တစ်နှစ်ပြည့်တဲ့အထိ ဖားကန့်မှာ အင်တာနက် ဖြတ်တောက်ခံထားရဆဲ

2022.08.19
တစ်နှစ်ပြည့်တဲ့အထိ ဖားကန့်မှာ အင်တာနက် ဖြတ်တောက်ခံထားရဆဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်
Photo: CJ

ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အားအကောင်းဆုံး မြို့နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက မြို့ပြလူထုသပိတ်တွေ အင်နဲ့ အားနဲ့ စတင်ခဲ့ပြီး အခုချိန်ထက် ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

ဖားကန့်ဟာ ရွှေနဲ့ ကျောက်စိမ်း အထွက်များတဲ့ ထူးခြားတဲ့ မြို့နယ်ဖြစ်တာကြောင့် တရား မဝင် ကျောက်တူးမှု၊ ရွှေတူးဖော်မှုနဲ့ မြန်မာတစ်နိုင်ငံလုံးက ရောက်လာတဲ့ ရွှေ့ပြောင်းလုပ် သားတွေနဲ့ ရှုပ်ထွေးလှတဲ့ မြို့လည်းဖြစ်ပါတယ်။

"ဖားကန့်လူထုရဲ့ လှုပ်ရှားမှုကို ကြောက်ရွံ့တာကြောင့်လည်း ဖြစ်နိုင်တယ်"

ဒီမြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက MPT၊ Telenor၊ Mytel၊ Ooredoo စတဲ့ မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာမို့ မနက်ဖြန် ဩဂုတ်လ ၂၀ ရက်နေ့မှာ တစ်နှစ်ပြည့်လာပါပြီ။

ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတာကြောင့် ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အောက်ပိုင်းကပို့တဲ့ ဆန်၊ ဆီ၊ ရိက္ခာတွေရောက်မှ ဖားကန့်ဆိုတာ စားရတာဆိုတော့ တချို့ဂိတ်တွေက ဆန်တို့၊ ရိက္ခာတို့၊ လာရောင်းတဲ့ မီးသွေးကားကအစ ပိတ်ပင်တာတွေ ရှိတယ်။ ပိတ်ပင်တာတွေရှိတော့ ကျနော်တို့ ပြည်သူတော်တော်များများက စားဝတ်နေ ရေး အခက်အခဲဖြစ်သွားတယ်။ ပိုက်ဆံရှိလည်း ဝယ်စားလို့ မရဘူးလေ။ ညဆို သူတို့က ကင်းပတ်တယ်၊ စစ်ကြောင်းထိုးတာရှိတယ်၊ သူတို့မထင်တဲ့ အိမ်ဆိုရင် တချို့အိမ်တွေဆို ဝင်ဖမ်းတယ် PDF ဆိုပြီး ဝင်ဖမ်းတယ်။ PDF ထောက်ပံ့တာတွေဆိုပြီးတော့လည်း ဝင် ရောက်စွပ်စွဲ ဖမ်းတာတွေလည်းရှိတယ်”

အခုလို နည်းပညာခေတ်ကြီးမှာ ဖားကန့်တစ်မြို့လုံး အင်တာနက် ဖြတ်တောက်ခံထားရတဲ့ အတွက် တခြားမြို့တွေမှာ ဘာဖြစ်နေသလဲ၊ တစ်နိုင်ငံလုံးမှာ ဘာဖြစ်နေသလဲဆိုတာကို ချက်ချင်းမသိနိုင်ဘဲ သတင်းသိပိုင်ခွင့် ဆုံးရှုံးတယ်၊ အင်တာနက်အသုံးပြုပြီး လုပ်ရတဲ့ လုပ်ငန်းအားလုံးလည်း ထိခိုက်နစ်နာတယ်လို့ သူက ဆိုပါတယ်။

ဖားကန့်မြို့နယ်ကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားတာဟာ လူထုသပိတ် တွေကို ထိန်းချုပ်ဖို့နဲ့ ကျောက်စိမ်းတွေကို အလွန်အကျွံ တူးဖော်ဖို့အတွက် ပိတ်လိုက်တာ ဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

“နှစ်ချက်ပေါ့ဗျာ၊ တစ်ချက် တော်လှန်ရေးကာလနဲ့ သက်ဆိုင်တယ်။ တော်လှန်ရေးမှာ ဖားကန့်က ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ ဆန္ဒပြပွဲတွေလည်း အခုချိန် အထိ ရှိနေဆဲပဲဖြစ်တယ်။ ဆိုတော့ ဖားကန့်လူထုရဲ့ လှုပ်ရှားမှုကို ကြောက်ရွံ့တာ ကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်တစ်ချက်က သယံဇာတ တူးဖော်မှုတွေကို ဒီ အချိန်မှာ လုပ်ချင်တယ်။ တိုင်းပြည်က မငြိမ်းချမ်း မတည်ငြိမ်ပေမယ့် သယံဇာတ တူးဖော်မှုကို ဆက်ပြီးလုပ်ချင်တယ်။ လုပ်တဲ့အခါမှာလည်းပဲ ဥပဒေနဲ့ ညီတာ၊ မညီတာ မစဉ်းဘဲ အချိန်ရရင် ရသလို အလျင်အမြန်ထုတ်ချင်တယ်။ ထုတ်ချင်တဲ့အခါမှာ အင်တာနက်ကို ဖြတ်တောက်လိုက်တယ်လို့ မြင်ပါတယ်”

