PDF တချို့ရဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှုရှာနေကြ
2023.11.06
[Update: 4:45 PM, Nov 12, 2023]
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ တရားလက်လွတ် ကျူးလွန်တာတွေ အမြောက်အမြားရှိနေသလို၊ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့သူတချို့ရဲ့ ပြည်သူအပေါ် လက်လွတ်စပယ် စီရင်ချက်တချို့လည်းရှိတယ်လို့ ပြောကြပါတယ်။
အဲဒီဖြစ်ရပ်တွေထဲမှာ စစ်ကောင်စီတပ်ကို သတင်းပေး သူလျှိုလုပ်လို့ဆိုပြီး ကွပ်မျက်တဲ့ အခါ မှားယွင်းကွပ်မျက် ခံရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဖြစ်ရပ်တစ်ခုဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ချောင်းပေါက်ရွာက အသက် ၅၂ နှစ်အရွယ် ဦးကျော်လင်းနဲ့ သူ့ရဲ့ဇနီး အသက် ၄၂ နှစ်အရွယ် ဒေါ်ချိုချိုဦးကို နဂါးညီနောင်ဆိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးက ဖမ်းဆီးသွားပြီး ကွပ်မျက်လိုက်တယ်လို့ သူတို့ရဲ့ မိသားစုဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
“တော်လှန်ရေးလုပ်တယ်ဆိုတာ ညီအစ်ကို မောင်နှမအတွက်၊ မိသားစုအတွက်၊ ရပ်ရွာအတွက် လုပ်တာမို့လို့ နားလည်တယ်။ ဟုတ်ပြီ အခုဟာက သူတို့ လင်မယားသည် အရပ်သားဖြစ်နေတဲ့အတွက် လုံးဝဒလန် မဟုတ် ဘူးဆိုတာ ခိုင်ခိုင်လုံလုံ သက်သေ ခိုင်မာနေတာ။ သေပြီးသားလူကတော့ ပြန်ရှင်မလာတော့ဘူး။ အခုလို စည်းမဲ့ကမ်းမဲ့လုပ်နေဦးမယ်ဆိုရင် မသေသင့်တဲ့သူတွေ သေမယ်။ ဒီလောက်နဲ့ ဒီလူသေသွားတာတော့ ရှိပါစေပေါ့။ နောက်ကို အာဏာရှင်တော်လှန်တဲ့နေရာမှာ စည်းနဲ့ကမ်းနဲ့ သွားစေချင်တာပေါ့ရှင်”
ဒီဖြစ်ရပ်အတွက် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ခရိုင် တာဝန်ခံကို မိသားစုဝင်တွေက ဇူလိုင်လမှာ တိုင်ကြားတဲ့အခါ ကျူးလွန်ခဲ့တဲ့သူတွေကို အခု အောက်တိုဘာလအထိ အရေးယူတာမရှိဘူးလို့ မိသားစုဝင်က RFA ကို ပြောပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ နဂါးညီနောင်အဖွဲ့ကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။ သူတို့ကတော့ အဲဒီလူတွေဟာ သတင်းပေးတွေဖြစ်လို့ ကွပ်မျက်လိုက်တာလို့ ပကဖအဖွဲ့ကို တင်ပြတယ်လို့ ဆိုပါတယ်။ ဦးကျော်လင်းနဲ့ ဒေါ်ချိုချိုဦးဟာ ဖက်ရွက်တွေကို ထုပ်ပိုးရောင်းချ တဲ့နည်းနဲ့ အသက်မွေးတဲ့သူတွေဖြစ်ပြီး သမီး ငါးယောက်နဲ့ မိခင်ကျန်ရစ်ခဲ့တယ်လို့ မိသားစုက ပြောပါတယ်။
