မအူပင်ထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံနေရ
2024.01.19
နိုင်ငံရေးအမှုနဲ့ အဖမ်းခံထားရတဲ့ အမျိုးသမီးတွေကို အကျဉ်းထောင်တွေမှာ လုံခြုံရေးအရ စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းတွေက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူနေတယ်လို့ နိုင်ငံရေး အကျဉ်းသူဟောင်းတွေက ပြောကြပါတယ်။
"တချို့ ဝန်ထမ်းတွေဆိုရင် မိန်းမကိုယ်ကြားထဲတွေ စစ်တာရှိတယ်"
ဧရာဝတီတိုင်း မအူပင်ထောင်မှာ အကျဉ်းသူတွေကို ဓမ္မတာလာချိန်တောင် မရှောင်ဘဲ စစ်ဆေးတာတွေတင်မက ဖိနပ်နဲ့ ရိုက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာတွေ ကြုံခဲ့ရတယ်လို့ မအူပင်ထောင်မှာ နေခဲ့ရတဲ့ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း တစ်ယောက်က ပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသူရော၊ တခြားအကျဉ်းသူကိုရော အကုန်တန်းတူထား စစ်တယ်။ အင်္ကျီတွေချွတ်၊ ဘော်လီ တွေချွတ်၊ ထမင်ရင်လျား၊ အတွင်းခံ ဘောင်းဘီချွတ်ပြီးတော့မှ ပြန်ဝတ်။ သူတို့ လိုက်စမ်းတယ်။ တင်ပါးတွေကို လိုက်နှိုက်တယ်။ ပေါင်ကြားတွေ နှိုက်တယ်။ ဘော်လီတွေကို နှိုက်စစ်၊ ညှစ်စစ်၊ ဖျစ်စစ်တယ်။ အဲဒီနေ့က ဆိုရင်နိုင်ငံရေး အကျဉ်းသူ ကောင်မလေး တစ်ယောက်က ဓမ္မတာလာချိန် ဖြစ်နေလို့ ခွင့်ပြုပါလို့ တောင်းဆိုတယ်။ မရဘူးတဲ့ ချွတ်ပေးဆိုတော့ ကောင်မလေးရဲ့ ဓမ္မတာ လာနေတဲ့ ကပ်ခွာတွေပေကျံနေတာရော ဆိုတော့ ကောင်မလေးက ရှက်တာပေါ့။ အစ်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ သူတို့ စိတ်နဲ့ ရှင်သန်ခဲ့ရတာ။ သူတို့ စိတ်နဲ့ တစ်နှစ်ကျော် ရှင်သန်ခဲ့ရတာ။ စိတ်ဒဏ်ရာ အများကြီးနဲ့ပဲ”
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပြီး၊ ဒီလိုစစ်ဆေးတာဟာ လိင်အကြမ်းဖက်မှု မြောက်တယ်လို့ အဖွဲ့ရဲ့ တာဝန်ခံ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုလို့ သတ်မှတ်လို့ရတယ်။ နိုင်ကျဉ်းအမျိုးသမီးတွေရဲ့ အလိုမတူဘဲနဲ့ သူတို့ရဲ့ ကိုယ်အင်္ဂါတွေကို စစ်ဆေးပိုင်ခွင့် မရှိဘူးဆိုတာ အကျဉ်းထောင် လက်စွဲ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။ မိမိတို့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ X Rays စက်တွေ Body Scanner တွေ တပ်လို့ရရဲ့သားနဲ့ မဖြည့်ဆည်းဘဲနဲ့ အကြောင်းပြချက်ပေးပြီးမှ နိုင်ကျဉ်း အမျိုးသမီးတွေကို ဖိနှိပ်တာက လူ့အခွင့်အရေး ချိုးဖောက်မှုထဲမှာ အဆိုးရွားဆုံး အခြေအနေလို့ ပြောလို့ရပါတယ်”
တားမြစ်ထားတဲ့ စာရွက်စာတမ်း၊ ငွေကြေး၊ မူးယစ်ဆေးဝါးနဲ့ ပစ္စည်းတွေ ခန္ဓာကိုယ်မှာ ဖွက်ပြီး ထောင်ထဲသယ်လာမှာကို တားဆီးနိုင်အောင် သင်္ကာမကင်းတဲ့သူကို ရှာဖွေဖို့ အကျဉ်းထောင်လက်စွဲ ဥပဒေမှာပြဋ္ဌာန်းထားပေမယ့် အချုပ်သား၊ အကျဉ်းသားတိုင်းကို ရှာရမှာမဟုတ်ဘူးလို့လည်း ထောက်ပြကြပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက် တာတွေဟာ အင်းစိန်ထောင်နဲ့ သာယာဝတီထောင်တွေမှာ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသူဟောင်း မနှင်းဆီကလည်း ပြောပါတယ်။
“စစ်ရင် ဘောလီရဲ့ အတွင်းသားထဲထိပါ နှိုက်စစ်တာရှိတယ်။ တချို့ ဝန်ထမ်းတွေဆိုရင် မိန်းမကိုယ်ကြားထဲတွေ စစ်တာရှိတယ်။ မိန်းမကိုယ်ထဲကို နှိုက်စစ်တာတွေရှိတယ်။ ဒါတွေက အကျဉ်းထောင်တိုင်းမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် နေတယ်လို့ပဲ မြင်တယ်။ ထဘီကို ချွတ်မချပေးရုံတမယ်ပဲ စစ်ကြတယ်ပေါ့။ အောက်ခံဘောင်းဘီက အစ၊ ရာသီလာတာကအစ ပြရတဲ့အဆင့်တွေထိ ရှိတယ်ပေါ့။ နောက်ပြီး အင်းစိန်ထောင်မှာ ညီမကိုယ်တိုင် ကြုံခဲ့ရတာဆိုရင် တချို့ဝန်ထမ်းတွေက နှိုက်စစ်ပြီးတော့ ပါးစပ်အငြိမ်မနေဘူး။ နင့်ဟာက အကြီးကြီးပဲနော်၊ နင့်ဟာကတော့ သေးတယ်နော် ဆိုပြီး Sexual abuse လုပ်ခံရတာတွေလည်းရှိတယ်”
