မြိုင်မြို့နယ် လင်းကတော ရဲစခန်းတိုက်ပွဲ PDF ကိုးဦး သေဆုံး၊ ပြည်သူ ငါးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.12.09
မြိုင်မြို့နယ် လင်းကတော ရဲစခန်းတိုက်ပွဲ PDF ကိုးဦး သေဆုံး၊ ပြည်သူ ငါးထောင်ကျော် ထွက်ပြေးနေရ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းအား ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့များ ၂၀၂၂ ဇန်နဝါရီ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့စဉ်။
People Defence Force Yesagyo

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန် ဒီဇင်ဘာ ၇ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ PDF အဖွဲ့ဝင် ကိုးယောက် သေဆုံးသလို၊ ပတ်ဝန်းကျင်က ဒေသခံ ငါးထောင်ကျော်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

သေဆုံးရတဲ့သူတွေက မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ငါးယောက်၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လေးယောက်ဖြစ်ပြီး အားလုံးဟာ အသက်နှစ်ဆယ်ဝန်းကျင်တွေဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

"အသာစီးနေရာယူထားပြီးတော့ ပစ်နေတဲ့ အချိန်မှာပဲ သူတို့ (စစ်ကောင်စီ) က တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတာဗျ"

ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် လင်းကတော ရဲစခန်းဘေးက နှစ်ထပ်တိုက်ပေါ်မှာရှိတဲ့ PDF အဖွဲ့ဝင်တွေ ထိမှန်သေဆုံးတာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမည်မဖော်လိုတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရဲဘော်တွေက စခန်းဘေးမှာရှိတဲ့ တိုက်ပေါ်ကနေ အသာစီးနေရာယူထား ပြီးတော့ ပစ်နေတဲ့ အချိန်မှာပဲ သူတို့ (စစ်ကောင်စီ) က တိုက်လေယာဉ်နဲ့ ဗုံးကြဲသွား တာဗျ။ တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန်မှာ တိုက်နှစ်လုံးလည်း တစ်စစီဖြစ်သွားသလို ကျွန်တော်တို့ ရဲဘော်ကိုးယောက်ကလည်း တစ်စစီပဲ။ တချို့ ကျွန်တော်လည်း အဲထဲမှာရှိလို့သာ ကျွန်တော်တို့ နာမည်နဲ့လူနဲ့ အတည်ပြုလို့ရတာဗျ။ တချို့က ခြေပြတ်၊ လက်ပြတ်တွေနဲ့၊ တချို့ကျတော့ ဘယ်သူဘယ်ဝါမှန်းကို ခွဲလို့မရဘူး။ မြိုင်က အဖွဲ့တွေကတော့ ငါးယောက်ကျတယ်ဗျ။ ရေစကြိုအဖွဲ့က လေးယောက် ကျတယ်။ အားလုံး စုစုပေါင်း ကိုးယောက်ဗျ”

ဒီဇင်ဘာ ၆ ရက်နေ့က Mi- 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ ပေမယ့် မထိရောက်တာကြောင့် အခုလို တိုက်လေယာဉ်အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့အင်အားတစ်ရာခန့်ရှိတဲ့ လင်းကတော ရဲစခန်းကို ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ တိုက်နေတာပါ။

ရဲစခန်းကို သိမ်းနိုင်ခါနီးမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်တာခံရ တာလို့ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့ ခေါင်းဆောင် တစ်ယောက်က RFA ကို ပြောပါတယ်။

“လာပြီးပစ်တဲ့အချိန်မှာ ပထမတုန်းက ဝဲသွားတယ်။ နောက်တစ်ခါမှ လာပစ်တာ။ သူတို့ (စစ်ကောင်စီတပ်) ဘက်က Location ပစ်မှတ်နေရာ အတိအကျရလို့ နေမှာပေါ့။ ကျွန်တော်တို့တွေ လေယာဉ်နဲ့ အပစ်ခံလိုက်ရတယ်။ တိုက်ပွဲကြာချိန်က သုံးရက် ကြာတယ်ဗျ။ တိုက်ပွဲက တော်တော်ပြင်းတယ်။ ကျွန်တော်တို့ ရတော့မယ် (လင်းကတောရဲစခန်း) ဒီကောင် (လေယာဉ်) မလာရင် ကျွန်တော်တို့ရပြီ ဒီကောင် (လေယာဉ်) လာလို့ ကျွန်တော်တို့ နောက်ဆုတ်လိုက်ရတာ”

စစ်ကောင်စီတပ်ဘက်ကလည်း အနည်းဆုံး ၁၅ ဦးခန့် သေဆုံးခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဒီဇင်ဘာ ၄ ရက်ကစပြီး လင်းကတောရွာခံ လေးထောင်နီးပါး အပါအဝင် ကုက္ကိုစုနဲ့ အနီးအနား ရွာခုနစ်ရွာခန့်က စုစုပေါင်း ဒေသခံ ငါးထောင်ကျော် ထွက်ပြေး နေရတယ်လို့ မြိုင်ဒေသခံတွေက ပြောပါတယ်။

“လေကြောင်းနဲ့ ဗုံးကြဲတဲ့အတွက် ကျေးရွာပြည်သူလူထုက အကုန်ပြေးနေရတာပေါ့။ ပြေးနေရတဲ့ရွာ အနည်းဆုံး ခုနစ်ရွာ၊ ရှစ်ရွာလောက်ရှိတယ်။ စားဝတ်နေရေးကလည်း အခုချိန်က သီးနှံသိမ်းချိန်၊ လုပ်ငန်းလုပ်ချိန်ဆိုတော့ လုပ်ငန်းတွေလုပ်မရဘဲ အခက်အခဲတွေ တွေ့ကြရတာပေါ့။ လေယာဉ် ဗုံးကြဲတဲ့အတွက် ပျက်စီးတာတွေတော့ ရှိတယ်လို့ကြားတယ်”

အဲဒီ လင်းကတော တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

မြိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: We Love Myaing)
မြိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: We Love Myaing)

စစ်ကောင်စီဘက်က ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီဇင်ဘာ ၇ ရက်နေ့က မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကိုတိုက်ခိုက်တဲ့ PDF အဖွဲ့ဝင် နှစ်ဆယ်ခန့် သေဆုံးပြီး သုံးဆယ်နီးပါး

ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားနေကြပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားစုံစမ်းအတည်မပြုနိုင်သေးပါဘူး။

ကာကွယ်ရေးအဖွဲ့တွေကလည်း ယာယီတပ်ပြန်ဆုတ်ထားတယ်လို့ မြိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင် နောက်တစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိကတော့ ပစ်တာခတ်တာ မရှိသေးဘူး။ သူတို့ (စစ်ကောင်စီတပ်) လည်း မထွက်ရဲဘူး။ ကျွန်တော်တို့လည်း ပြန်ချောင်းနေတယ်။ ဒီကောင်တွေက သူတို့ လေကြောင်းပဲ အားကိုးလုပ်နေတာ။ လက်ရှိအခြေအနေက အပြင်ကို မထွက်ရဲဘူး။ လှုပ်လှုပ်ရှားရှားလည်း မမြင်ရဘူး။ သူတို့ လှုပ်တာနဲ့ ဒရုန်းနဲ့ချလိုက်လုပ်နေတယ်”

လက်ရှိမှာ တိုက်ပွဲငြိမ်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်က နေလေကြောင်းနဲ့ တိုက်ခိုက်လာမှာ စိုးရိမ်တာကြောင့် ဒေသခံတွေကတော့ ရွာထဲပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။