ချင်း၊ ကယား၊ မကွေးနဲ့ စစ်ကိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အားကောင်းလာ

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ကိစ္စတွေကို ၉၀ ရာခိုင်နှုန်း ကျော်လောက်အထိ စီမံခန့်ခွဲနိုင်နေပြီလို့ အဖွဲ့တာဝန်ရှိသူတွေ က ပြောပါတယ်။
မကွေးနဲ့ စစ်ကိုင်းတိုင်းလို ဒေသတွေမှာလည်း မြို့ပေါ်နေရာအချို့ကလွဲရင် ကျေးရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပိုအားကောင်းလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး သုံးပတ်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မြို့နယ်၊ ကျေးရွာတိုင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ ကြေညာခဲ့ပါတယ်။
ဒါကြောင့် တစ်နိုင်ငံလုံးက မြို့နယ်တိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီလိုလားတဲ့လူငယ်တွေ၊ ရပ်မိ ရပ်ဖတွေပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို အသီးသီးဖွဲ့စည်းခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ လက်နက်ကိုင်ခုခံမှုတွေ အရှိန်မြင့်တက်လာပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာကစလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ လည်း ပိုအားကောင်းလာတယ်လို့ အဖွဲ့တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အခု ၂၀၂၂ နှစ်ဆန်းပိုင်းမှာတော့ မြို့နဲ့နီးတဲ့ ၄၊ ၅ မိုင်အထိ အုပ်ချုပ်ရေးယန္တရားကို ချဲ့ထွင်နိုင်ပြီလို့ မကွေးတိုင်းထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆောမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“ကျနော်တို့ကတော့ NUG အစိုးရနဲ့ပဲ ပူးပေါင်းပြီးလုပ်ဆောင်တဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားပေါ့။ CDM ဝန်ထမ်းတွေကို လတိုင်းမပြတ်ပေါ့လေ။ ပုံမှန်ချည်း မဟုတ်ရင် တောင် ရရင်ရသလို ကျနော်တို့ ရန်ပုံတွေရှာပြီး CDM တွေကို ထောက်ပံ့တယ်။ ကျနော်တို့မြို့နယ်မှာ စစ်ရှောင်တွေရှိတယ်။ အဲတော့ စစ်ရှောင်တွေကို လိုအပ်တဲ့ ဆေးဝါး ကုသမှုပေးနိုင်ရေးပေါ့။ စားနပ်ရိက္ခာပံ့ပိုးနိုင်ရေး အဲဒါတွေကို ကျနော်တို့ လုပ်တယ်။ ကျနော်တို့ ပညာရေးလည်း စာသင်ကြားမှု စတင်နိုင်နေပြီ။ ဆေးကုသ မှုလည်း ရွေ့လျားဆေးကုခန်းတွေ စနိုင်နေပြီ။ ကျန်းမာရေးတွေ ဆင်းနိုင်နေပြီ။ ပြောရမယ်ဆိုရင်တော့ မြို့ပေါ်တော့ ကျနော်တို့ မအုပ်စီးနိုင်ဘူး။ ဒါပေမဲ့ မြို့နဲ့ဝေးတဲ့ အနည်းဆုံး ၄ မိုင် ၅ မိုင်ပတ်လည်အထိကို ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းနိုင်ပြီ။ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့ကို အမှုအခင်း တိုင်ကြားတာတွေ ကွင်းဆင်းဖြေရှင်းရတာတွေလည်းရှိလာပြီ”
အခုနောက်ပိုင်းတော့ စစ်ကောင်စီထုတ်ကုန်တွေပိတ်တာ၊ CDM လုပ်ရမယ့်ရက် ကန့်သတ်တာ စတဲ့အုပ်ချုပ်ရေး ယန္တရားချဲ့ထွင်မှုတွေ ဆက်လက်လုပ်လာနိုင်ပြီလို့ သူက ဆိုပါတယ်။
လက်ရှိ ဆောမြို့နယ်ထဲက တိုက်နယ်သုံးခုမှာရှိတဲ့ ရွာပေါင်း ၁၁၀ ကျော်မှာ ရွာပေါင်း ၈၀ ကျော်အထိ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့နိုင်တဲ့ပုံစံနဲ့ နယ်မြေစိုးမိုးမှု ရယူထားနိုင်ပြီး ကျောင်း ပေါင်း ၂၀ ဖွင့်နိုင်သလို မိုဘိုင်းအဖွဲ့နဲ့ တစ်လအတွင်း ငါးကြိမ်ခန့် ကွင်းဆင်းဆေးကုသနိုင်ပြီ လို့ ပြောပါတယ်။
မကွေးတိုင်းထဲက ဂန့်ဂေါမြို့မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အားပြိုင် နေတဲ့ အနေအထားမှာပဲ ရှိသေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ ဆက်သွယ်ရေးတာဝန်ခံက RFA ကိုပြောပါတယ်။
“CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ကြပါလို့ ကြေညာကတည်းက ကျနော်တို့က စတင်ဖွဲ့စည်းခဲ့တယ်။ ၂၀၂၁ နိုဝင်ဘာ ၃ ရက်နေ့မှာ လုပ်ငန်းတာဝန် ၁၄ ခုနဲ့ ပြန်လည် ပြီးတော့ ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ပိုပြီးထိထိရောက်ရောက် လုပ်နိုင်ခဲ့တာတွေရှိပါတယ်။ ကျနော်တို့ ဂန့်ဂေါမြို့နယ်ထဲမှာတော့ စစ်တပ်က လက် လွှတ်လိုက်တဲ့ အနေအထားအထိတော့ နေရာဒေသမရှိသေးဘူး။ Power က အားပြိုင် နေတဲ့ အနေအထားလို့ပဲ ပြောရမှာပေါ့၊ စစ်တပ်လာတဲ့အချိန်မှာ ရှောင်နေရတာမျိုး တွေရှိတယ်။ တချို့လည်း ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိတယ်။ သူတို့ထွက်သွားတော့ ပြန်နေရာယူလိုက်တာပေါ့။ စစ်တပ်ကတော့ မြို့ပေါ်နဲ့ နယ်မြေစခန်းရှိတဲ့ နေရာ လောက်ပဲ သူတို့ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိတာပေါ့။ ကျန်တဲ့နေရာတွေ ကတော့ အားပြိုင်နေတဲ့ အနေအထားပေါ့”
CDM တွေကို ထောက်ပံ့တာ၊ မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ကို ကူညီတာနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေအပြင် ပညာရေးပိုင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို တစ်စိတ်တစ်ပိုင်း ကူညီနိုင်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ အတိုင်းအတာတစ်ခုအထိ အားကိုးတယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။
လက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာလုံခြုံရေးခေါင်းဆောင်၊ ကျန်းမာရေးတာဝန်ခံ၊ ပညာရေးတာဝန်ခံ၊ စစ်ရှောင်တွေကူညီနိုင်ဖို့ လူမှုကယ်ဆယ်ရေး တာဝန်ခံဆိုပြီး အနည်းဆုံး ကဏ္ဍငါးခုနဲ့ ဖွဲ့စည်းထားကြတာပါ။
NUG အစိုးရနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ရဲ့ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ကတော့ မင်းတပ်မြို့ပေါ်ကလွဲပြီး ကျန်တဲ့ရွာတွေမှာ အုပ်ချုပ်ရေး ချဲ့ထွင်လုပ်ကိုင် နေပြီလို့ အဖွဲ့ရဲ့အတွင်းရေးမှူးက RFA ကို ပြောပါတယ်။
“ကျနော်တို့ရဲ့ အုပ်ချုပ်မှုဧရိယာ သက်ရောက်မှုကတော့ ၉၅ ရာနှုန်းလောက်လို့ ပြောလို့ ရတာပေါ့။ မင်းတပ်မြို့က လွဲလို့ပေါ့။ ကျန်တဲ့ကျေးလက်ဒေသအားလုံးကိုတော့ အုပ် ချုပ်ရေးယန္တရားရောက်တဲ့ နယ်မြေအဖြစ် သတ်မှတ်လို့ရတယ်။ မင်းတပ်မြို့မှာတော့ စစ်ကောင်စီရဲ့ယန္တရားရှိတယ်။ သို့သော် တချို့ကိစ္စမျိုးတွေမှာ ကျနော်တို့ ဒီဘက်ကနေ စီမံခန့်ခွဲရတာမျိုးရှိတယ်။ ကျန်းမာရေးအတွက်ကလည်း ကုသရေးစင်တာတစ်ခုထား တယ်။ ကျန်တဲ့ဒေသတွေကိုလည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်တွေ ရောက်နိုင် အောင် ကျနော်တို့ ကြိုးစားနေတယ်။ ပညာရေးကလည်း အလားတူပေါ့။ တစ်မြို့နယ် လုံးနီးပါးအထိ ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်တယ်”
ဒေသခံကာကွယ်ရေးတပ်တွေရှိတဲ့ရွာတွေမှာ အမှုအခင်းဖြစ်ရင်တောင် စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ မလာရဲကြတော့ဘဲ ကိုယ့်ရပ်ကိုယ့်ရွာနဲ့ အဆင်ပြေအောင် ဖြေရှင်းနေကြရတာတွေလည်းရှိတာကြောင့် အခုလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရှိတာ တရားဥပဒေစိုးမှုရေးအတွက် အထောက်အကူဖြစ်တယ်လို့ မင်းတပ်မြို့နယ်ဒေသခံတွေက ပြောကြပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံနေရတာ ပိုပြီးလုံခြုံတယ်လို့ မင်းတပ်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မင်းတပ်အုပ်ချုပ်ရေးအဖွဲ့ကနေမှ အုပ်ချုပ်ရေးမူကြမ်းတွေ၊ တရားစီရင်ရေး၊ ကျန်းမာရေး အခန်းကဏ္ဍတွေရော စိုက်ပျိုးရေးအခန်းကဏ္ဍတွေရော လုပ်ဆောင် နေကြပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ မနေချင်လို့ ကျနော်တို့ဒေသမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပေါ်ပေါက်လာတာတော့ ကျနော်တို့ ဝမ်းသာပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ပြီးတော့ နေနေရတာ ကျနော်တို့အတွက် ပိုပြီးတော့ လုံခြုံတယ်လို့လည်း ခံစားရပါတယ်”
