စစ်ကောင်စီယာဉ်တန်းကို အမြန်လမ်းမှာ PDF က မိုင်းဆွဲတိုက်ခိုက်

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.07.07
စစ်ကောင်စီယာဉ်တန်းကို အမြန်လမ်းမှာ PDF က မိုင်းဆွဲတိုက်ခိုက် နေပြည်တော်က စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကားပေါ်မှာ တွေ့ရစဥ်။
AFP

စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာတယ်လို့ ယူဆရတဲ့ ကားဆယ်စီးပါ ယာဉ်တန်းကို ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော်အနီး မိုင်တိုင် ၁၆၉ မိုင် ၄ ဖာလုံအရောက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပဲခူးတိုင်းစစ်ဒေသ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ က ဇူလှိုင်လ ၇ ရက်က မနက် ၉ နာရီ ၁၅ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ထောက်ချုပ် လိုက်ပါလာတယ်ဆိုတဲ့သတင်းအရ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေရှိတယ်လို့ တောင်ပိုင်းတိုင်း ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။

“စစ်ထောက်ချုပ် လိုက်ပါလာမယ်ဆိုတဲ့ စစ်ယာဉ်တန်းကို သတင်းအရ ဒီနေ့မနက်မှာ ကျွန်တော်တို့ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ အထူးတပ်ဖွဲ့ကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်၊ လက်နက်ကြီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်၊ ယာဉ်တန်း ရပ်တန့်မှုလည်း ရှိခဲ့တယ်၊ သူတို့ဘက် ကနေပြီးတော့ ကောင်တာ ပြန်ပစ်တယ်၊ ချက်ခြင်းအဲဒီနေရာကို ပိတ်ဆို့လိုက်တဲ့အတွက်ကြောင့် အဲဒီမှာ ဘယ်သူတွေ ပါလာတယ်၊ ဘယ်သူတွေ ထိခိုက်သွားလဲဆိုတာက အတည်ပြုနေဆဲပဲဖြစ်ပါတယ်၊ ယာဉ်တန်းထိခိုက်တာတော့ သေချာပါတယ်”

စစ်ထောက်ချုပ်လိုက်ပါလာတဲ့ အဲဒီစစ်ယာဉ်တန်းဟာ နေပြည်တော်က ထွက်ခွာလာတာဖြစ်ပြီး ကားဆယ်စီးအနက် နှစ်စီးဟာ ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ NUG တောင်ပိုင်းတိုင်းစစ်ဒေသခွဲ လက်အောက်ခံ ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံကလည်း RFA ကို ပြောပါတယ်။

NUG တောင်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ခံ အမှတ် ၂ စစ်ဒေသခွဲက ပဲခူးတိုင်းမှာရှိတဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့ ပဲခူးစစ်တောင်းလမ်းအပါအဝင် မွန်ပြည်နယ်ရှိလမ်းတွေမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာမှုတွေမလုပ်ဖို့ ဇူလှိုင်လ ၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်ထားတယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။

“အဓိကအားဖြင့်တော့ ၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ စာအတိုင်းပဲပေါ့၊ စစ်ရေးအရှိန်မြှင့်မယ့် အတွက်ကြောင့် ဒီလမ်းပိုင်းတွေမှာ သွားလာတာတွေ ကန့်သတ်ဖို့လည်း စာထုတ်ထားပါတယ်၊ အဲဒီအတိုင်းကို ဆောင်ရွက်တာဖြစ်ပါတယ်၊ တိုက်ခိုက်မှုတွေဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ စာတွေအတိုင်း စစ်ကောင်စီယာဉ်တန်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝေးဝေးမှာနေကြဖို့လည်း ထပ်ပြီးတော့ မေတ္တာရပ်ခံပါတယ်”

ဒါက တော်လှန်ရေးအရှိန် မြင့်လာတဲ့သဘောလို့ မြန်မာ့အရေးလေ့လာသူ ဝါရင့်နိုင်ငံရေးသမား ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

