လွတ်မြောက်နယ်မြေရောက်လူငယ်တွေရဲ့ ပညာရေးအိပ်မက်
2022.02.04
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ ဖမ်းဆီးခံရမဲ့အန္တရာယ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူငယ်တွေ နိုင်ငံအနှံ့မှာ ဒုနဲ့ဒေးရှိနေပါတယ်။ ဒီအထဲက လူငယ်လူရွယ်တချို့ဟာ မိဘနေအိမ်နဲ့အဝေး တောတောင်တွေထဲမှာ ပင်ပန်းဒုက္ခခံရင်း စစ်ပညာသင်တန်းတွေ တက်ပြီး အာဏာရှင်ကို တွန်းလှန်နိုင်ရေး တိုက်ပွဲဝင်နေကြပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့အတွက် ပညာသင်ကြားရမဲ့ ကျောင်းသားအရွယ် လူငယ်တွေ ပညာအခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရသလို ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ အားလုံးက စိတ်ပျက်အားငယ်သွားကြတာမျိုးမဟုတ်ဘဲ ရောက်တဲ့အရပ်မှာ ပညာလေ့လာသင်ယူရင်း အခက်အခဲတွေ ကျော်ဖြတ်နေတာ တွေ့ရပါတယ်။
စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် ချေမှုန်းနေတာကို လက်နက်အင်အား လူအင်အားနည်းပါးပေမယ့် လူငယ်တွေဟာ သူတို့ဖာသာ လက်နက်တွေတီထွင်ပြီး ခုခံတိုက်ပွဲဝင်နေကြတာတွေကိုလဲ တွေ့မြင်ရပါတယ်။
လွတ်မြောက်နယ်မြေကို ရောက်နေတဲ့ ကိုချေက သူတို့အခက်အခဲတွေ ဘယ်လိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ အဓိကက စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ထုတ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုချေဟာ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ သူ့ဘဝအတွက် ပညာရေးရည်မှန်းချက်တွေ အခုအချိန်မှာ ပျောက်ဆုံးနေပေမဲ့ တော်လှန်ရေးကြီးပြီးသွားရင် ပိုမိုကောင်းမွန်တဲ့ ပညာရေးကို ရယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။
ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုထောက်ကလည်း စစ်အာဏာ သိမ်းလိုက်တဲ့နောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထဲ ဝင်ရောက်ခဲ့သူပါ။ စစ်အာဏာရှင်ရဲ့ တပ်ဖွဲ့တွေကို ပြန်လည် ခုခံတိုက်ခိုက်နိုင်ဖို့ လက်နက်ပစ္စည်းတွေ ကိုယ်တိုင်ထုတ်လုပ်စမ်းသပ်ရတာတွေကို သူက ပြောပြပါတယ်။
ကိုထောက်ကလည်း တော်လှန်ရေးကြီးပြီး သွားရင်တော့ မပြီးဆုံးသေးတဲ့ပညာရေးကို ဆက်ပြီး သင်ယူလိုတယ်လို့ ပြောပါတယ်။
စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်မှသာ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက် လူငယ်တွေဟာ တော်လှန်ရေးမှာ ပါဝင်လာကြတာလို့ လွတ်မြောက်နယ်မြေတစ်နေရာက ကိုကိုအောင်ထက်နိုင်က ပြောပါတယ်။ သူ့အနေနဲ့လည်း တော်လှန်ရေးကြီးပြီးသွားရင် သူဝါသနာပါတဲ့ အဆင့်မြင့်ဗိသုကာပညာတွေကို သင်ယူလိုပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်လိုတယ်လို့ ပြောပါတယ်။
အာဏာရှင်အာဏာသိမ်းမှုကြောင့် ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေအတွက် ပညာရေးခါးဆက်မပြတ်အောင် အစီအစဉ်တွေ တဖက်တလမ်းက လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ smile Education ကို တည်ထောင်သူ ဒေါ်မေပုလဲသွယ်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပညာရေးအတွက် သူတို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
စစ်အာဏာရှင်ကြောင့် ဒီလို လွတ်မြောက်နယ်မြေကိုထွက်လာရတဲ့သူတွေထဲမှာ ပညာတပိုင်းတစနဲ့ သူတွေလည်း ပါဝင်သလို တချို့ ပညာပြီးပြည့်စုံပြီး အဲဒီပညာနဲ့ တိုင်းပြည်တိုးတက်ရေးအတွက် အသုံးချနိုင်ဖို့ ရည်ရွယ်ခဲ့သူတွေလဲ ပါဝင်ပါတယ်။
သူတို့အားလုံးရဲ့ တူညီတဲ့ မျှော်လင့်ချက်ကတော့ တော်လှန်ရေးကြီးပြီးသွားရင် သူတို့ရဲ့ပညာရေးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့နိုင်ဖို့ နဲ့ သူတို့တတ်ထားတဲ့ ပညာတွေနဲ့ တိုင်းပြည်ထူထောင်ရေးမှာ တတပ်တအားပါဝင်ရေးပဲ ဖြစ်တယ်လို့ လူငယ်တွေက ပြောကြပါတယ်။