စစ်တပ်ကို ထောက်ခံကြောင်း အင်အားပြသူတွေကို ဘယ်သူခိုင်းတာလဲ

မေစိုး(ဝါရှင်တန်ဒီစီ)
2021.02.26

စစ်အာဏာသိမ်းပြီး ဒုတိယမြောက် သီတင်းပတ်လောက်ကစပြီး စစ်တပ်ကိုထောက်ခံကြောင်း တန်ပြန်အင်အားပြတဲ့ပွဲတွေကို ကြိုကြားကြိုကြားတွေ့လာရပါတယ်။ အဲဒီလိုအင်အားပြသူတွေကို လူထုက တားဆီးမေးမြန်းတဲ့အခါ အကြောင်းပြချက် အမျိုးမျိုးပေးကြပေမဲ့ စစ်တပ်နဲ့ တပ်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက ခိုင်းလို့လုပ်ရပါတယ်ဆိုတဲ့ အဖြေကတော့ အတူတူပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ လူသန်းနဲ့ချီတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်လာပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို တပ်က နည်းမျိုးစုံနဲ့ တားဆီးရင်းကြားကပဲ လမ်းပေါ်တက်ဆန္ဒပြတဲ့ ပြည်သူလူထုဟာ တနေ့တခြားများလာပါတယ်။ အဲဒီနောက် စစ်တပ်နောက်ခံအဖွဲ့အစည်းနဲ့ ရဲတွေကခိုင်းလို့ဆိုပြီး မီးကွင်းကပစ်တာ၊ အဆိပ်ခတ်တာနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်နေသူအများအပြားကို ပြည်သူလူထုက ဖမ်းမိခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်မှာ ဖမ်းမိသူတစ်ဦးက ....

"သုံးခွအရှေ့ဘက် အမောင်းကျေးရွာမှာနေပါတယ်။ လယ်ယာလုပ်ပါတယ်။ ကနဝဲဘက်ကနေ မီးကွင်းတွေပြစ်ပြီး သားဆေးလာခပ်တာပါ။ ရာဘာစက်ရုံလည်း မီးရှို့တာပါ။ ကျွဲတကုန်းက မောင်ဇော်က စီစဉ်ခိုင်းတာပါ။ ရပ်ရွာဥက္ကဋ္ဌပါ။ ကြံခိုင်ရေးပါတီပါ.....တောင်ဒဂုံကို မီးရှို့တာ တစ်သိန်းရပါတယ်။ အဆိပ်ခပ်တာ မီးကွင်းပြစ်တာကိုလည်း တစ်သိန်းပေးပါတယ်။ ထောင်ကလွတ်လွတ်ခြင်း ဘာလုပ်ဘာလုပ်ဆိုပြီး ခိုင်းတာ မောင်ဇော်ပါ။ ကျွဲတကုန်းပိုင် ရပ်ရွာဥက္ကဋ္ဌ ကြံခိုင်ရေးပါတီ" လို့ပြောပါတယ်။

အဲဒီလိုတွေ ဖမ်းမိပြီးနောက် ဒီသီတင်းပတ်အစလောက်မှာတော့ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြသူတွေ ရှိရာ ဝန်းကျင်ကို တပ်မတော်ကို ထောက်ခံကြောင်းအင်အားပြသူတွေကို တင်လာတဲ့ ကားတွေ ထွက်လာပါတယ်။ အဲဒီလူတွေဟာ ဘယ်လိုလူတွေပါလဲ။

"ရွာက လေးငါးယောက်ပေးပါဆိုလို့ လာရတာပါ။ ဟိုးအရင်ကတည်းကထောက်ခံသူတွေ မဟုတ်ပါဘူး။ သူတို့လက်အောက်ရှိလို့ပါ။ မြို့ပေါ်ကမဟုတ်ဘူး။ တောတွေကဆိုတော့ လယ်လုပ်မှ စားရတာဆိုတဲ့ သူတွေပါ။ သန်လျင်အရှေ့ဘက် ပုဂံတောင်ကလာတာ" လို့ပြောပါတယ်။

လယ်သမားတွေပါလို့ ပြောသူတွေရှိသလို ဘုရားဖူးသွားမယ်ဆိုလို့ လိုက်လာသူတွေလည်းပါလာပါတယ်။

"ပိုက်ဆံပေးပြီး ငှားတာ မဟုတ်ပါဘူး။ ညီမလေးတို့ တူဝရီး ၂ ယောက်က လမ်းကြုံလို့လိုက်လာတာ။ ဘယ်သွားမလို့လဲဆိုတော့ ဘုရားဖူးသွားမလို့ဆိုလို့ လိုက်လာတာပါ။ သမီးတို့က လေးထောင့်ကန်မှာ ဆင်းမှာ။ ဘုရားဖူးသွားမယ်ဆိုရင် သမီးတို့လည်း လိုက်မယ်။ အပြန်ကျမှဆင်းမယ်ဆိုပြီး လိုက်လာတာပါ။ တကယ်ပြောတာပါ။ သမီးတို့ဆီမှာ ဘာပစ္စည်း သမီးတို့ကားတစ်စီးလုံးမှာ မပါ ပါဘူး....တောင်းပန်ပါတယ်"လို့ ပြောပါတယ်။

နောက်တယောက်ကတော့ ဆိုက်ကားနင်းပါတယ်တဲ့။ အရေးတော်ပုံကာလ စားဝတ်နေရေးခက်ခဲတာကြောင့် ပိုက်ဆံပေးမယ်ဆိုလို့ လိုက်လာတာလို့ ပြောပါတယ်။

"အခုလောလောဆယ်တော့ ကျွန်တော်တို့ကို ပိုက်ဆံမပေးသေးဘူး။ ဒါပေမဲ့ပြန်ရင်တော့ ပေးမယ်လို့ ပြောတယ်။ ကျွန်တော်က ဆိုက်ကားနင်းတာ ဆိုက်ကားဂိတ်မှာ လာခေါ်တယ် ။ လောလောဆယ် ဆိုက်ကားကလည်း တစ်နေ့လုံးနေမှ တစ်ထောင်ပဲရတယ်။ အဲ့တော့ ကျွန်တော်က စားဖို့ အခက်အခဲဖြစ်တော့ ကျွန်တော့် မိသားစုလေး ကျွန်တော်က ကလေးခြောက်ယောက်နဲ့ မိန်းမနဲ့ဆိုတော့ ကျွန်တော်လိုက်လာမိတယ်။ ပြန်လာရင်တော့ သူတို့က ကျွန်တော်တို့ကို ပေးမယ်လို့ပြောတယ်။ အခုလိုဖြစ်မယ်လို့ မထင်ဘူး။ ပြေပြေလည်လည် ဖြစ်မယ်ထင်ပြီး ကျွန်တော်လိုက်လာမိ့တာ...." လို့ပြောပါတယ်။

ဒီလိုလူမျိုးတွေကို နယ်အနှံ့မှာ အများအပြားဖမ်းမိနေ၊ ဖမ်းမိဆဲဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ ဒီလိုလူတွေကို ဘယ်လိုဆက်ပြီး ထိန်းသိမ်း စောင့်ရှောက်မလဲဆိုတာ အချင်းချင်းတိုင်ပင်ဆွေးနွေးနေကြသလို အခုလို စစ်တပ်ဘက်က ပြုလုပ်လာတဲ့ မသမာတဲ့ နည်းလမ်းတွေကို ကမ္ဘာကို ချပြနိုင်ဖို့ ကြိုးစားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။