စစ်အာဏာရှင်ကို ခုခံရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူများ
2022.05.18

စစ်လက်နက်အင်အားပြည့်စုံတောင့်တင်းတဲ့ စစ်တပ်ကို ပြန်လည်ခုခံနေရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စမ်းတဝါးဝါးနဲ့ စမ်းသပ်ထုတ်လုပ်လို့ရတဲ့ လက်လုပ်လက်နက်ပစ္စည်းတွေကိုသာ အဓိက အားထားနေရတာပါ။
မကွေး၊ စစ်ကိုင်း၊ ချင်းတို့က ကာကွယ်ရေးအဖွဲ့တချို့ဆီကနေ ရရှိတဲ့စာရင်းတွေအရ အဲဒီလိုစမ်းသပ် ထုတ်လုပ်ရင်းနဲ့ အသက်ဆုံးရှုံးရသူနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူ ၃ဝ နီးပါး ရှိပါတယ်။
ဒီလိုဖြစ်ရပ်နဲ့ပတ်သက်လို့ ဒီနှစ် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲတစ်ခုမှာ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲဖို့ကြိုးစားရင်း မိုင်းကွဲသွားလို့ ဘယ်ဘက်လက်တစ်ဖက်နဲ့ ဘယ်ဘက်မျက်လုံး ဆုံးရှုံးခဲ့ရတဲ့ မကွေး တိုင်း ဆောမြို့နယ် ကျောက်ထု PDF အဖွဲ့က အသက် ၁၉နှစ်အရွယ် ဗိုလ်လက်သန်း က အခုလို ပြောပြပါတယ်။
“မိုင်းက ရှော့ဝင်သွားပြီး ကွဲသွားတယ်။ စစ်ကောင်စီယာဉ်တွေ မလာခင် လမ်းမှာ ကြိုထောင်တာ၊ အဲ့အချိန်မှာ မိုင်းကွဲလိုက်တော့ ကျွန်တော့်ကို ဆေးတပ်သားတွေ အချိန်မီလာကယ်ပြီး ဆေးရုံကို ပို့လိုက်ကြတာ။ အသက်ကို တော်တော်လုခဲ့ရတယ်။ အဲ့အချိန်မှာ တော်တော်များများကို ဆုံးရှုံးလိုက် ရပြီထင်တယ်၊ ဘာဖြစ်သွားမှန်းကို မသိတော့ဘူး။ စိတ်ထဲမှာလည်း တော်တော်ဝမ်းနည်းသွားသလို ဖြစ်သွားတာ၊ အသက်မသေတာပဲ တော်တော်ကံကောင်းနေပြီဆိုပြီး ကိုယ့်ဟာနဲ့ကိုယ် အားတင်းခဲ့ တယ်။ တစ်ခါတလေ အားငယ်စိတ် တော်တော်ဝင်တယ်၊ မနည်းအားတင်းထားရတယ်။ ဘယ်ဘက် မျက်လုံးက လုံးလုံးမမြင်ရတော့ဘူး၊ ညာဘက်က အမြင်အာရုံဝါးသွားတယ်။”
ပထမနှစ် တက္ကသိုလ်ကျောင်းသားတစ်ယောက်က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ ရင်းကနေ လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ပြီးတဲ့နောက် စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ မိုင်းထောင်တဲ့တာဝန်ယူခဲ့တာပါ။