အကျဉ်းထောင်များဥပဒေမှာ အကျဉ်းသူတွေကို အမျိုးသမီး ထောင်ဝန်ထမ်းတွေကပဲ အနီးကပ် အုပ်ချုပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ သာယာဝတီ အကျဉ်းထောင်မှာ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသား ထောင်ဝန်ထမ်းတွေက ခေါ်ယူဆွဲထုတ်ပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့သုံးနှုန်း ပြောဆိုတာတွေရှိတဲ့အပြင် အမျိုးသမီးအဆောင်မှာ ခိုက်ရန်ဖြစ်ပွားရင်လည်း အမျိုးသား ဝန်ထမ်းတွေဝင်ပြီး ရိုက်နှက်တာတွေရှိတယ်လို့ မနှင်းဆီက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ထောင်ရဲ့ အုပ်ချုပ်စီမံမှုကိုသိရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။
အမျိုးသမီးတွေအပေါ် ပြစ်မှုကျူးလွန်တဲ့ ထောင်အရာရှိတွေ၊ ဝန်ထမ်းတွေအနေနဲ့ တာဝန်ခံရမယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောပါတယ်။
“အကြမ်းဖက် စစ်ကောင်စီအနေနဲ့က နိုင်ငံရေးအရ တက်ကြွလှုပ်ရှားနေတဲ့ အမျိုးသမီးတွေ၊ LGBT တွေကို လူသားမဆန်စွာ လူ့ဂုဏ်သိက္ခာနဲ့မညီ ညှဉ်းပန်း နှိပ်စက်မှုတွေ လုပ်တာအပြင်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေက လုံးဝ လက်သင့်မခံနိုင်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်။ ဒါဟာ လူ့အခွင့်အရေး ရှု့ထောင့်ကပဲ ကြည့်ကြည့် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ တရားဥပဒေဘက်ကပဲ ကြည့်ကြည့် မကျူးလွန်သင့်တဲ့ အရာမျိုးဖြစ်တယ်။ သို့သော်လည်းပဲ အကြမ်းဖက်စစ်တပ်နဲ့ အကြမ်းဖက် စစ်ကောင်စီက ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိစွာနဲ့ ဆက်ပြီးကျူးလွန် နေကြတာဖြစ်တယ်”
အကျဉ်းထောင်များဥပဒေမှာလည်း စည်းကမ်းချိုးဖောက်တဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်ပေးတဲ့ အခါမှာလည်း တိုက်ပိတ်ပြီး မိသားစု တွေ့ခွင့်ပိတ်တာ၊ အစားအသောက် လျှော့ပေးတာ၊ အလုပ်နေရာ ပြောင်းလဲတာတွေ ပြဋ္ဌာန်းထားပေမယ့်လည်း သူတို့ကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တာကို ခွင့်ပြုမထားပါဘူး။
အဲဒီ ဥပဒေမှာ စည်းကမ်းဖောက်တဲ့ အကျဉ်းသားတွေကို လက်ထိပ်ခတ်တာ၊ ခြေချင်း ခတ်တာ၊ ကြိမ်ဒဏ်ပေးတာမျိုးကို တရားဝင်ခွင့်ပြု ပြဋ္ဌာန်းထားပေမယ့်လည်း အမျိုးသမီးတွေကို ချမှတ်ခြင်း မပြုရလို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ဒါပေမဲ့ လက်ရှိ အကျဉ်းထောင်တွေမှာ ဖြစ်နေတဲ့ ထောင်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေဟာ ဥပဒေတွေကို ကျော်လွန်ပြီး ကျင့်သုံးနေတာလို့ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင် တစ်ယောက်က သုံးသပ်ပါတယ်
“အကျဉ်းထောင်ရဲ့ အုပ်ချုပ်ရေး ယန္တရားဆိုတာသည် အကျဉ်းထောင် ဥပဒေနဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေ အပေါ်မှာ မူတည်နေပါတယ်။ ဒီအကျဉ်းထောင်များ အက်ဥပဒေနဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေမှာ အကျဉ်းသားတွေကို အနိုင်အထက် ဥပဒေမဲ့ နှိပ်စက်ညှဉ်းပန်းရမယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ တစ်စုံတစ်ရာ လုံးဝမရှိဘူးလို့ ပြောချင်တယ်။ သို့သော် အခုလို ဖြစ်ပျက်နေတာတွေသည် ဥပဒေနဲ့အညီ မဟုတ်ဘဲနဲ့ ဥပဒေကို ဆန့်ကျင်ပြီးတော့မှ အဖွဲ့အစည်းတစ်ခုခုရဲ့ ညွှန်ကြားမှုကို နာခံပြီးတော့ မိုက်မိုက်မဲမဲ ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ စသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး ၅၂၃၇ ဦး ရှိနေပြီဖြစ်ပါတယ်။