ကိုယ်တိုင်လက်နက်ထုတ်လုပ်ပြီး စစ်ကောင်စီကို တော်လှန်နေကြဆဲ မြန်မာလူငယ်များ
2022.07.19

ပြီးခဲ့နှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် အရပ်ဘက်ပြည်သူ နှစ်ထောင်ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လမ်းတွေပေါ်တက် ဆန္ဒပြခဲ့ကြသူ လူငယ်တွေဟာ အခုအခါ ပြည်သူလူထုကို ကာကွယ်ရေး၊ အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားရေးအတွက် လက်နက်ကိုင်တော်လှန်သူတွေ ဖြစ်လာခဲ့ကြပါတယ်။
အနောက်နိုင်ငံတွေရဲ့ထောက်ခံကူညီမှု ကင်းမဲ့နေတဲ့အခြေအနေကို ရင်ဆိုင်ရင်း လူငယ်တွေဟာ လက်လုပ်လက်နက်တွေကို ကိုယ်တိုင် ဖန်တီးလာခဲ့ကြပါတယ်။
တကယ်တော့ စစ်တိုက်တယ်ဆိုတာ ဘဏ္ဍာရေးအထောက်အကူ အင်မတန်အရေးကြီးတာပါ။ ဒီအတွက် ငွေကြေး မပြည့်စုံပေမယ့် လိုလျှင် ကြံဆနည်းလမ်းရ ဆိုတဲ့အတိုင်း မြန်မာ့ခုခံရေးလှုပ်ရှားမှုဟာ စစ်ရေးတိုက်ခိုက်နိုင်စွမ်း တိုးတက်ရေးအတွက် တီထွင်ဖန်တီးမှု ရှိတဲ့ နည်းလမ်းတွေ ရှာကြံတွေ့ရှိနိုင်ခဲ့ပါတယ်။ တချို့အဖွဲ့တွေက ရနိုင်သမျှ ကုန်ကြမ်းတွေနဲ့ လက်လုပ် ကာဘိုင်သေနတ်၊ ဒရုန်းနဲ့ မြေမြှုပ်မိုင်းတွေ ဖန်တီးနိုင်ခဲ့ကြသလို တချို့အဖွဲ့တွေကလည်း ပြောက်ကျားစစ်ဆင်ရေးအတွက် လေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။
စစ်အာဏာရှင်ကို အပြီးအပိုင် ဖြုတ်ချနိုင်ဖို့အတွက် လက်နက်လိုအပ်ပေမယ့် မရှင်းဂန်းလို အော်တိုမက်တစ်သေနတ်တွေ များများစားစား ဝယ်ယူနိုင်ဖို့ မလွယ်ကူသေးကြောင်း၊ ဒါကြောင့် တခြားနည်းလမ်းတွေ လိုအပ်နေတယ်လို့ Karenni Generation Z Army (KGZ-A) အဖွဲ့က ပြောဆိုကြောင်း Defense Force သတင်းက ဖော်ပြပါတယ်။
KGZ-A ဟာ စစ်ကောင်စီ ဆန့်ကျင်ခုခံရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၃ဝ အတွင်း ယောက်ျားလေး၊ မိန်းကလေးတွေနဲ့ အတူ ၂၀၂၁ ခုနှစ် မေလမှာ ထူထောင်ဖွဲ့စည်းခဲ့တာပါ။ အရေအတွက်ကိုတော့ အတိအကျမသိရပါဘူး။ အဖွဲ့ကို ထူထောင်ပြီးတာနဲ့ လက်နက်ထုတ်လုပ်ရေးအတွက် ပေါက်ကွဲမှုအား ပိုမိုပြင်းထန်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ရရှိနိုင်ရေး အားစိုက်ဆောင်ရွက်ခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ KGZ-A အဖွဲ့ဟာ၊ M4, M16, နဲ့ AK22 ကာဘိုင်သေနတ်တွေ ဝယ်ယူထားပြီး၊ အဲဒီထဲက အများစုဟာ ထိုင်းနိုင်ငံကနေ အများဆုံး ဝယ်ယူရရှိတာ ဖြစ်ဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုထိ အာဏာသိမ်းစစ်ကောင်စီက ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပါအဝင် အရပ်ဘက်ပြည်သူ နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ခုခံဖို့အတွက် မြို့ပြနဲ့ ကျေးရွာတွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့ပြီး လူငယ်အများအပြားဟာလည်း အလွယ်တကူ ဗုံးလုပ်နည်းတွေကို အင်တာနက်အွန်လိုင်းက တစ်ဆင့် စတင်လေ့လာခဲ့ကြပါတယ်။