"စည်းမဲ့ကမ်းမဲ့လုပ်နေဦးမယ်ဆိုရင် မသေသင့်တဲ့သူတွေသေမယ်။ အာဏာရှင်တော်လှန်တဲ့နေရာမှာ စည်းနဲ့ကမ်းနဲ့ သွားစေချင်တာပေါ့ရှင်”
နောက်တစ်မှုကတော့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၃၁ ရက်နေ့က ဖြစ်ခဲ့တာပါ။ ဗိုလ်ကျားကြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ကို၊ မြစ်ကြောင်းမှာ အခွန်ကောက်နေတယ်ဆိုပြီး လာကြည့်တဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တပ်ရင်း (၂) က ပစ်ခတ်တဲ့အတွက်ကြောင့် သူတို့အဖွဲ့က တပ်ဖွဲ့ဝင် ကိုရန်လင်းထွန်းနဲ့ ကိုစိုင်းမောင်မောင် တို့ သေဆုံးခဲ့ရတယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။
“ကားကြီးတွေနဲ့ တစ်ကျင်း တစ်ကျင်းခွဲကားကြီး တစ်စီးအပြည့်၊ Hilux လေးတွေက နှစ်စီး၊ Hijet က တစ်စီး။ တအားကို တောင်ပေါ်ကို ဝုန်းဝုန်းနဲ့ မောင်းတက်လာတာ။ ဆင်းဆင်းချင်း ပစ်လိုက်တာ ဘာပြင်ဆင်ချိန်မှ မရှိဘူး။ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ပစ်လို့ ပစ်ရတာပါတဲ့။ ကျွန်တော် စစ်ကောင်စီကို တိုက်နေတဲ့သူ တစ်ယောက်နော်။ ကျုပ်သာ ရန်သူသဖွယ် သူတို့လို ပြန်ပစ်မယ်ဆိုရင် သူတို့တစ်ဦး တစ်ယောက် မှန်အောင် ပစ်နိုင်တယ်။ ကျွန်တော်တို့က တစ်ချက်မှ ပြန်မပစ်ဘူး”
ပြီးတဲ့အခါ သေသွားတဲ့သူနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို ကားတစ်စီးနဲ့ သယ်သွား သလို၊ သေဆုံးသူ တစ်ယောက်ရဲ့ ဇနီး CDM ဆရာမအပါအဝင်လူ ၁၂ ယောက်ကိုလည်း ပကဖ တပ်ရင်း (၂) က ကြိုးတုပ်ပြီး ဖမ်းသွားတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူက ပြောပါတယ်။ အဲဒီ တပ်ရင်း (၂) စခန်းမှာ PDF ရဲမေတွေနဲ့အတူ တစ်လနဲ့ ရှစ်ရက်ထားပြီး၊ နောက်မှ ပြန်လွှတ်ပေးခဲ့တာလို့ သူက ပြောပြပါတယ်။ ရိုက်နှက်စစ်ဆေးတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ သူ့ခင်ပွန်းရဲ့ ရုပ်အလောင်းပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခု တစ်နှစ်ကျော် ကြာတဲ့အထိ ပြန်မရခဲ့ဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်မယောက်ျား ပစ်ခံရတယ်ပေါ့နော် ကျွန်မမျက်စိရှေ့မှာတင် ပစ်ခံရတယ်။ သူဆိုရင် ကင်းသာ စောင့်တာ ဘာလက်နက်မှမပါဘူး။ လက်ထဲ ဖုန်းလေးတစ်လုံးပဲပါတယ်။ အစ်မယောကျ်ားနားကို ဖြတ်သွားတော့ သွေးအိုင်ထဲမှာ ဖြစ်နေပြီပေါ့။ အစ်မလည်း အစ်မယောကျ်ားနား နေချင်တာပေါ့ ဟုတ်တယ်မလား။ ဘယ်သူနေနေ ဒါနောက်ဆုံးအခွင့်အရေးပဲလေ။ ဘယ်လိုပဲ တောင်းဆိုတောင်းဆို မရခဲ့ပါဘူး။ ဒီအတိုင်းပဲ ကိုယ့်ယောကျ်ားသေတာကို မျက်စိနဲ့တင်ကြည့်ပြီးတော့ ပြန်လာရတယ်ပဲ ထားပါတော့”
