PDF နဲ့ မီဒီယာတချို့ရဲ့တင်ပြမှု လုံခြုံရေးထိခိုက်နိုင်ဟု ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.01.19
PDF နဲ့ မီဒီယာတချို့ရဲ့တင်ပြမှု လုံခြုံရေးထိခိုက်နိုင်ဟု ပြောကြား JPDF တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။
Photo: JPDF

နွေဦးတော်လှန်ရေးကာလအတွင်း လှုပ်ရှားဖြစ်ပေါ်မှုတွေကို PDF တွေ ဒေသခံတွေနဲ့ လူမှုမီဒီယာတွေက တင်ပြနေရာမှာ တချို့အချက်အလက်တွေဟာ ပြည်သူတွေအတွက် အားတက်ဖွယ်ဖြစ်ပေမဲ့ တပြိုင်နက်မှာပဲ ပြည်သူလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ချေမှုန်းရာမှာ အထောက်အကူဖြစ်စေတယ်လို့ ဝေဖန်သူတချို့က ပြောပါတယ်။

PDF သင်တန်းပေးတဲ့နေရာတွေ၊ လက်နက်ထုတ်လုပ်ရာဒေသတွေ၊ ခိုလှုံရာစခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုတချို့ဟာ ဒေသခံ ဒလန်သူလျှိုတွေရဲ့ သတင်းပေးမှုအပြင် မိမိတို့ PDF တွေ၊ ဒေသခံတွေနဲ့ မီဒီယာတချို့ရဲ့ တင်ပြမှု ပယောဂတွေလည်း ပါဝင်တယ်လို့ တော်လှန်ရေးသမားတချို့က ဝေဖန်ပါတယ်။ တချို့ကလည်း ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ၊ တီထွင်ထုတ်လုပ်တဲ့ လက်နက်တွေ စသဖြင့် တင်ပြနေကြတာတွေဟာ လူ့သဘာဝအရ ဂုဏ်ယူဝင့်ကြွားချင်ကြတာဖြစ်ပေမဲ့ နစ်နာမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကိုင်းတိုင်းမှာ လှုပ်ရှားနေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

“နိုင်ငံခြားက ထုတ်တဲ့ မောင်းပြန်လက်နက်တွေ ဝယ်ယူ၊ ပြီးတော့ တိုက်ပွဲဝင်ဖို့ ခက်ခဲနေတဲ့ကာလမှာ ကိုယ်စွမ်းဉာဏ်စွမ်းလေးတွေ နဲ့ အားထုတ်လုပ်ထားတဲ့ လက်နက်တွေ အောင်မြင်လာတဲ့အခါမှာ တချို့တွေ ပြည်သူကို ချပြချင်တာတွေ ရှိတယ်။ ဒါက ပြည်သူတွေ စိတ်အားတက်ကြွစေဖို့ ရှိသလို တဖက်မှာလည်း အန္တရာယ်တွေ ရှိနိုင်တယ်။ ဒီလက်နက်တွေ အောင်မြင်တဲ့အကြောင်းကို စမ်းသပ်ပြတဲ့နေရာတွေမှာ စစ်ကောင်စီက ကြည့်ပြီး နောက်ကြောင်းတွေ လိုက်လာနိုင်တယ်။ တဖက်မှာလည်း ပြည်သူတွေရဲ့စိတ် ရဲဘော်တွေရဲ့ စိတ်ဓာတ်တွေ တက်ကြွစေပေမဲ့လို့ တဖက်မှာက အလွန်ဆိုးဝါးတဲ့ အန္တရာယ်တွေလည်း ရှိနိုင်တယ်။ အတတ်နိုင်ဆုံး လက်နက်ထုတ်လုပ်ရေးအပိုင်းတွေကို ကျနော်ကတော့ မပြစေချင်ဘူး။ ထုတ်လုပ်ထားတာကို ပြချင်တယ်ဆိုရင်တောင်မှ ဒီ စမ်းသပ်တဲ့ နေရာနဲ့တကွ ကျကျနနပြတာမျိုး မလုပ်စေချင်ဘူး။ လက်နက်ပုံစံလေးတွေ မြင်သာထင်သာရှိရုံလေးလောက်ပဲ ပြကြစေချင်တယ်။”