တချို့လည်း နယ်စပ်ဒေသတွေဆီကို သွားရောက်ခဲ့ကြပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီက တစ်ဆင့် စစ်ရေးသင်တန်းတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့တွေက လက်နက်တချို့ထောက်ပံ့ပေးခဲ့ပေမယ့် မလုံလောက်ပါဘူး။ လက်နက်ရရှိနှုန်းက ၁ဝ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းသာ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ခုခံရေးလှုပ်ရှားမှုနဲ့ ဆက်သွယ်လာခဲ့ကြသူ အရေအတွက် တစ်သိန်းအထိ ရှိမယ်လို့ တချို့က ခန့်မှန်းခဲ့ကြသလို စစ်ကောင်စီတပ်သားအရေအတွက်က အများဆုံး ငါးသိန်းအထိ ရှိမယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဋိပက္ခ စတင်ခဲ့ချိန်ကစပြီး စစ်တပ်မှာ စစ်သားအရေအတွက် အများအပြား ကျဆင်းသွားခဲ့ပါတယ်။

ဒါ့ပြင် စစ်ရေးပဋိပက္ခမှာ ဒရုန်းယာဉ်ကို အသုံးပြုတိုက်ခိုက်တဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒရုန်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒရုန်းအသုံးပြုတာဟာ အကွာအဝေး သတ်မှတ်ချက်ရှိတာကြောင့် စစ်ပွဲတိုင်းကို အသာစီးမရနိုင်ဘူးလို့ ဆိုပါတယ်။
ခုခံရေးအဖွဲ့တစ်ဖွဲ့ရဲ့ မကြာခင်က ပြုလုပ်ခဲ့တဲ့ ရေမြှုပ်မိုင်းတွေကတော့ ဧရာဝတီမြစ်တွင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ အဲဒီမိုင်းတစ်လုံးကို အမေရိကန်ဒေါ်လာ ငါးဆယ်ဝန်းကျင် ကျသင့်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ခုခံရေးလှုပ်ရှားမှုနဲ့ ချိတ်ဆက်ခဲ့ကြတဲ့ စစ်ကောင်စီ တပ်ပြေးတွေက ၆ဝ မမ တာဝေးပစ် မော်တာကျည်ဆန်တွေကို အခက်အခဲတွေကြားက ထုတ်လုပ်ခဲ့ကြပါတယ်။ ကုန်ကြမ်းပစ္စည်းနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြားက ထုတ်လုပ်ခဲ့ကြတာပါ။ လက်နက်စမ်းသပ်မှုအတွင်း သေဆုံးသူတချို့ ရှိခဲ့ကြောင်းလည်း ပြောဆိုပါတယ်။
စစ်တပ်ဘက်က လူသူလက်နက်အင်အား သာလွန်ပေမယ့် ခုခံရေးအဖွဲ့တွေအနေနဲ့ လိုအပ်ချက်တွေကို ပြည့်မှီအောင် ဆောင်ရွက်နိုင်စွမ်းရှိကြကြောင်း သိရပါတယ်။ KGZ-A နဲ့ တခြားအဖွဲ့တွေဟာ အိမ်တွင်းဖြစ်သေနတ်တွေနဲ့ ဗုံးတွေအပြင်၊ အငယ်စား၊ အလတ်စားနဲ့ အကြီးစားလက်နက်တွေကိုပါ ထုတ်လုပ်ထားကြတာပါ။ ရရှိတဲ့ အလှူငွေတွေနဲ့လည်း လက်နက်တွေဆက်လက် ထုတ်လုပ်ကြမှာ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။