မြန်မာ့အရေးမှာ တရုတ် ဝင်ရောက်စွက်ဖက်မှု ပိုထင်ရှားလာ
2023.04.28

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေ နေပြည်တော်ကို မကြာခဏ လာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ အကျပ်အတည်း ဆိုက်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ လွှမ်းမိုးခြယ်လှယ်မှုနဲ့ အရေးပါမှုကို ပြသတာဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေး ညွှန်ချုပ် Peng Xiubin ဟာ ဧပြီလ ၁၆ ရက်နေ့က နေပြည်တော်ကို ရောက်လာပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန် တို့ကို တိတ်တဆိတ် တွေ့ဆုံခဲ့ပါတယ်။
Peng Xiubin နဲ့ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ တွေ့ဆုံမှုအပြီးမှာပဲ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ သုံးဦးတွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီမတိုင်ခင် အခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လထဲမှာလည်း တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း နေပြည်တော်ကို နှစ်ကြိမ် ရောက်လာပြီး လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဖေဖော်ဝါရီ တွေ့ဆုံမှုမတိုင်ခင် ၂၀၂၂ ဒီဇင်ဘာလထဲမှာတော့ တရုတ်အထူးကိုယ်စားလှယ်ဟာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ယူနန်ပြည်နယ်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ဒါဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ထောက်ပံ့ကူညီမယ့် အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ကို အတည်ပြုပြီးနောက် မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကျမသွားအောင် တရုတ်က ကြိုးစားနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦး RFA ကိုပြောပါတယ်။
"တရုတ်ကတော့ သူ့ပုံစံကတော့ စစ်ကောင်စီဘက်ကို ပိုယိမ်းလာတယ်။ အဓိကတော့ အမေရိကန်ရဲ့ NDAA နဲ့ Burma Act ကို သူတို့ စိုးရိမ်ပုံရတယ်။ သူ့ရဲ့ဩဇာ ကျမသွားဖို့အတွက် လုပ်တယ်လို့ မြင်တယ်"
အမေရိကန်ရဲ့ NDAA ဥပဒေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေအပါအဝင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသူတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်ခြင်းမရှိတဲ့ အရာတွေ ထောက်ပံ့ကူညီပေးဖို့ ပါဝင်ပါတယ်။
စစ်တပ်ကအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ကမ္ဘာကြီးမှာ အမေရိကန် တစ်နိုင်ငံတည်း ဩဇာလွှမ်းမိုးနေတာမျိုး မဖြစ်အောင် တရုတ်က ထိန်းညှိထားတာကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်ဆက်ဆံရေးကလည်း ပိုနီးကပ်ဖို့ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။
"လက်ရှိမှာ ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းက ကမ္ဘာကြီးကို ဩဇာပေးနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ကမ္ဘာ့နိုင်ငံရေးမှာ ဩဇာရှိတဲ့ နိုင်ငံတွေ အပြိုင်ထွက်ပေါ်လာတယ်။ ပြီးတော့ နိုင်ငံတွေ ပူးပေါင်းထားတဲ့ အဖွဲ့တွေ အများကြီး ပေါ်လာတော့ ဒီလိုအပြောင်းအလဲတွေကြားမှာ သိပ်ကို နယ်နိမိတ်ရှည်လျား ထိစပ်နေတဲ့ မြန်မာနဲ့ တရုတ်ကလည်း ပိုပြီးတော့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာတယ်။ အဓိက အချက်ကတော့ အဲဒါပါပဲ၊ အဲဒီအချက်ပေါ် မူတည်ပြီးတော့ တရုတ်-မြန်မာ ဆက်ဆံရေးက သွားနေမှာပါပဲ"
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေ နေပြည်တော်ကို မကြာခဏ လာရောက်မှုနဲ့ လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် တရုတ်အစိုးရရဲ့ သဘောထားသိနိုင်ဖို့ ရန်ကုန်ရှိ တရုတ်သံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မတ်လ ၁၇ ရက် ဘေဂျင်းမှာလုပ်တဲ့ တရုတ်အစိုးရရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin က မြန်မာဟာ တရုတ်ရဲ့ အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ မြန်မာနိုင်ငံက သဘောထားကွဲနေတဲ့ အုပ်စုတွေ အကြား ဆွေးနွေးညှိနှိုင်းမှုကတစ်ဆင့် သင့်တော်တဲ့ အဖြေတစ်ခုကို ရှာနိုင်မယ်လို့ တရုတ်အစိုးရက မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
တရုတ်အနေနဲ့ မြန်မာပြည်ငြိမ်းချမ်းမှ သူ့အကျိုးစီးပွား အကောင်အထည်ဖော်လို့ရမှာမို့ တရုတ်အစိုးရက မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်တဲ့ဆန္ဒ ရှိပုံရပါတယ်လို့ တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