ကလေးမြို့နယ်က PDF ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဆွေကလည်း တော်လှန်ရေးသမားတချို့က မိမိတို့အနေနဲ့ မိသားစုတွေ ချစ်ခင်သူတွေ၊ ပညာရေးစီးပွားရေး ပိုင်ဆိုင်မှုတွေအားလုံးကို စွန့်လွှတ်ခဲ့ပြီးပြီဖြစ်တဲ့အတွက် ဘဝမှာ ဘာကိုမှမမှုတော့ဘူးဆိုပြီး ဖေ့ဘွတ်မှာ တင်ပြနေကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ကလေးမှာဆိုရင် ပျူစောထီးတွေက စစ်ကောင်စီဘက်က ဝင်ပြီးတိုက်နေပါတယ်။ သူတို့က နယ်မြေခံတွေဖြစ်တဲ့အတွက်ကြောင့် နေရာတွေကို သိပါတယ်။ ဒါကြောင့် လူတချို့က လိုင်းပေါ်တင်ရင် ပျူစောထီးတွေက အဲဒါဟာ ဘယ်နေရာလဲဆိုတာသိတော့ လက်ထောက်ချပြီး စစ်ကောင်စီနဲ့ အင်အားဖြည့်ပြီး တောက်လျှောက်တက်သိမ်းတာတွေ ခဏခဏကြုံရတယ်။ ကိုယ့်သတင်းကြောင့် ကိုယ်တင်လိုက်တဲ့ နောက်ခံ ဘက်ဂရောင်းတွေ၊ ဒေသတွေကြောင့်မို့ ပြည်သူလူထုတွေ ရပ်ရွာတွေ နစ်နာတယ်၊ ကိုယ့်ရဲ့သတင်းအချက်အလက်ဟာ တော်လှန်ရေးအတွက် အသက်ဖြစ်တာကြောင့်မို့ သိုသိုသိပ်သိပ်နဲ့ ထိန်းသိမ်းစေချင်တယ်လို့ အကြံပြုချင်တယ်”

ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီတွေတပ်တွေက တော်လှန်ရေးအဖွဲ့တွေနဲ့ ကျေးရွာလူထုကို ကြည်းတပ်တွေ တင့်ကားတွေ၊ အမြောက်တွေနဲ့ တိုက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်နေချိန်မှာ လျှို့ဝှက်ရမယ့် သတင်းအချက်အလက်တွေ မပေါက်ကြားရေးဟာ သေရေးရှင်ရေးဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိ စစ်ပွဲအခြေအနေတွေအရ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ တခြားစစ်ကြောင်းတွေ အများကြီးထိုးပြီး တကယ် သူတို့မနိုင်တော့တဲ့ နေရာတွေကို ကြည်း၊ လေ၊ တင့် ပူးပေါင်း စစ်ဆင်ရေးတွေ လုပ်နေတာတွေ တွေ့ရတယ်။ အဲဒါတွေက တကယ် ကျနော်တို့ဘက်က အတော် သတိထားရမဲ့ အချိန်လို့ ထင်တယ်။ ဒီလိုအချိန်မျိုးမှာ အဓိကက သတင်းလုံခြုံရေးကို တော်တော်ကို ဂရုစိုက်ရမယ်။ မိမိတပ်ဖွဲ့ ဘာလုပ်နေတယ်၊ ဘယ်သွားတယ်။ မိမိတပ်ဖွဲ့ ဘာတွေ ထုတ်လုပ်နေတယ်ဆိုတာ လူမသိလေ ကောင်းလေပါပဲ။ ကျနော်တို့ ခြေသံလုံလုံနဲ့ စစ်ကောင်စီကို တိုက်ခိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တချို့အရာတွေက အများအတွက် စိတ်အားတက်စရာ ပုံရိပ်တွေ ဖြစ်ပေမယ့် စစ်ကောင်စီအတွက်တော့ သတင်းတစ်ရပ်သဖွယ် ဖြစ်သွားပါတယ်။ ဒါကြောင့် သတင်းလုံခြုံရေးကို အတော်အလေးထားသင့်တယ်လို့ ကျနော် အကြံပေးချင်ပါတယ်။”