ဒီဖြစ်ရပ်အတွက် NUG ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ တိုင်ကြားခဲ့ပေမယ့် တစ်နှစ် ကျော် ကြာတဲ့အထိ အရေး ယူတာမရှိဘူးလို့ ဗိုလ်ကျားကြီးအဖွဲ့နဲ့ သတ်ဖြတ်ခံရသူရဲ့ မိသားစုဝင်က ပြောပါတယ်။
အလားတူ ဝက်လက်မြို့နယ် တပ်ရင်း (၂) ကို ဓားပြမှု၊ လူသတ်မှုတို့နဲ့ တိုင်ထားတဲ့ အမှုပေါင်းလေးမှုကိုလည်း အရေးယူတာမရှိသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေဘက်က ပြောပါတယ်။
ဒီဖြစ်ရပ်နှစ်ခုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေကိုမေးကြည့်တော့ ဖြေရှင်းဖို့ စီစဉ်နေပြီလို့ RFA ကို ပြောပါတယ်။
“စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က အမှုနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ စုံစမ်း စစ်ဆေးမှု တွေကို ပြုလုပ်ပြီးစီးတဲ့နောက်မှာ လိုအပ်တဲ့ စစ်ဘက်တရားရုံး ချုပ်ကို ဖွဲ့စည်းပြီးတော့ စိစစ်ဆောင်ရွက်နိုင်ဖို့ အတွက်ကို ဆောင်ရွက်နေပါတယ်။ ၂၁ ရက် ၆ လ ၂၀၂၃ ခုနှစ် မတ္တရာ ချောင်းပေါက်က ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီကို တိုင်ကြားထားတာ မရှိသေးတဲ့အမှုတွဲ ဖြစ်နေပါတယ်။ အခုကျွန်တော်တို့ တိုင်းတာဝန်ခံကို ဆက်သွယ်ပြီး ဒီအမှုကိစ္စကို မေးမြန်းနေတယ်လို့ ပြောချင်ပါတယ်”
ချောင်းပေါက်ရွာ လူသတ်မှုနဲ့ပတ်သက်ပြီး တိုင်ကြားစာ မရသေးဘူးလို့ ဦးမောင်မောင်ဆွေက ပြောပေမယ့် အသတ်ခံရတဲ့ ဒေါ်ချိုချိုဦးရဲ့ မိသားစုဝင်တွေ ကိုယ်တိုင် NUG ပြည်ထဲရေးနဲ့ တရားရေးဌာန အပါအဝင် တာဝန်ရှိသူတွေထံ တိုင်ကြားစာ ပေးပို့ထားပြီး ဒါကို NUG ဘက်က အခုထိ အရေးမယူသေးတာလို့ နစ်နာသူတွေဘက်က ပြောပါတယ်။
NUG ကဖွဲ့ထားတဲ့ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို တိုင်ထားတဲ့အမှုပေါင်း ဒီနှစ်နှစ်ခွဲ အတွင်းမှာ ၂၁၂ မှု ရှိခဲ့ပြီး ၂၄ မှုကိုတော့ဖြေရှင်းပြီးလို့ ပိတ်သိမ်းလိုက်ပြီလို့ သူက ပြောပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနအပြင် တခြားဝန်ကြီးဌာနတွေက ကိုင်တွယ်ရတဲ့အမှုက ၃၁ မှု၊ သတင်းပေး ချက် ၃၂ မှု၊ မှတ်တမ်း အဖြစ် သိမ်းထားတဲ့ တိုင်ကြားချက် ၂၃ မှု၊ ယာယီပိတ်သိမ်းထား တာ ၂ မှုနဲ့ စိစစ်ဆဲအမှုပေါင်း ၁၀၀ လောက် ရှိတယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။