ကျောက်ထု PDF ကပဲ နောက်ထပ်ရဲဘော်တစ်ဦးကတော့ အသက် ၂ဝ အရွယ် ဗိုလ်ပိန်သေးပါ။ သူလည်း ဒီနှစ် မတ်လက တိုက်ပွဲတစ်ခုမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းထောင်နေရင်း ပေါက်ကွဲသွားလို့ ဘယ်ဘက်မျက်လုံး ဆုံးရှုံးခဲ့ရပါတယ်။
“ဘယ်ဘက်မျက်လုံးတစ်လုံး ဆုံးရှုံးလိုက်ရတယ်။ ညာဘက်ကတော့ ဝါးသွားတာဗျ။ မျက်လုံးညာဘက် နည်းနည်းပါးပါးပြန်မြင်တော့ တိုက်ပွဲပြန်လိုက်ဦးမယ်ဗျ။ တော်လှန်ရေး မပြီးမချင်းတော့ ဆုံးခန်းတိုင်အောင် တိုက်မှာပါ။ အာဏာရှင်စနစ်ကို မကြိုက်လို့ ကျနော်တို့က တိုက်ပွဲဝင်ခဲ့တာဆိုတော့ ကျနော့် အသက်နဲ့ရင်းပြီး တိုက်တာပေါ့ဗျာ။ တော်လှန်ရေး အောင်မြင်သွားရင်တော့ ကျနော်တို့ ပေးဆပ်ရတာ အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့ အဓိကလိုအပ်တာ လက်နက်ပဲ၊ လက်နက် ရှိရင်တော့ တော်လှန်ရေးက မြန်မြန်အောင်မြင်ပါတယ်။”
ဒေသကာကွယ်ရေးအဖွဲ့တွေက ဘယ်ကနေ လက်နက်ပြုလုပ်တဲ့နည်းပညာတွေ လေ့လာပြီး စမ်းသပ် နေတာပါလဲ။ ချင်းပြည်နယ် မင်းတပ်မြို့နယ်က CDF အဖွဲ့ဝင် ဆလိုင်းထွန်း ကသူ့အတွေ့အကြုံကို ပြောပြပါတယ်။
“လက်နက်စမ်းသပ် ထုတ်လုပ်တာက လိုင်းပေါ်မှာ youtube ကနေ နည်းပညာ ယူတာရှိတယ်။ ကိုယ်ကို တိုင် တီထွင်ကြံဆတာလည်းရှိတယ်။ လူငယ်တွေ အများကြီးရှိတော့ အိုင်ဒီယာက တစ်ယောက်တစ်မျိုးစီနဲ့ အဲလိုနဲ့ပဲ တီထွင်ကြံဆ ရတာပေါ့။ အခက်အခဲတွေအများကြီးရှိတယ်။ လက်နက်စမ်းသပ်ထုတ်လုပ် တဲ့အခါမှာ ငွေကြေး မတတ်နိုင်တာတို့၊ ပစ္စည်းမစုံလင်တော့ အန္တရာယ်တွေလည်း ကြုံရတယ်။ ကိုယ် လုပ်တဲ့လက်နက်နဲ့ ကိုယ် ပြန်ထိကြတာ၊ နည်းပညာတွေလည်း တအား လိုအပ်တယ်။ ကျွန်တော်တို့ လူငယ်တွေက အာဏာရှင်ကို တိုက်ထုတ်ဖို့ စိတ်နဲ့ အမျိုးမျိုးတီထွင်ကြံဆရတယ်။ ထိခိုက်ဒဏ်ရာတွေ အများကြီးရတယ်။ တကယ်တော့ နည်းပညာတွေ လိုအပ်သလို ဆရာသမားကောင်းတွေလည်း လိုအပ်တယ်။ ငွေကြေးထောက်ပံ့မှုတွေလည်း အများကြီးလိုအပ်တယ်။”
ချင်းပြည်နယ်က ကာကွယ်ရေးအဖွဲ့တွေဟာ စစ်တပ်ကို ရိုးရာတူမီးသေနတ်တွေနဲ့ ၂ဝ၂၁ ဧပြီလ ကတည်းက ခုခံခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာဆိုရင် PDF အဖွဲ့ပေါင်းများစွာရှိသလို အဖွဲ့တိုင်းဟာ ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်တဲ့ လက်နက်တွေကိုသာ အားထားအသုံးပြုနေကြတာ ဖြစ်ပါတယ်။