ချင်းပြည်နယ် ဒေသခံတွေဟာ အမှုကိစ္စပေါ်လာရင် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်တပ်ကို ဆက်သွယ်ဆောင်ရွက်ချင်စိတ် မရှိကြတော့ဘဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ကြောင့် ရွာထဲမှာ ဥပဒေမရှိ ရမ်းကားနေတာမျိုးတွေကိုလည်း တားဆီးနိုင်တာကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်လာတာကို နှစ်သက်တယ်လို့ မင်းတပ်မြို့နယ် ဒေသခံ တွေက ပြောကြပါတယ်။
"ပြည်သူ့အုပ်ချုပ်ရေးက လုံး၀ကို အားကောင်းတယ်။စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက မရှိတော့ဘူး။ မြို့ပြလောက်ပဲရှိတော့တာ"
စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း ပြည်သူ့အုပ်ချုပ်ရေးက အားကောင်းလာပြီး ရာခိုင်နှုန်း တော်တော်များများက PDF တွေ လက်ထဲရောက်လာပြီလို့ ယင်းမာပင်မြို့မှာ လှုပ်ရှားနေတဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြော ပါတယ်။
“လက်ရှိမှာက အောက်ခြေမှာ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားက မရှိတော့ဘူးလေ အကုန် လုံးက ပျက်သွားပြီ။ သူတို့ နဂိုကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဆိုတာက အကြမ်းဖက် စစ်ကောင်စီရဲ့လုပ်ရပ်ကို မကြိုက်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ နှုတ်ထွက်တာတွေ လည်း အများကြီးရှိတာပဲလေ။ ယင်းမာပင်မြို့နယ်ထဲမှာဆိုရင် ပြည်သူ့အုပ်ချုပ်ရေးက လုံး၀ကို အားကောင်းတယ်။ နောက်တစ်ခုက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက မရှိတော့ ဘူး။ မြို့ပြလောက်ပဲရှိတော့တာ။ ၉၅ ရာခိုင်နှုန်းတောင်ပြောမရဘူး ၉၉ ရာခိုင်နှုန်း လောက်က အားလုံး PDF လက်ထဲမှာပဲရှိတော့တာလေ။ ယင်းမာပင်ခရိုင်ထဲဆို လွတ်လပ်စွာကို သွားလို့ရတယ်လေ"
လက်ရှိ စစ်ကိုင်းတိုင်းထဲမှာ စာသင်ကျောင်းတွေ မကြာခင်ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း ကြိုးစားနေတယ်လို့ သူကဆိုပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲ ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက လုပ်ဆောင်တဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီနဲ့ ချိတ်ဆက်လုပ်ဆောင်နေကြတယ်လို့လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းထဲက ဒေသခံတွေက ပြောကြပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး NUG ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ချင်းပြည်နယ် ထန်တလန်မြို့မှာတော့ ဘယ်အဖွဲ့နဲ့မှ မချိတ်ဆက်ဘဲ လက်ရှိဖြစ်နေတဲ့ ဒေသအနေအထားအရကို ပြည်သူတွေအတွက် စီမံခန့်ခွဲမှုဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လက်ထဲကို ၉၅ ရာခိုင်နှုန်းလောက်အထိ ရောက်နေပြီလို့ ထန်တလန်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဆလိုင်းရော်မျိုးလျန် (Romeo Lian ) က ပြောပါတယ်။
