လူ့သက်တမ်းထက် ကျော်လွန်ထောင်ချမှုကို လက်မခံကြောင်း ရှေ့နေတွေပြော

2022.11.03
လူ့သက်တမ်းထက် ကျော်လွန်ထောင်ချမှုကို လက်မခံကြောင်း ရှေ့နေတွေပြော ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အကျဉ်းသားများကို ၂၀၂၀ ခုနှစ်က မြင်တွေ့ခဲ့ရစဉ်။
(Photo:RFA)

စစ်ကောင်စီက အခုနောက်ပိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး လူ့သက်တမ်းထက်ကျော်လွန်တဲ့ နှစ်ရာချီ ထောင်ဒဏ်တွေ ချမှတ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့က မကွေးတိုင်း တောင်းတွင်းကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် အသက် ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ကို မကွေးခရိုင် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွဲထားတဲ့ အမှု ၁၄ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၄၈ နှစ်ထိ ချမှတ်ခဲ့တာပါ။absurd-sentences_v009_BLANK.jpg

Graphic- RFA

မကွေးခရိုင်တရားရုံး လက်အောက်ခံ ခုံရုံးသုံးခုမှာ ဦးဝင်းမြင့်လှိုင် ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) နဲ့ အမှု ရှစ်မှုအတွက် ထောင် ၄၈ နှစ်၊ ပုဒ်မ ၅၄ အမှု လေးမှုအတွက် ထောင် အနှစ် ၈၀၊ ပုဒ်မ ၅၀ (က) အတွက် ထောင် ၁၅ နှစ်၊ ပုဒ်မ ၅၂ (က) အတွက် ထောင်ငါးနှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ အရင်ကလည်း အမှုငါးမှုအတွက် ထောင် ၂၅ နှစ် ချမှတ်ခံထားရပြီး ဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ်ထိ ကျခံရဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ထောင်တွင်းတရားရုံးမှာစစ်တဲ့ ငါးမှုက ၂၅ နှစ် အရင်အမိန့်ချ ခံထားရတာ။ မကွေး ခရိုင်တရားရုံးမှာ ထပ်စွဲတဲ့အမှုတွေ ဒါတွေက။ သူထောင်ထဲရောက်သွားပြီးမှဖြစ်တဲ့ Case တွေကိုပါ သူ့ကို အမှုတွဲပြီးတော့ ထည့်ထားတာတွေ ဒီဟာတွေက၊ အဲဒါတွေက တကယ်တမ်းတော့ တရားဥပဒေနဲ့ မညီဘူးလေ။ ဒါကတော့ တမင်လုပ်တာပေါ့။ အခုချိန်မှတော့ သူတို့လက်ထဲဆိုတော့ ဘာမှမတတ်နိုင်ဘူးပေါ့"

cf31312b-f25e-41f7-a3e9-4455aa1a424d.jpeg
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်အား တွေ့ရစဉ်။ (Photo: Taungdwingyi Township Info Committee NLD)

"မြန်မာနိုင်ငံမှာ တရားဥပဒေ လက်လွတ်ဖြစ်နေပြီဆိုတာလည်း မီးမောင်းထိုးပြတာပါ”

ဦးဝင်းမြင့်လှိုင်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ အဝင်မှာ ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ တောင်တွင်းကြီးမြို့နယ်က နေအိမ်ကိုလည်း နောက်တစ်ရက်မှာ စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။

သူအပါအဝင် ထောင်အနှစ် ၂၀ အထက် ကျခံရသူတွေကို မကွေးတိုင်း၊ ဒေါင်းနေထောင်မှာ သံခြေကျင်းခတ်ပြီး အကျဉ်းချထားတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု (WTRF) အဖွဲ့ဝင် နှစ်ဦးကို မိထ္ထီလာထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀၀ ကျော်နဲ့အတူ သေဒဏ်ပါ ချမှတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နှစ်ဦးလုံး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရပြီး အသက် ၃၀ အရွယ် ကိုကျော်သက်က အလုပ်နဲ့ ထောင်ဒဏ် ၂၂၅ နှစ်အပြင် သေဒဏ်၊ အသက် ၃၆ နှစ်အရွယ် ကိုနှင်းမောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၉၅ နှစ် နဲ့ သေဒဏ် အသီးသီး ချမှတ်ထားတာပါ။