ယင်းမာပင်မြို့နယ်က ဒေါင်းလုလင် PDF အဖွဲ့မှာဆိုရင် ၆ဝ မမ စမ်းသပ်ထုတ်လုပ်ရင်း အသက်ဆုံးရှုံး ခဲ့ရတဲ့ လူငယ် ၃ယောက် ရှိတယ်လို့ တာဝန်ခံတစ်ယောက်ဖြစ်တဲ့ ဗိုလ်ကျားကြီး ကပြောပြပါတယ်။
“အန္တရာယ်ကတော့များတယ်။ အသက်စွန့်ပြီးတော့ လုပ်နေရတာ။ ကျွန်တော်တို့ဆီမှာဆို သေနတ်အသစ်က တစ်လက်မှကို မရှိဘူး။ လက်လုပ် သေနတ်တွေနဲ့ပဲ သွားနေရတာ။ အဲ့တော့ စစ်ကောင်စီနဲ့ ယှဉ်မယ်ဆို မယှဉ်နိုင်ဘူး၊ အဲဒါကြောင့် မိုင်းနဲ့ တာဝေးပစ် ရှော့တိုက်ဒုံးတွေပဲ အဓိကဦးစားပေးပြီး လုပ်နေရတာ။”
လက်နက်ပြုလုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း မစုံမလင်နဲ့ စနစ်တကျ လေ့လာ သင်ယူထားတာ မရှိဘဲ စစ်လက်နက်တွေ စမ်းသပ်တီထွင်ရတာ အန္တရာယ်များတဲ့ အကြောင်း ပြောပြသူကတော့ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်က မြောက်ယမားပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးပါ။
“မိုင်းလုပ်တဲ့နေရာက အန္တရာယ် အတော်များတယ်။ လက်နက်ကိုင်ပြီး တိုက်ခိုက်တာ ထက်ကို အန္တရာယ်များတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ တော်လှန်ရေး ရဲဘော်တွေဆိုရင် ဆေးတပ်ဖွဲ့တွေ ဘာတွေလိုတယ်။ ကျနော်တို့ မိုင်းလုပ်တဲ့ လူတွေဆိုရင် ပီနံအိတ်ပဲ လိုတာ၊ ဆေးတပ်ဖွဲ့တွေ ဘာတွေ မလိုဘူး၊ တကယ်လို့ မတော်တဆ ပေါက်ကွဲမှုဖြစ်သွားပြီဆိုရင် ရစရာမရှိတော့ဘူး။ တစ်စစီလိုက် ကောက်ဖို့ပဲ လိုတော့တာ။”
သူဟာ မြောက်ယမား PDF အဖွဲ့ထဲမှာ နာမည်ပြောင်အနေနဲ့ ကိုးချောင်းလို့ အမည်ရထားတဲ့ အသက် ၁၇ နှစ်အရွယ် ၁ဝ တန်း ကျောင်းသားပါ။ သူ PDF အဖွဲ့ဝင် ဖြစ်လာတဲ့ ၉လအတွင်း မိုင်းစမ်းသပ်ထုတ် လုပ်တာ၊ စစ်ကောင်စီယာဉ်တွေ သွားမယ့်လမ်းကြောင်းတွေမှာ မိုင်းထောင်ဖောက်ခွဲတာ တာဝန်ယူခဲ့ သူပါ။ ပြီးခဲ့တဲ့ ၃လလောက်က စစ်ကောင်စီတပ်ဖွဲ့တွေ သွားမယ့် လမ်းကို မိုင်းထောင်စဉ် ပေါက်ကွဲလို့ သူ့ရဲ့လက်မတစ်ချောင်း ဆုံးရှုံးခဲ့ပါတယ်။