ဖားကန့်မြို့ကို အင်တာနက် ဖြတ်တောက်လိုက်ပြီးတဲ့နောက် ဒေသခံတွေရဲ့ သတင်းသိ ပိုင်ခွင့် ဆုံးရှုံးနေတာတွေ၊ တရားမဝင် ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေတာတွေ ကြောင့် နောင်ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို စစ်ကောင်စီက တာဝန်ခံရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

အင်တာနက် ဖြတ်တောက်ခံထားရပေမယ့် ဖားကန့်မြို့ပေါ်မှာ အခုချိန်ထိ အာဏာရှင် ဆန့်ကျင်ရေး မြို့ပြသပိတ်တွေ ဆက်လုပ်နေသလို PDF၊ KIA ပူးပေါင်းတပ်တွေနဲ့ စစ် ကောင်စီတပ်အကြား တိုက်ပွဲတွေလည်း ပြင်းထန်လာပါတယ်။

ဩဂုတ်လ ၉ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း တစ်ခုကို ကေအိုင်အေ၊ PDF တွေက ပူးပေါင်းတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီ တပ်က ဆယ်ဇင်းရွာကို လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး လက်တုံ့ပြန်ခဲ့ တာကြောင့် အရပ်သား ၂၀ နီးပါး သေဆုံးပြီး၊ လူဦးရေ ၃၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကချင်ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးကတော့ ဆယ်ဇင်း ရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးထိခိုက်စာရင်းကို လတ်တလော မပြောနိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီရေးကိုတော့ တတ်နိုင်သ လောက် ဆောင်ရွက်ပေးနေတယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့က RFA ကို ဖြေကြားထား ပါတယ်။

hpakant-internet.jpg
ဖားကန့်မှာ အင်တာနက်ဖြတ်တောက်ခံရခြင်း ငါးလပြည့်သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြည်သူတွေ ဆန္ဒပြစဥ် (Photo: CJ)

ဖားကန့်မြို့နယ် သပိတ်ဦးဆောင်ကော်မတီဝင် ကိုညီငယ်ထွေးကတော့ အင်တာနက်ဖြတ်ခံ ရပြီး သတင်းစီးဆင်းမှု အပိတ်ခံထားရပေမယ့် မြို့ပြသပိတ်ဆိုတာ အာဏာရှင်ဆန့်ကျင်ရေး မှာ မြို့ခံလူထုကို လှုံ့ဆော်နိုင်တဲ့ အားအကောင်းဆုံး လက်နက်ဖြစ်တာကြောင့် အခုချိန်ထိ ဆက်လက်လှုပ်ရှားနေတယ်လို့ RFA ကို ပြောပါတယ်။

“ဘာလို့ ဒီ သပိတ်တွေ အားကောင်းနေလဲဆိုရင် သပိတ်ဆိုတဲ့အရာက လူထုကြားကနေ ဖြစ်ပေါ်လာတာဖြစ်တယ်၊ ဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာ အားလုံးလည်း သိပြီးဖြစ် ပါလိမ့်မယ်။ ကျနော့်အနေနဲ့ အမြင်ကတော့ သပိတ်တွေကို ဒီထက်ပိုပြီး အန္တရာယ်ကင်း ကင်းနဲ့ လှုပ်ရှားစေချင်တယ်။ ဒီထက်ပိုပြီး အားကောင်းစေချင်တယ်။ ဘာလို့ဆို သပိတ် တွေဟာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေတဲ့ဘက်မှာရော အကျိုးသက်ရောက်မှု ရှိတယ်။ ဘာလို့ဆို လက်နက်ကိုင်တော်လှန်ရေးအတွက် အဓိက လိုအပ်တာက ထောက် ပို့အင်အားဖြစ်တယ်။ ဒါကြောင့်မို့ သပိတ်တွေရှိမှသာ မြို့နေလူထုက သွေးအေးသွားခြင်း မရှိဘဲနဲ့ သပိတ်ဆိုတာမျိုးက လူထုရဲ့ တက်ကြွစိတ်ကို လှုံ့ဆော်ပေးတဲ့ လက်နက်တစ်ခု ဖြစ်တယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ဖားကန့်တစ်မြို့နယ်လုံးမှာ လူ ၅၁ ဦးအထိ အဖမ်း ခံခဲ့ရပြီး အဲဒီအထဲက ၃၂ ဦးဟာ ကချင်ပြည်နယ်ထဲက အကျဉ်းထောင်တွေမှာ အခုချိန်ထိ အကျဉ်းချခံထားရဆဲဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။