သူတို့တွေ အမိန့်တွေချမှတ်ခံရတာ ဟုတ်မှန်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု (WTRF) က RFA ကို အတည်ပြု ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို လူ့သက်တမ်းထက် အများကြီး ကျော်လွန်ပြီး နှစ်ရာချီ ထောင်ဒဏ်တွေ ချမှတ်နေတာဟာ စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“အဲဒီလိုလုပ်နေတာက သူတို့တွေက မတရားဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မတရားအမှုတွေ ဆင်ပြီးတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချတယ်ဆိုပြီးလုပ်တာဟာ သူတို့ကို တော်လှန်နေတဲ့ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်များ ကျသွားမလား၊ ကြောက်စိတ်တွေဝင်သွားပြီး ကြောက်ပြီးတော့ နွေဦးတော်လှန်ရေး အရှိန်များ ကျသွားမလား ဆိုပြီးတော့ ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်တာပါ။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ တရားဥပဒေ လက်လွတ်ဖြစ်နေပြီဆိုတာလည်း မီးမောင်းထိုးပြတာပါ”

နှစ်ရာချီ ထောင်ဒဏ်တွေအပြင် တစ်သက်တစ်တစ်ကျွန်းနဲ့ ညီမျှတဲ့ ထောင်နှစ် ၂၀ ထက်ပိုတဲ့ ပြစ်ဒဏ်တွေကိုလည်း စစ်ကောင်စီက ချမှတ်နေပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်သပိတ်ခေါင်းဆောင် ကိုထွန်းထွန်းဦးကို စုစုပေါင်းထောင်ဒဏ် ၄၆ နှစ်၊ ကိုရာဇာထွန်းကို ၄၁ နှစ် ချမှတ်ထားပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာပဲ ပဲခူးတိုင်းပြည်မြို့ အကျဉ်းထောင်တွင်း တရားရုံးကနေ ကိုဟိန်းမြတ်ကို ထောင်ဒဏ် ၆၉ နှစ်၊ ကိုထွန်းလတ်ကို အနှစ် ၄၀၊ ကိုဇင်လင်းထက်ကို ထောင်ဒဏ် ၄၄ နှစ်ခွဲ အသီးသီး ချမှတ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ် NLD အစိုးရလက်ထက် ကရင်ပြည်နယ် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သက် ၆၈ နှစ်အရွယ် ဒေါ်နန်းခင်ထွေးမြင့်ကတော့ စုစုပေါင်း ထောင်ဒဏ် နှစ် ၈၀ ချမှတ်ခံရပြီး နောက်ပိုင်းမှာ စစ်ကောင်စီက ပြစ်ဒဏ်တစ်ဝက် လျှော့ပေးခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာနဲ့ စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကတော့ အမှုပေါင်း ခုနစ်မှုအတွက် ထောင်ဒဏ် ၉၂ နှစ် ချမှတ်ခံထားရပါတယ်။

အခုလို လူ့သက်တမ်းနဲ့ မမျှတဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ ပြင်းထန်တဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုဖြစ်တယ်လို့ Human Rights Initiative (HRI) အဖွဲ့က ကိုထွန်းက ဝေဖန်ပါတယ်။

“အပြစ်မရှိဘဲနဲ့ စွပ်စွဲပြီးတော့ ပြစ်ဒဏ်တွေချတာ Arbitrary arrest ဆိုတာလည်းပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုပဲ။ နောက်ပြီတော့ သူကျူးလွန်တဲ့ ပြစ်မှုထက်ကျော် ပြီးတော့ သူ့ကိုပိုပြီး ပြစ်ဒဏ်ပေးတာကလည်းပဲ ဒါကလူ့အခွင့်အရေးချိုးဖောက်တဲ့ အချက်တစ်ချက်ထဲမှာပါတယ်။ အဲဒီတော့ လူတွေကို ဖမ်းဆီးပြီး လူသက်တမ်းထက် ကျော်ပြီး ထောင်ဒဏ်နှစ်ရှည်ပေးတယ်ဆိုတာ အသက်ရှင်နေရင်းကနေ သူ့ကို သေအောင်လုပ်တာနဲ့ အတူတူပဲ။ အသက်ရှင်လျက်နေရက်နဲ့ကို စိတ်ကိုသတ်နေတာ နဲ့အတူတူပဲ”