"သူတို့နိုင်ငံအကျိုးစီးပွားပေါ်က ဖြေရှင်းတာပဲလေ။ တရုတ်အနေနဲ့က ဗမာပြည်ကြီး ငြိမ်းချမ်းမှသာလျှင် ဗမာပြည်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ၊ သူ့ရဲ့ စီမံကိန်းဖြစ်တဲ့ ပိုးလမ်းမကြီးတွေ၊ ကျောက်ဖြူတို့ ဘာတို့ ဆက်ပြီးလုပ်လို့ ဖြစ်မှာကိုး။ တရုတ်က ဗမာပြည် ငြိမ်းချမ်းစေချင်တယ်ဆိုတာ သူ့အကျိုးစီးပွား အခြေခံပေါ်ကနေ ငြိမ်းချမ်းစေချင်တာပါ"
တရုတ်အစိုးရရဲ့ စွမ်းဆောင်မှုကြောင့် တရုတ် - မြန်မာနယ်စပ် တစ်လျှောက်မှာတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေကို ပိုပြီး လုပ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်အစိုးရရဲ့ စီမံကိန်းကြီးတွေဖြစ်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်း၊ ဧရာဝတီတိုင်းမှာ မီးလင်းချိုင် စွမ်းအင်စီမံကိန်း၊ စစ်ကိုင်းမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တို့လို စီမံကိန်းကြီးတွေ ရှိနေပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ တရုတ်နဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေအရ တရုတ်က အကောင်အထည်ဖော်မယ့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်း ၃၅ ခု ရှိနေပြီး၊ အဲဒီအထဲမှာ ရထားလမ်း၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်းနဲ့ မြို့သစ်စီမံကိန်းကြီးတွေ ပါဝင်ပါတယ်။
စစ်ကောင်စီနဲ့ တရုတ်ဆက်ဆံရေးဟာ တရုတ်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားသက်သက် ပဲလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
"ဗမာပြည်မှာရှိနေတဲ့ သူတို့ အကျိုးစီးပွားကို ဆက်လက်ထိန်းသိမ်းဖို့၊ ဗမာပြည်မှာ ရှိနေတဲ့ အာဏာရထားသူနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အကျိုးစီးပွားကို တိုးချဲ့ဖို့၊ အထူးသဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းလုပ်ငန်းနဲ့ အိန္ဒိယသမုဒ္ဒရာထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်ရဲ့မဟာဗျူဟာ အကျိုးစီးပွားအတွက် လုပ်နေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်"
တရုတ်ဟာ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ PDF တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား မပူးပေါင်းသွားအောင် တရုတ်က ကြားဝင်စွက်ဖက်နေတာလို့လည်း ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကို တရုတ်ရဲ့ အကျိုးစီးပွားအတွက် အသုံးချနေတာဖြစ်ပြီး တရုတ်ရဲ့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် မူဝါဒဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
"တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေနဲ့ကတော့ NUG အစိုးရနဲ့ ပြည်သူလူထုတွေရဲ့ နွေဦးတော်လှန်ရေးအောင်မြင်ခြင်းသည်သာ မြန်မာပြည်တည်ငြိမ်ဖို့အတွက်ကို အာမခံချက်ပေးနိုင်မယ်ဆိုတာ သိရှိနားလည်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"
စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ တော်လှန်ရေး အောင်မြင်မှသာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုကို အာမခံနိုင်မယ်၊ တရုတ်ရဲ့ စီးပွားရေး စီမံကိန်းကြီးတွေလည်း အောင်မြင်နိုင်မယ်ဆိုတာကို တရုတ်အစိုးရ သဘောပေါက်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော် က သတိပေးပါတယ်။
"တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေနဲ့ကတော့ NUG အစိုးရနဲ့ ပြည်သူလူထုတွေရဲ့ နွေဦးတော်လှန်ရေး အောင်မြင်ခြင်းသည်သာ မြန်မာပြည် တည်ငြိမ်ဖို့အတွက်ကို အာမခံချက် ပေးနိုင်မယ်ဆိုတာ သိရှိနားလည်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီ ရှိနေသရွေ့ မြန်မာနိုင်ငံက ငြိမ်းချမ်းမှာ မဟုတ်ဘူး။ အကြမ်းဖက်မှုတွေပဲ သူတို့လုပ်မယ်၊ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်မယ်၊ မြန်မာနိုင်ငံ မတည်ငြိမ်အောင်အတွက် သူတို့ (စစ်ကောင်စီ) လုပ်နေတာပါ"
မြန်မာနိုင်ငံ တည်ငြိမ်မှုမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်နေရင် အိမ်နီးချင်းနိုင်ငံတွေ ရဲ့ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်မှု၊ လုံခြုံမှုနဲ့ စီးပွားရေးကိစ္စတွေ မအောင်မြင်နိုင်ဘူးလို့လည်း ဦးကျော်ဇော်က ပြောပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဧပြီ ၂၈ ရက် မနေ့က ထုတ်ပြန်ချက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI ) ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်းစွာ မှတ်သားထားပါကြောင်းနဲ့ တရုတ်အစိုးရရဲ့ ကမ္ဘာ့လုံခြုံရေး ပိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံက ချီးကျူးဂုဏ်ပြုပါကြောင်း ဖော်ပြထားပါတယ်။