ပဇီကြီးရွာ ထပ်မံတိုက်ခိုက်ဖျက်ဆီးခံရ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.04.21
ပဇီကြီးရွာ ထပ်မံတိုက်ခိုက်ဖျက်ဆီးခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧပြီလ ၁၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် မန်လည်တိုက်နယ်က ပဇီကြီးရွာကို စစ်ကောင်စီက လူပေါင်းရာနဲ့ချီ သေဆုံးသည်အထိ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပေမယ့် ကျေနပ်မှုမရှိသေးဘဲ နောက်ထပ်လေကြောင်း တိုက်ခိုက်မှုတွေအပြင် မီးရှို့ဖျက်ဆီးတာတွေကိုပါ ဧပြီလ ၂၀ ရက်အထိ လုပ်ဆောင်နေပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပဇီကြီးရွာအပြင် ပတ်ဝန်းကျင်ရွာ ၈ ရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရပြီး ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀၀ လောက် မီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့နေရာမှာ ရှိနေတာကြောင့် ဒေသခံပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်အောင် အခုလို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

“ကျေးရွာတွေကို မီးရှို့ ပြည်သူတွေကို စစ်ဘေးရှောင်တွေ ဖြစ်အောင်လုပ်ပြီးတဲ့အခါကျတော့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်အောင် သူတို့ကြံစည်ပြီးတော့ လုပ်ဆောင်နေတဲ့ သဘောမှာ ရှိတာပေါ့။ နောက်တစ်ခုက သူတို့ယူဆတာက ဒီပြည်သူတွေက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ရိက္ခာထောက်ပံ့တယ် ယူဆတယ် ဒါကြောင့်မို့ ဒါတွေမထောက်ပံ့နိုင်အောင် အမြစ်ဖြတ်လုပ်ဆောင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။”

ပဇီကြီးရွာဟာ မန္တလေးတိုင်းနဲ့ နီးကပ်တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေး အားကောင်းတဲ့ နေရာဖြစ်တာကြောင့် အခုလို သဲကြီးမဲကြီးတိုက်ခိုက်နေတာ ဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပဇီကြီးရွာကို သဲကြီးမဲကြီး ကျွန်တော်တို့က အဲဘက်တော့ မန္တလေးတိုင်းနဲ့ချုပ်စပ်လည်း ဖြစ်တယ် အဲဘက်က တော်လှန်ရေးအင်အားစုတွေကလည်း ဒေသကာကွယ်ရေး ဒေသအုပ်ချုပ်ရေး အကုန်လုံးဖြည့်ဆည်းနိုင်တဲ့ နေရာတွေချည်းပဲဆိုတော့ ဒါတွေကို သူတို့က ဖျက်ဆီးချင်တဲ့ သဘောပါပဲ ကျွန်တော်တို့ အင်အားစုတွေကို အကြောက်တရားသွင်းပြီး အတင်းအဓမ္မလုပ်နေတဲ့ ပုံစံပေါ့ဗျာ။”

နော်ဝေအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးကို အားကိုးလို့ ရမှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“ကမ္ဘာကြီးအနေနဲ့ကတော့ သိတဲ့အတိုင်းပဲ ကြေညာချက်ထုတ်ပြီးတော့ ကန့်ကွက်ရှုတ်ချကြတာအပြင် ဘာမှ ထွေထွေထူးထူး ထပ်လုပ်နိုင်တဲ့ အခြေအနေမျိုးမရှိဘူး ကျွန်တော်တို့မြင်ပါတယ်။ UN အနေနဲ့ ကြည့်မယ်ဆိုလို့ ရှိရင်တောင်မှ တရုတ်နဲ့ရုရှားကနေပြီးတော့ ဖိအားပေးထားတဲ့အတွက် ကြေညာချက်တောင်မှ မထုတ်နိုင်တာကို ကျွန်တော်တို့ တွေ့ရတယ် ဒါ့ကြောင့်ကျွန်တော်တို့ ကမ္ဘာကြီးကိုတော့ သိပ်မျှော်လင့်လို့တော့ မရဘူးပေါ့။”

ပဇီကြီး ပစ်ခတ်တိုက်ခိုက်ခံရပြီး လူ ၁၇၀ နီးပါး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီက ဧပြီလ ၁၂ ရက်နေ့မှာ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပေမယ့် တရုတ်နဲ့ ရုရှားရဲ့ ကန့်ကွက်မှုတွေကြောင့် ဘာဆုံးဖြတ်ချက်မှ မချနိုင်ခဲ့ပါဘူး။

