ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အလွတ်သဘောတွေ့ဆုံပွဲ
2018.11.14

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU၊ RCSS/SSA တို့ မကြာခင် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံကြဖို့ အစိုးရဖက်က ကမ်းလှမ်းထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အလွတ်သဘောတွေ့ဆုံပွဲ
(ကျော်သူ)
■ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တို့ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံဖို့ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေ မယ့်လည်း နှစ်ဖက်ခေါင်းဆောင်တွေကတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
မကြာသေးခင်ရက်ပိုင်းက KNU ကရင်အမျိုးသားအစည်းအရုံးအဖွဲ့က ငြိမ်းချမ်းရေးဖြစ်စဉ်အစည်း အဝေးပွဲတွေကို တက်ရောက်ဖို့ယာယီဆိုင်းငံ့ထားပြီး အလွတ်သဘောတွေ့ဆုံမှုတွေကနေ အဖြေရှာမယ်လို့ ကြေညာထားပါတယ်။
အခုလိုကိစ္စတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာသွားမလားဆိုတာကိုလည်း လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။
KNU နဲ့ RCSS/SSA အဖွဲ့တွေက အလွတ်သဘောဆွေးနွေးပွဲတွေကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် စတင်ဆွေးနွေးနိုင်ဖို့အတွက် အစိုးရဖက်က ကမ်းလှမ်းတာတွေလုပ်နေတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။
အစိုးရနဲ့ အလွတ်သဘောအနေနဲ့သာ တွေ့နိုင်မှာဖြစ်ပြီး ဘယ်လိုတွေ့ဖြစ်မလဲဆိုတာ နည်းလမ်းရှာနေတယ်လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။
"ကျနော်တို့ သူတို့နဲ့ချိတ်ဆက်နေပါတယ်။ လောလောဆယ်တော့လေ ဒီအစည်းအဝေးအကြောင်း ဘာညာ မပြောသေးဘူး။ တေ့ွပြီးသေချာမှပဲ ဘယ်လိုဘာညာက ပြောဖြစ်မယ်ထင်တယ်။ လောလောဆယ်ကတော့ တေ့ွမယ့်ကိစ္စနဲ့ပတ်သက်လို့ အဆင်သင့်အမြဲတမ်းရှိတယ်။ တေ့ွဖို့လည်း နည်းလမ်းမျိုးစုံနဲ့ လမ်းရှာတယ်။ အလွတ်သဘောနဲ့သွားမယ်။ အဲဒီလောက်ပဲ ကျနော်တို့ ပြောနိုင်သေးတာပေါ့နော်။ ကျနော့်အနေနဲ့တော့ ဘာမှမပြောချင်ဘူး"
RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့ကလည်း ပြည်ထောင်စုကနေ ခွဲမထွက်ရေး ဆိုတဲ့ အစိုးရခေါင်းဆောင်တွေဖက်က ပြောဆိုချက်အပေါ် ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒ မပါဘဲ လက်မခံနိုင် ဘူးဆိုပြီးတော့လည်း ကြေညာချက်ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအတွင်း လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်း KNU အဖွဲ့အတွင်းမှာလည်း အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သလို RCSS/SSA ကလည်း ဗဟိုကော်မတီအဆင့် အစည်းအဝေးတွေ ကျင်းပပြီးမှသာ JMC အဆင့်အစည်းအဝေးတွေကို တက်ရောက်မယ်လို့ ကြေညာ ထားပါတယ်။
ငြိမ်းချမ်းရေးအတွက်ဆိုရင်တော့ အဲဒီနှစ်ဖွဲ့စလုံးအနေနဲ့ အလွတ်သဘောတွေ့ကြမှာပါလို့ မွန်ပြည်သစ် ပါတီခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
"ကျနော် အဲဒီအစီအစဉ်တောင် မကြားရသေးဘူး။ အလွတ်သဘော နည်းလမ်းရှာမယ်ဆို တေ့ွမှာပါ။ အလုပ်ဖြစ်နိုင်ဖို့ပေါ့ဗျာ။ အခု KNU တို့ဘာတို့လည်း အလွတ်သဘောအနေနဲ့ တေ့ွမှာပါ။ ဒါကနည်းလမ်းတော့ ရှာရမှာပါ။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို လိုချင်ရင်တော့ တဖက်ကလည်း ဖြစ်နိုင်တဲ့နည်းလမ်းပေါ့ဗျာ။ စိတ်လည်းရှည်ရမယ်။ သည်းခံပြီးတော့မှ အလုပ်ဖြစ်နိုင်တဲ့နည်းကို ကြိုးစားရမှာပေ့ါဗျာ"
အလွတ်သဘောတွေ့ဆုံခြင်းကနေ ငြိမ်းချမ်းရေးအတွက် အခက်အခဲတွေကျော်လွှားသွားနိုင်တာမို့ တွေ့ဆုံဖို့တော့ လိုအပ်တယ်လို့ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းကလည်း အခုလို မှတ်ချက်ပေးပါတယ်။
"အဓိကအားဖြင့် KNU နဲ့ RCSS တေ့ွဖို့ ဖြစ်မှာပါ။ ဒီငြိမ်းချမ်းရေးလမ်းကြောင်းမှာ ပိတ်ဆို့မှုတွေကနေ ကင်းလွတ်ဖို့ အရေးကြီးပါတယ်။ နှစ်ဦးနှစ်ဖက် နားလည်အောင် ရှင်းရတော့မှာပါ။ ဒီလမ်းကြောင်းက အကြောင်းမျိုးစုံနဲ့ ပိတ်ဆို့လာတဲ့ လက္ခဏာတွေလို့ ကျမ သုံးသပ်တယ်။ ဒီလိုဖြစ်လာတယ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ မကောင်းဘူး။ အဲဒါကြောင့်ပိတ်ဆို့တယ်ဆိုရင် ချေဖျက်နိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုရှိမလဲ။ အလွတ်သဘောနဲ့ တေ့ွဆုံညှိနှိုင်းခြင်းကလည်း ကောင်းတဲ့နည်းလမ်းတွေ ရရှိသွားနိုင်ပါတယ်"
KNU နဲ့ RCSS/SSA အဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်လမ်းကြောင်းမှာ ပြန်လည်ပါဝင်လာနိုင်ရေးကို လိုလားနေကြပြီး အတားအဆီးအခက်အခဲတွေကိုလည်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ ညင်သာတဲ့နည်းလမ်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်ခင်ဗျာ။