တရားရုံးရဲ့ အမှုအခင်းတွေနဲ့ ပတ်သက်လို့ စီရင်ချက် အမိန့်ချမှတ်မယ့် တရားသူကြီးတိုင်း လိုက်နာကျင့်သုံးရမယ့် တရားစီရင်ရေးဆိုင်ရာ အခြေခံမူ သုံးချက်ရှိပါတယ်။ အမိန့်ချမှတ် တဲ့အခါ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတဖို့၊ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ လူ့အဖွဲ့အစည်းကို အကာ ကွယ်ပေးနိုင်ရုံတင် မဟုတ်ဘဲ ပြစ်ဒဏ်ကျခံရမယ့်သူရဲ့ အမူအကျင့်ကို ပြုပြင်စေလိုတဲ့ စိတ်စေတနာနဲ့ပဲ ချမှတ်ဖို့နဲ့ ပြစ်ဒဏ်ချမှတ်ခြင်းဟာ ပြစ်မှုကျူးလွန်သူကို ဒဏ်ခတ် အပြစ်ပေးတာ မဟုတ်ရဘူးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

လက်ရှိမှာတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး အဲဒီပုဒ်မတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တာ၊ တချို့အမှုတွေမှာ တစ်ပေါင်းတည်ကျခံစေဖို့ အမိန့်ချမှတ်နိုင်ပါလျက်နဲ့ သီးခြားစီကျခံဖို့ ချမှတ်တာတွေဟာ အဲဒီတရားစီရင်ရေး အခြေခံမူတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြဝေဖန်ပါတယ်။

tuntunoo.JPG
ထားဝယ်မြို့မှ သပိတ်ခေါင်းဆောင် ကိုထွန်းထွန်းဦးအား တွေ့ရစဉ်။ (Photo: Dawei Political Prisoners Network)

အခုလို ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတဲ့ ပြစ်ဒဏ်ချမှတ်နေတာတွေကို ပြန်မစိစစ်နိုင်ရင် မြန်မာ့ တရားစီရင်ရေး သမိုင်းမှာ ကြီးမားတဲ့ အမဲစက်ကြီးအဖြစ် ထင်ကျန်ရစ်လိမ့်မယ်လို့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို ပြစ်ဒဏ်ချမှတ်တဲ့အခါမှာ လူ့သက်တမ်းထက် ကျော်လွန်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းမျိုးကတော့ လူ့အဖွဲ့အစည်းက လက်ခံနိုင်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းမျိုး မဟုတ်ဘူးပေါ့။ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှမတ ချမှတ်နေတာကြီးဟာ တရားစီရင်ရေးသမိုင်းမှာ နောင်မှာ အမဲစက်ကြီး ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ချမှတ်တဲ့ တရားသူကြီးတွေရော ဒီလိုချမှတ်နေတဲ့အပေါ်မှာ ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေနဲ့ရော ဒါတွေဟာ ပြန်လည်ပြီးတော့ စိစစ်သင့်တယ်။ သုံးသပ်သင့်တယ်။ ဖြေလျှော့မှုတွေ လုပ်သင့်တယ်။ သို့မဟုတ်ရင် ဒီဟာကြီးက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းမှာ ကြီးမားတဲ့ အမဲစက်ကြီးအဖြစ် ကျန်ရှိနေခဲ့လိမ့်မယ်”

၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၂၂ မှာလည်း ပြုလုပ်မှု တစ်ခုအတွက် ဥပဒေနှစ်ရပ် ဒါမဟုတ် နှစ်ရပ်ထက်ပိုတဲ့ ဥပဒေတွေအရ ပြစ်မှုမြောက်ရင် ပြစ်မှုကျူးလွန်သူကို အဲဒီဥပဒေတွေထဲက တစ်ခုနဲ့ပဲ အပြစ်ပေးရမှာဖြစ်ပြီး ပြစ်မှုတစ်ရပ် တည်းအတွက် ပြစ်ဒဏ် တစ်ကြိမ်ထက် ပိုမခံရလို့ ပြဌာန်းထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ တရားရုံးတွေက ပြုလုပ်မှုတစ်ခုတည်းကိုပဲ ပုဒ်မတွေ အမျိုးမျိုးခွဲတပ်ပြီး ထောင်ဒဏ်တွေ ချမှတ်နေတာလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၂ ရက် နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူ ၁၂,၈၃၀ ဦးရှိပြီး အဲဒီအထဲက ၁,၆၂၄ ဦးက ထောင်မိန့်တွေ ချမှတ်ခံ ထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။