တိုက်ပွဲတွေ ပိုမိုအရှိန်မြှင့်လာမယ့် အနေအထားတွေ ပေါ်ပေါက်နေချိန်မှာ မီဒီယာတွေအနေနဲ့လည်း မိမိတို့သတင်းဌာန အသီးသီးရဲ့ သတင်း တင်ပြချက်တွေကြောင့် နစ်နာမှုတွေ မပေါ်ပေါက်ရေးအတွက် တာဝန်ရှိပါတယ်လို့ တော်လှန်ရေးသမားတွေက ပြောပါတယ်။ လက်ရှိမှာ နာမည်ကြီး သတင်းဌာနတွေ အပြင် မိမိတို့ဖာသာထူထောင်ထားတဲ့ အွန်လိုင်းမီဒီယာတွေ၊ ပြည်သူတစ်ဦးချင်း တင်ပြမှုတွေ အများအပြား ရှိနေပါတယ်။

PPDF.jpg
မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးနှင့် တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဗိုလ်နဂါး/Facebook)

ခေတ်သစ်မီဒီယာတည်ထောင်သူ အယ်ဒီတာ သာလွန်ဇောင်းထက်ကတော့ လက်ရှိအခြေအနေမှာ ရရှိတဲ့သတင်းတွေကို စိစစ်ဖို့ အခက်အခဲများစွာ ရှိနေတယ်။ ဒါကြောင့် မိမိတို့မှာ တစုံတစ်ရာ တာဝန်ရှိတာမှန်ပေမယ့် အဓိကအားဖြင့် မူလ သတင်းထုတ်ပြန်တဲ့ PDF တွေက ချင့်ချိန်ရမှာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ကျနော်တို့က မြေပြင်မဆင်းနိုင်တော့တဲ့ အခါကျတော့ သူတို့ထုတ်ပြန်တာတွေကို အားကိုးရတယ်၊ တချို့သတင်းတွေမှာတော့ ဒေသခံတွေကို ပြန်ပြီး ကွန်ဖမ်းလုပ်တယ်၊ ကွန်ဖမ်းလုပ်တော့ မဟုတ်တဲ့ သတင်းတွေလည်း ရှိတယ်၊ တချို့သတင်းတွေမှာက သူတို့အဖွဲ့နာမည်ကြီးအောင်လုပ်တဲ့ သတင်းရှိသလို အလှူငွေ ရဖို့အတွက် လုပ်တာမျိုးတွေ၊ အများစုတော့ မဟုတ်ပါဘူး အနည်းစုမှာ အဲဒီလိုဖြစ်စဉ်လေးတွေ ရှိတယ်။ကျနော်တို့ကလည်း သူတို့ ထုတ်ပြန်တာနဲ့ သူတို့ပေးတဲ့ မက်ဆေ့ချ်ပေါ်မှာပဲ ရေးရတာကိုး၊ ဒီသတင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သတင်းမီဒီယာပေါ်မှာ တာဝန်ရှိပေမယ့် မူရင်းထုတ်ပြန်တဲ့သူတွေမှာ ပိုပြီးစိစစ်ရမယ်ပေါ့နော်။ ကျနော်တို့ သတင်းဌာနတွေက PDF တွေကို ကာကွယ်ဖို့လည်း မဟုတ်ဘူး။ စစ်တပ်ကို ကာကွယ်ဖို့လည်း မဟုတ်ဘူး၊ ကျနော်တို့က ဖြစ်နေတဲ့ အဖြစ်အပျက် အမှန်အတိုင်းကို တင်ပြဖို့ပဲ တာဝန်ရှိတယ်။ အဲဒီတော့ သူတို့ထုတ်ပြန်လိုက်တာပေါ်မှာ မူတည်ပြီး ကျနော်တို့က ထပ်ဆင့်ရေးသားဖော်ပြရတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့သတင်းထုတ်ပြန်ချက်တွေ အရမ်းစောတာ၊ တိုက်ပွဲသတင်းတွေ စောလို့ သူတို့ကို ဖိတာမျိုးတွေ ပြန်ကြားရတာ ရှိတယ်၊ အဲဒီတော့ နောက်ပိုင်း ကျနော်တို့လည်း တတ်နိုင်သမျှ ဆင်ခြင်တာပေါ့နော်”

ဗိုလ်နဂါးကတော့ သူ့အနေနဲ့ တော်လှန်ရေးကို ထိခိုက်မှုမရှိအောင် အချက်အလက်တွေကို သတိထားပြီး ဖေ့စ်ဘွတ်က တင်ပြနေပါတယ်၊ တခြား တော်လှန်ရေးအဖွဲ့တွေလည်း သတိထားသင့်တယ်လို့ RFA ကို ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။