စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ PDF တချို့ရှိလာ
2023.05.30

၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့နယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့အဖွဲ့နှစ်ခုဖြစ်တဲ့ Defense Team Pakokku၊ Earthquake Defense Force အဖွဲ့က လူရှစ်ဦးဟာ လက်နက်လေးလက်နဲ့ ငွေကျပ် သိန်း ၂၄၀၀ ယူဆောင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားကြတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေး အချိန်ကြာလာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေမှာ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်းအားနည်းသူတွေ ပဲ့ထွက်တာတွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။
"တော်လှန်ရေးအချိန်တစ်ခု ရောက်လာတဲ့အချိန်မှာတော့ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်း အားနည်းသူတွေ ပဲ့ထွက်တဲ့ ကိစ္စမျိုးတွေကလည်း ဖြစ်လာနိုင်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပိုပြီးတော့ ဒီစိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်း ကောင်းတဲ့ ရဲဘော်တွေ ဖြစ်လာအောင် ကြိုးပမ်းသွားမှာ ဖြစ်သလို အဆိုးထဲက အကောင်းတစ်ခုကတော့ တော်လှန်ရေးဟာ ပိုပြီးတော့ ကျစ်ကျစ်လစ်လစ် အားကောင်းကောင်းနဲ့ ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်"
တော်လှန်ရေးအင်အားစုတွေဆီက ထွက်ခွာသူတွေရဲ့ အရေအတွက်နဲ့ စစ်ကောင်စီဘက်က ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အင်အားဟာ အမြောက်အမြားကွာဟနေတာဖြစ်ပြီး စစ်ကောင်စီရဲ့လုပ်ကြံသတင်းတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဆီမှာ စစ်သင်တန်းတက်ရောက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာတွေလည်း ရှိနေကြောင်း၊ ဒါဟာ စစ်ကောင်စီဘက်က လုပ်ကြံသတင်းထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ KIA/ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"တော်လှန်ရေး အချိန်ကာလကြာရှည်လို့ ရှိရင်တော့ ရန်သူဘက်ကို ပါသွားတာလည်း ဖြစ်နိုင်တယ်။ အဲဒီဘက်မပါရင်လည်း ကိုယ့်ဟာကိုယ် အိမ်ပြန်သွားတာတွေလည်း ပါနိုင်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ KIO/ KIA အဖွဲ့အစည်းမှာသာ မကဘူး ဘယ်အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် ရောက်လာတဲ့ ရဲဘော်ရဲဘက်တွေကလည်း တကယ့်စိတ်ဝင်စားစွာနဲ့ အဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်ပြီးမှ ရောက်လာတဲ့ဟာလည်း မဟုတ်တဲ့ဟာတွေလည်း အများကြီးပါတာပေါ့။ ရန်သူရဲ့လူ ဒလန်သူလျှို အနေနဲ့ ထည့်လိုက်တဲ့လူတွေလည်း ပါတာပေါ့။ အဲဒါကတော့ ရှိမှာပါ။ စိစစ်ပြီးမှ သုံးဖို့ပဲအဓိကဖြစ်တယ်လို့ သုံးသပ်ပါတယ်"
အခုလိုတော်လှန်ရေး အင်အားစုတွေ စစ်ကောင်စီနဲ့ပူးပေါင်းသွားတာမျိုးတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပိုမိုစုစည်းနိုင်အောင် ကြိုးစားအားထုတ်ဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။
"လက်ရှိတော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ဘက်က အီသွားနိုင်တယ်။ ကိုယ့်ဘက်က တန်းသွားနိုင်တယ်။ ကိုယ့်ဘက်ကို အားပေးနေတဲ့ ဘက်သားတွေ လျော့သွားနိုင်တာ သိရှိပြီးတော့ တစ်ချို့နေရာတွေမှာ အားအင်ချဲ့ထုတ်ပြီး ကစားတာမျိုး၊ ကိုယ်တစ်ယောက်တည်းနဲ့ လုပ်နေတဲ့နေရာမှာ နှစ်ယောက် သုံးယောက်နဲ့ လုပ်တာမျိုး လူထုအသံကို နားထောင်ပြီးတော့ လူထုကို ဘယ်လိုမျိုး စည်းရုံးခြင်း၊ လမ်းပြခြင်း လူထုရဲ့ယုံကြည်မှုကို ရနိုင်မယ့် ခေါင်းဆောင်မျိုးတွေပေါ့။ စစ်ရေးခေါင်းဆောင် အသီးသီးတွေ ရှိတယ်။ သူ့ဟာသူ ယုံကြည်ချက်ကြောင့် လုပ်နေတဲ့ ခေါင်းဆောင်အသီးအသီးရှိတယ်။ သူတို့နဲ့ ဘယ်လိုချိတ်ဆက်ဆက်စပ်ပြီးတော့ ကြီးမားတဲ့ network ကြီးတွေ တပ်ပေါင်းစုကြီးတွေ ဖြစ်အောင် NUG ခေါင်းဆောင်တွေ လမ်းကြောင်း သိမ်းသွင်းပြီးတော့ ဘယ်လိုမျိုး ကတိကဝတ် အာမခံချက်ပေးပြီးတော့ လောလောဆယ် ဖက်စစ်အာဏာရှင် အနှစ်ချုပ်ရေးကိုသာ ကျွန်တော်တို့ အရင်သွားကြပါမယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်မှ ဒီတော်လှန်ရေးအောင်မြင်မှာ ဖြစ်တယ်ဆိုတဲ့ ခေါင်းဆောင်မျိုးတွေကို နေရာပေးဖို့ ပိုပြီးတွန်း အားပေးဖို့လိုတယ်လို့ ကျွန်တော်တော့ ထင်တယ်"
စစ်ကောင်စီဟာ ဝါဒဖြန့်ချိနိုင်ဖို့အတွက် လုပ်ဆောင်တာတွေရှိကြောင်း၊ တော်လှန်ရေးစိတ် ခံယူချက်နည်းပါးတာကြောင့်နဲ့ NUG ရဲ့ လုပ်ဆောင်ချက်အပေါ် အားမလို အားမရဖြစ်တာတွေကြောင့် အခုလိုတော်လှန်ရေးကို စွန့်ခွာသွားတာ ဖြစ်နိုင်တယ်လို့ သူ့သုံးသပ်ချက်ကို ပြောပါတယ်။
အခုလိုတော်လှန်ရေးကို စွန့်ခွာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိလာတာဟာ အမျိုးသားရေးညီညွတ်ရေးအစိုးရ NUG ရဲ့ တော်လှန်ရေးကို ကြာရှည်အောင် လုပ်နေတာကြောင့် ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး NUG ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ငြင်းဆိုလိုက်ပါတယ်။
"NUG အနေနဲ့ကတော့ တော်လှန်ရေးကို ကြာအောင် ဘာအကြောင်းမှ မရှိဘူး။ ဒီလိုပဲ ကျွန်တော်ပြောချင်ပါတယ်။ တော်လှန်ရေးကို ကြာရှည်ချင်တဲ့လူ ရှိကောင်းရှိမှာပေါ့။ အဲဒီ NUG မဟုတ်ဘူးဗျ သေချာတယ် NUG က တော်လှန်ရေးကို အမြန်ဆုံးပြီးချင်တယ် NUG ရဲ့ ဝန်ကြီးတွေ NUG ထဲမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့သူတွေ အကုန်လုံး၊ ဒီလူတွေ အကုန်လုံးက တော်လှန်ရေးကို အမြန်ဆုံးပြီးချင်တဲ့ ဆန္ဒရှိတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်နေကြတယ်။ တော်လှန်ရေးကို ကြာရှည်စေလိုတဲ့ ဆန္ဒနဲ့ အချိန်ဆွဲတယ်ဆိုတဲ့ စွဲချက်တွေကတော့ NUG က လုံးဝငြင်းတယ်။ ဒီလိုကိစ္စမျိုး ကျွန်တော်တို့ လုံးဝမရှိဘူး ဘာမှလည်း တော်လှန်ရေးကို အချိန်စွဲထားစရာအကြောင်းလည်း မရှိဘူး။ ဒါကိုတော့ ကျွန်တော်တို့ အတိအလင်း ငြင်းဆိုပါတယ်"
မကွေးတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ လူထုတော်လှန်ရေ မဟာမိတ်အင်အားစု PRA မကွေးစစ်ဦးစီးချုပ် ကိုကျော်ကိုရှိန်းကတော့ ဒီလိုဘက်ပြောင်းသွားတာဟာ သစ္စာဖောက်မှုတစ်ခုသာဖြစ်ပြီး တခြားစွပ်စွဲပြောဆိုချက်တွေဟာ မမှန်ကန်ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့ တော်လှန်ရေးအစိုးရက အားနည်းကောင်းနည်းပါစေ။ ကျွန်တော်တို့တွေသည် ကိုယ့်အစိုးရ ကောင်းမွန်ဖို့အတွက် ကျွန်တော်တို့ ဝေဖန်ရမယ်။ တိုက်တွန်းတာတွေ လုပ်မယ်။ ဒီကြားထဲကပဲ ကျွန်တော်တို့တွေသည် ဖြစ်တဲ့နည်းနဲ့ပဲ အကောင်းဆုံး ရှင်သန်ရပ်တည်ပြီးတော့ ဒီတော်လှန်ရေးကို စဉ်ဆက်မပြတ် ပါဝင်နေရမယ် ဘယ်သူမကောင်းလို့ ဘယ်ဝါ မကောင်းလို့ ရန်ပုံငွေထောက်ပံ့မှု အားနည်းလို့ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့က စစ်ကောင်စီဘက်ကို ဘက်ပြောင်းသွားစရာ အကြောင်းမရှိဘူး ဒါဟာ အကြောင်းပြချက်ကောင်းလည်း မဟုတ်ဘူး သစ္စာဖောက်မှုတစ်ခုပဲ။ ဒါကိုတော့ ကျွန်တော်အဲ့ဒီလိုပဲ ပြောချင်တယ်။
တော်လှန်ရေး အင်အားစုတွေဆီကနေ စစ်ကောင်စီထံ ခိုလှုံလာသူတွေရဲ့ စာရင်းသိရှိနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီကတော့ PDF တွေအနေနဲ့ ရိုင်ဖယ်အုပ်စုဝင် တစ်လက်ပါမယ်ဆိုရင် ငွေကျပ် သိန်း ၅၀၊ ပစ္စတိုအုပ်စုဝင် တစ်လက်ပါရင် သိန်း ၂၀၊ စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီ စတဲ့လက်နက်တွေထဲက ပါမယ်ဆိုရင် ၇၅ သိန်း ဆိုပြီး ၂ဝ၂၃ ခုနှစ် မေလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။