"၂၀၂၃ မှာ စစ်ရေးအရှိတိုးမြှင့်မယ်လို့ တရားဝင်ကြေညာပြီးသားလေ နွေဦးတော်လှန်ရေးတွေဘက်က၊ အဲဒါဘာမှ အဆန်းတကြယ် မဟုတ်ပါဘူး၊ တစ်နည်းအားဖြင့်တော့ ဘောလုံးပွဲလိုပေါ့ဗျာ တစ်ဘက်ကိုမဲနေတဲ့အချိန်မှာ စစ်ကိုင်းတိုင်းကို အသေသတ်အပြတ်ရှင်းနေတဲ့အချိန်မှာ ဒီဘက်ထောင့်ကနေ ဖောက်တာပေါ့ဗျာ၊ ဒီဘက်ထောင့်က ဖောက်တာက ဂိုးဝင်သွားနိုင်တယ် အမြန်လမ်းတို့ ဘာတို့ဆိုတာက၊ ရန်ကုန်မှာလည်း မကြာခဏ ဖြစ်နေပါတယ်၊ ဒါတောင်မှ အဆန်းတကြယ် မဟုတ်ပါဘူး၊ တော်လှန်ရေးအရှိန်မြင့်လာတဲ့သဘောပေါ့"

စစ်ထောက်ချုပ်ယာဉ်တန်း တိုက်ခိုက်တဲ့အဖွဲ့ကို ဂုဏ်ယူကြောင်းနဲ့ လက်ရှိစစ်ကောင်စီတပ်ဟာ သူတပ်ရင်းတပ်ဖွဲ့ထဲကနေ မထွက်ရဲတော့ဘူးလို့ Justice Soldier PDF အဖွဲ့ခေါင်းဆောင် ကိုဇွဲက ပြောပါတယ်။

"လုပ်တဲ့အဖွဲ့တွေကိုတော့ ဂုဏ်ယူတယ်ပဲ ပြောရမှာပေါ့၊ စစ်ကောင်စီကို ဒီလိုတိုက်ခိုက်တာတွေက PDF တွေအတွက်ကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သွားပြီ၊ ဘာဖြစ်လိုလည်းဆိုတော့ သူတို့က တပ်အပြင်ထွက်တာနဲ့ ခံရမှာပဲ၊ သူတို့က သူတို့တပ်မှာပဲနေ ကျွန်တော်တို့လာတဲ့အထိ ထိုင်စောင့်၊ ဒါဆိုရင်တော့ နည်းနည်းသက်သာမှာပေါ့၊ သူတို့ဘက်က ပြင်ဆင်ရမယ့်အချိန်ရှိတာနဲ့၊ ကျွန်တော်တို့ ခွင်တွေ အကုန်လုံးမှာဆိုရင် အပြင်ထွက်တာနဲ့ ခံရဖို့နဲ့ သေဖို့သာရှိတယ် "

နေပြည်တော်မှာ စစ်ကောင်စီယာဉ်တန်းကို တွေ့ရစဉ်။ (Photo : AFP)
နေပြည်တော်မှာ စစ်ကောင်စီယာဉ်တန်းကို တွေ့ရစဉ်။ (Photo : AFP)

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုက်ခိုက်မှုစွမ်းရည်၊ နည်းပညာပိုင်း၊ လက်နက်ပိုင်းတွေမှာ ပိုမိုအားကောင်းလာပြီး တိုးတတ်မှုတွေအများကြီးရှိတယ်လို့လည်း ကိုဇွဲက ပြောပါတယ်။

ဒီစစ်ထောက်ချုပ်ယာဉ်တန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်လို့ မရသေးပါဘူး။

ဒီယာဉ်တန်းမှာ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါခြင်းရှိမရှိကို RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲတဲ့ ဇန်နဝါရီ ၂၂ ရက်တုန်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးမှာ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်၊ တပ်ကြပ်ကြီး မြင့်အောင် အပါအဝင် အတူပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် မေလ ၃၁ ရက်ကလည်း တောင်ငူအခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်က ဒုဗိုလ်မှူးကြီး ရဲနိုင်ကို အမြန်လမ်းပေါ်မှာ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ် ဇွန်လတုန်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂၀ မှာ စစ်ကားခြောက်စီးပါ စစ်ကောင်စီယာဉ်တန်းကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။