“NLD အစိုးရနဲ့ ချိတ်ဆက်တာ ဘာမှမရှိဘူး။ အဓိကတော့ CDF က Organized (စီစဉ်မှု) လုပ်တယ်။ CDF စိုးမိုးနယ်မြေ ၅၁ ရွာမှာ မူလတန်းကနေ အလယ်တန်းအထိ ကျောင်း ဖွင့်နိုင်ပြီ။ ၉၅ ရာခိုင်နှုန်းတော့ စိုးမိုးနိုင်တယ်လို့ ကျနော်တို့ပြောလို့ရတယ်။ ဘာလို့လဲ ဆိုတော့ အခုကြည့်မယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေးက ရွာပေါင်း ၅၁ ရွာမှာ ရပ်ရွာဥက္ကဋ္ဌ ပေါ့နော် အကုန်လုံး ရွေးကောက်ပွဲလုပ်ပြီးမှ ရွေးနိုင်တယ်။ ပြီးရင် ဆေးခန်းက ငါးခု ဆေးရုံကြီးက နှစ်ခုပေါ့။ အဲဒါကိုကြည့်မယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အသင့်အတင့် ပြည်သူက ရနေပြီပေါ့”
ထန်တလန်မြို့နယ်ထဲက ရွာပေါင်း ၈၀ ကျော်မှာ လက်ရှိ ၅၁ ရွာအထိ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့စည်းထားနိုင်ပြီး ကျန်တဲ့ရွာပေါင်း ၃၀ ကျော်မှာလည်း မကြာခင် စတင်လုပ် ဆောင်လာနိုင်တော့မယ်လို့ သူက ဆိုပါတယ်။
ကယားပြည်နယ်မှာလည်း မြို့နယ် ၇ ခုရှိတဲ့အနက် လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အနည်း ငယ်လောက်နဲ့ တိုက်ပွဲမရှိတဲ့ ဘောလခဲမြို့နယ်လောက်ကိုသာ စစ်ကောင်စီက အုပ်ချုပ် ထားနိုင်ပြီး ကျန်မြို့နယ်အားလုံးလိုလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လက်ထဲရောက်နေ ပြီလို့ KNDF ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“ဘောလခဲ၊ လွိုင်ကော်နည်းနည်းကလွဲရင် ကျန်တဲ့ဟာတွေအားလုံးက ပြည်သူ့ ကာကွယ်ရေးတပ် ဒါမှမဟုတ် လူထုကိုယ်တိုင်ပဲ အုပ်ချုပ်ရေးယန္တရားတွေလုပ်နေ ကြတာ။ ဆိုတော့ ကျနော်တို့ ရာခိုင်နှုန်းနဲ့ တွက်တဲ့အခါတော့ ၉၀ ရာခိုင်နှုန်းဆိုတာ ရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူထုကိုယ်တိုင်က အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်တယ်။ လူထုကိုယ်တိုင်က ဆေးပေးခန်းတွေလုပ်တယ်။ လူထုကိုယ်တိုင်က ပညာရေးတွေလုပ်တယ်။ လူထုကိုယ်တိုင်က နယ်မြေတည်ငြိမ်အေးချမ်းရေးကို လုပ်တဲ့အတွက် ကျနော်တို့ ပြောနိုင်တဲ့အချက်တွေပါပဲ”
ကယားပြည်နယ်က တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးရတဲ့ ကျေးရွာတွေကလွဲပြီး ကျန်တဲ့ရွာပေါင်း ၄၀၀ လောက်မှာ ဆေးပေးခန်းနဲ့ စာသင်ကျောင်းအပါအဝင် ကိုယ်ထူ ကိုယ်ထ စီမံအုပ်ချုပ်မှုနဲ့ လည်ပတ်နေနိုင်ပြီလို့ သူကဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အနေနဲ့ CDM လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၂၅၀ နဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်နယ် လုံခြုံရေး စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။
အခုလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အုပ်ချုပ်ရေးယန္တရား ပိုချဲ့ထွင်လာနိုင်တာဟာ PDF အဖွဲ့တွေ ပိုအားကောင်းလာပြီး မကြာခဏ တိုက်ခိုက်ခံနေရတဲ့မြို့နယ်တွေကို စစ်ကောင်စီ ဘက်က အရင်လို လူနည်းနည်းနဲ့ လာမတိုက်ရဲတော့ဘဲ စစ်ကြောင်းထိုးတာလောက်ပဲ လုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီဘက်ကလည်း အုပ်ချုပ်ရေးပျက်ပြားနေတဲ့ မြို့နယ်ကျေးရွာတွေကို အရ ပြန်ယူဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတာကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဘယ်လောက် အထိ ဆက်လက် အားကောင်းလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့ သူတို့ရဲ့စီမံခန့်ခွဲမှု မြို့နယ်တိုင်းမှာအသက်ဝင်လာဖို့ ဆိုတာဟာ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ တရားမျှတမှုကို ပြည်သူတွေ ဘယ်လောက်လို ချင်သလဲ၊ ဘယ်လောက် ယုံကြည်အားကိုးသလဲဆိုတဲ့ပေါ် မူတည်တယ်လို့ ပြောဆိုထား ပါတယ်။