340957912_779556317108054_2834450779900716727_n.jpg
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှ ဗုံးကြဲခံရသည့် နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီဟာ စံပြအနေနဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေကို အခုလို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“လူမျိုးရေးမပါပဲပေါ့နော် အခုအချိန်ခါမှာ ဒီမိုကရေစီအရေးအတွက်ပေါ့ စစ်အာဏာရှင်ရဲ့ ဒီလိုသိမ်းဆည်း ပြီးတော့ နယ်မြေတွေသိမ်းဆည်တယ် ပြီးတော့ ပြည်သူတွေကို အနိုင်ကျင့်တယ် မီးကုန်ယမ်းကုန်ပေါ့ဗျာ တစ်နိုင်ငံလုံးမှာ အဲလိုလုပ်နေတဲ့ဟာကို စစ်ကိုင်းတိုင်းကတော့ စံပြနမူနာအဖြစ် အင်နဲ့အားနဲ့ အနှံ့အပြား တော်လှန်ခဲ့ကြတဲ့အခြေအနေကို သူတို့ဘက်က မလိုလားဘူးပေါ့ဗျာ။ ဒါကြောင့်စစ်ကိုင်းတိုင်းကို အဓိက မဲပြီးတော့ လုပ်ဆောင်နေတယ်ပေါ့ စစ်ကိုင်းတိုင်းကို အဓိကမဲပြီးတော့ပေါ့နော် PDF တွေ တော်လှန်ရေး အင်အားစုတွေကို နှိမ်နင်းနေတာ ဖြစ်တယ် သူတို့ကစံပြအနေနဲ့ လုပ်နေတယ်လို့ ကျွန်တော်ကတော့ မြင်တာ ပေါ့ဗျာ။”

ဧပြီ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု ပြီးကတည်းက ပဇီကြီးရွာက လူ ၆၀၀ ခန့်ဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာမှာ ထွက်ပြေးပုန်းရှောင်နေရတာပါ။

ပဇီကြီးရွာကို ပစ်ခတ်တိုက်ခိုက်တာဟာ မှန်ကန်ကြောင်း စစ်ကောင်စီဘက်ကလည်း ဝန်ခံပြောဆိုထားပြီး NUG၊ CRPH ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရုံးခန်းဖွင့်လှစ်တာကြောင့် အခုလို ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၁ ရက်မှာ စစ်တပ်လက်အောက်ခံ မီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

340906406_1304853000098336_2298970994425532346_n.jpg
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှ ဗုံးကြဲခံရသည့် နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အဲဒီရပ်ရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတွက် ဒေသခံပြည်သူတွေက ဦးဆောင်ပြီး ရုံးခန်းသစ်တည်ဆောက်ပေးပြီးလို့ အလှူပြုလုပ်နေတာ ဖြစ်တယ်လို့ ၁၅ ရက်နေ့ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

“အိမ်အသစ်ဆောက်တဲ့အခါမှာ ဒီအိမ်ကတော့ ရုံးဖွင့်ဖို့ရည်ရွယ်တဲ့အိမ်ပေါ့ ပြည်သူတွေက ကိုယ့်ရွာကိုဒီနေရာက အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး လုံးဝမရှိတော့တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်ရွာကို ကိုယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ဖော်ဆောင်ရမယ်ဆိုပြီးတော့ ပြည်သူတွေက ကိုယ့်ရွာကို ကိုယ်အုပ်ချုပ်ဖို့အတွက် ဒီဟာလေးကို ဝိုင်းဝန်းပြီးတော့ ဆောက်ကြပြီးတော့ ဒီဟာကိုရုံးအဖြစ်ရည်ရွယ်ထားတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမှာ ရုံးအသစ်ရည်ရွယ်ထားတဲ့အတွက်ကြောင့်မို့လို့ ရပ်ဓလေ့ ရွာဓလေ့အရ အိမ်အသစ် ရုံးအသစ်ဆောက်ပြီဆိုရင် အလှူအတန်းလုပ်ကြတဲ့ သဘောပါပဲ ကြိုတင်သတင်းရရှိမှု ကျွန်တော်တို့ မရှိခဲ့ဘူးပေါ့နော် အသံကြာတော့မှ သာလျှင်သိခဲ့တဲ့ အတွက်ကြောင့်မို့လို့ အဲအချိန်မှာတော့ ပြေးလွှာဖို့အတွက် ပုန်းအောင်းဖို့အတွက် အချိန်မမှီတော့ အနေအထားဖြစ်ပါတယ်လို့။”

ပဇီကြီးကျေးရွာ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ဗုံးစထိမှန်တာကြောင့် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသူတွေကိုလည်း တွေ့ရပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီက ပစ်မှတ်ထား သဲကြီးမဲကြီးတိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း နှစ်ကြောင်းဟာ တစ်ရွာဝင် တစ်ရွာထွက် ထိုးစစ်ဆင်နေပြီး ပဇီကြီးရွာကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။