လက်ခံရရှိထားတဲ့အမှုတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ PDF)၊ ဒေသကာကွယ်ရေး တပ်ဖွဲ့ (Local PDF)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စတဲ့ အဖွဲ့တွေကို တိုင်တာ၊ အဖွဲ့အစည်း အချင်းချင်း တိုင်တာနဲ့ စစ်ကောင်စီက ကျူးလွန်တာတွေကို တိုင်ကြားတာတွေ ပါဝင်တယ်လို့ ဦးမောင်မောင်ဆွေ က ပြောပါတယ်။
မကွေးတိုင်းထဲက အမည်မဖော်လိုတဲ့ ပကဖ တပ်ဖွဲ့ဝင်တစ်ဦးကတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပလဖ၊ ပအဖ တို့ကဖမ်းပြီး တရားရုံးကနေ အရေးယူတာ၊ ထောင်ချတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နယ်မြေစိုးမိုးမှု အရ တရားရုံး၊ ထောင်နဲ့ အမှုလိုက်ပေးမယ့် ရှေ့နေမရှိတာတွေလည်း ကြုံနေရ တာလို့ ပြောပါတယ်။ အမှု ကျူးလွန်ထားတဲ့သူတွေ အင်အားပိုကြီးနေရင်တော့ အရေးမယူနိုင်သေးဘူးလို့လည်း သူက ပြောပြပါတယ်။
တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ မနှင်းသက်မှူးခင်ကတော့ NUG အနေနဲ့ လက်အောက်ခံအဖွဲ့ တွေ ကျင့်ဝတ်နဲ့ စည်းကမ်းလိုက်နာအောင်လုပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“အဖိတ်အစင်တွေ ဖြစ်ခဲ့တယ်ဆိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုတယ်။ ထားလိုက် ဥပမာ ကိုယ့်ကြောင့် ဖြစ်ခဲ့တယ် တပ်ဖွဲ့တစ်ခုခုကြောင့် ဘယ်နေ့မှာတုန်းက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို မှတ်တမ်းမှတ်ရာ သေချာ စုဆောင်းပြီးတော့ တာဝန်ယူတာမျိုး၊ တာဝန်ခံတာမျိုး၊ နောက်ပြီး လူရှေ့ Public (အများပြည်သူ) ကို ချပြပြီး တော့ ဒါကို တောင်းပန်တဲ့ဟာမျိုး။ နောက်ပြီး အဲဒီလိုမျိုး ထပ်မဖြစ်အောင် ဘယ်လိုဆက်လုပ်မလဲ ဆိုတဲ့ဟာမျိုး ဒါတွေကို ပြောလို့ရတယ်ပေါ့နော်။ အကယ်၍ ချက်ချင်း လက်ငင်း ဒီပြဿနာကို မဖြေရှင်းနိုင်သေးဘူး ဆိုလို့ရှိရင် နောင်တစ်ချိန်မှာ ဘယ်လိုမျိုး ပြန်ပြီး တာဝန်ယူပေးမယ်ဆိုတာမျိုးကို ပြောလို့ရတယ်”
NUG ကာကွယ်ရေး ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း PDF တွေ လိုက်နာ ရမယ့် စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားပေမယ့် မြေပြင်ရှုပ်ထွေးမှုတွေအရ အငြင်းပွားမှုတွေ ဆက်ရှိ နေနိုင်ပြီး ဒါတွေကို လျော့နည်းအောင် ဝိုင်းဝန်းထိန်းကျောင်း ပေးဖို့ လိုတယ်လို့ ပြောပါတယ်။
(မှတ်ချက်။ မူလသတင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မှားယွင်းကွပ်မျက်ခံရသူ "ဦးကျော်ဝင်း" နှင့် "ဒေါ်ချိုဝင်း" ဟု အမည်မှားယွင်းဖော်ပြခဲ့သည်ကို ပြင်ဆင်ရေးသားထားပါသည်။)