မြောက်ယမား PDF အဖွဲ့ကပဲ နောက်ထပ် အဖွဲ့ဝင်တစ်ယောက်ကတော့ တူမီးအကြီးစား လက်လုပ် သေနတ်စမ်းသပ်ထုတ်လုပ်ရင်း လက်ဖျံရိုးကျိုးသွားလို့ စတီးချောင်း ထည့်ထားရပါတယ်။
“ဆုံလည် သုံးချောင်းထောက်လို့ခေါ်တဲ့ PDF ထုတ်တဲ့ လက်လုပ်လက်နက်။ တူမီး အကြီးစားလို့လည်း ပြောလို့ရတယ်။ ဆုံလည်ဆိုတော့ ပတ်ပတ်လည် လှည့်ပတ် ပစ်လို့ရတယ်။ ယမ်းကိုထည့်သိပ် ပြီးရင် အပေါ်ကနေ ခဲ တို့ သံတိုသံစတွေ ထည့်ပစ်တာ၊ ယမ်းအားများတော့ နောက်ကန်တာ အဲတော့ ကျနော့်လက်က တောင့်ထားတဲ့အချိန် လုံးဝမထိန်းနိုင်ဘဲ ကျွန်တော်က ဘယ်သန်ဆိုတော့ ဘယ်ဘက်လက်က လက်ဖျံရိုး ကျိုးသွားတယ်။ ဘယ်လိုမှတော့ မခံစားရပါဘူး။ ဒါလေးဖြစ်လို့လည်း စိတ်ဓာတ်တော့ မကျဘူး၊ စိတ်လည်းမညစ်ဘူး။ ကိုယ့်ရဲ့ဘော်တွေ အသက်တွေတောင် ပေးဆပ် သွားတာပဲ၊ ကိုယ်က ဒီလောက်လေးနဲ့တော့ စိတ်ဓာတ်မကျဘူး၊ ကိုယ့်လက်တစ်ဖက်က မသန်သေး ပေမယ့် ကျန်တဲ့လက်တစ်ဖက်နဲ့ ကိုယ်လုပ်နိုင်တဲ့တာဝန်ကို ထမ်းဆောင်မယ်ဗျာ။ မြန်မာနိုင်ငံ ဒီမိုကရေစီ မရသရွေ့ တိုက်ပွဲဝင်မယ်။ ဒီထဲ စဝင်ကတည်းက ကိုယ့်အသက်ကိုပေးပြီး ပြည်သူတွေကို ကာကွယ် စောင့်ရှောက်မယ် ဆိုတဲ့စိတ်နဲ့ပဲ မြောက်ယမားတပ်ထဲကို ဝင်ခဲ့တာ။”
ကိုယ်လက်ဆုံးရှုံးသွားသူတွေဟာ နွေဦးတော်လှန်ရေးမှာ အသက်ပေးလိုက်ရသူတွေနဲ့စာရင် သူတို့ အသက်မသေဘဲ ကျန်ခဲ့တာက ကံကောင်းတယ်လို့ ရှုမြင်ပြီး အာဏာရှင် တော်လှန်ရေးမှာ နိုင်ရာ တာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။
“အသက်မသေဘဲ ရှင်နေခဲ့ရင် တော်လှန်ရေးကို နည်းပေါင်းစုံနဲ့ ဘက်ပေါင်းစုံကနေ ပါဝင်လို့ရသေး တယ်၊ အသက်မသေတာကပဲ တော်တော်ကံကောင်းပါတယ်”
စစ်တပ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒပြတဲ့အခြေအနေကနေ လက်နက်ကိုင် တော်လှန်ရေးအထိ ရှေ့တန်းကပါနေတဲ့သူတွေဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံက လူငယ်တွေဖြစ်ပါတယ်။
အသက်ဆုံးရှုံးတဲ့သူတွေ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူတွေထဲမှာ လူငယ်တွေ အများစုဖြစ်ပါတယ်။ ဒီလိုဆုံးရှုံးရတာဟာ သူတို့မှာ လက်နက်အင်အား မပြည့်စုံလို့ဖြစ်ရတာလို့ အများစုကပြောဆိုနေကြပါတယ်။