နှက်ခံရတဲ့သူတွေကို ဆေးဝါးကုသမှု လုပ်ပေးတာမျိုး မတွေ့ဘူး”

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံ အနှံ့ အပြားမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ် ဆင်နွှဲခဲ့သလို အင်းစိန်ထောင်ထဲက သီးသန့်ထောင် ၁ နဲ့ ၂ မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ အချုပ်သားတွေကလည်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတာပါ။

ထောင်အာဏာပိုင်တွေဘက်ကတော့ အသံသပိတ်မှာ ပါဝင်ခဲ့တဲ့ အကျဉ်းသား၊ အချုပ်သား ၈၉ ယောက်ကို ရိုက်နှက်ခဲ့ပြီး ဦးဆောင်တဲ့သူတွေကိုလည်း သံခြေချင်းခတ် တိုက်ပိတ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ကြတာလို့ ဆိုပါတယ်။

အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကလည်း အကျဉ်းထောင်တွေမှာ ပြုလုပ်တဲ့ လူသားချင်းစာနာထောင်ထားမှုဆိုင်ရာ သွားရောက်လေ့လာမှုတွေကို ၂၀၂၀ မတ်လကတည်း ရပ်ဆိုင်းထားခဲ့ရပြီး တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့်ဆွေးနွေးနေပေမယ့် အကျဉ်းထောင်ထဲ ပြန်လည်ဝင်ရောက်ပြီး လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ခွင့်ပြုချက်မရသေးဘူးလို့ ဒီဇင်ဘာ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။