ပဇီကြီးရွာကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီပြော

RFA Burmese
2023.04.15
ပဇီကြီးရွာကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီပြော ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ စစ်ကောင်စီ၏ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား မီးရှို့သင်္ဂြိုဟ်ပေးနေသည်ကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံး ဖွင့်ဖို့ စီစဉ်နေတာကြောင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီက ဧပြီ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခဲ့လို့ အမျိုးသမီး ၂၂ ဦး၊ ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး စုစုပေါင်း ဒေသခံ ၁၆၅ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့စစ်ဆင်ရေးအရ ဒါမျိုးလုပ်တယ်ဆိုတာက နောက်ထပ် ကျူးလွန်ဖို့ ထပ်ဝန်မလေးတဲ့ စစ်ကောင်စီရဲ့ ယုတ်မာမှုပေါ့"

စစ်ဆင်ရေးအရ လုပ်တယ်ဆိုတာ နောက်ထပ်ကျူးလွန်ဖို့ပါ ဝန်မလေးဘူးဆိုတာပြနေ တာလို့ ပဇီကြီးရွာခံ ကိုမောင်ဦးက RFA ကို ပြောပါတယ်။

"ရွာတိုင်း၊ မြို့တိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရှိနေမှာပဲ။ ပြည်သူအများစု နေထိုင်တဲ့နေရာကို ခွဲခြားပြီး လုပ်သင့်တယ်၊ စစ်ရေးပစ်မှတ်လို့ သဘောထားရင်တောင် ပြည်သူတွေမထိခိုက်အောင် လုပ်ဆောင် သင့်တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပြည်သူတွေမထိခိုက်အောင် တိုက်တာတွေရှိတယ်။ သူတို့က အဲဒီလိုမဟုတ်ဘူး၊ ရွာထဲကို ဝင်တာနဲ့ ဗုံးကြဲတယ်။ သတ်ဖြတ်တယ်။ နိုင်ငံတကာ ဥပဒေကိုရော၊ ဂျီနီဗာကွန်ဗန်းရှင်း ကိုရော လိုက်နာမှုမရှိဘူး။ သူတို့စစ်ဆင်ရေးအရ ဒါမျိုးလုပ်တယ်ဆိုတာက နောက်ထပ် ကျူးလွန်ဖို့ ထပ်ဝန်မလေးတဲ့ စစ်ကောင်စီရဲ့ ယုတ်မာမှုပေါ့"

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပဇီကြီးရွာ ဒေသခံတွေဟာ စစ်ဆင်ရေးကြောင့် သေဆုံး တာထက် ရုံးဖွင့်ပွဲ နေရာက လက်နက်ရုံပေါက်ကွဲတာနဲ့ လက်လုပ်မိုင်း၊ ပဒေသာမိုင်းတွေ ပေါက်ကွဲလို့ သေဆုံးရသူ ပိုများတယ်လို့ ဖော်ပြထားပါတယ်။

ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်ဟာ စွပ်စွဲမှုဖြစ်ပြီး ပြည်သူနဲ့ ကာကွယ်ရေးတပ်တွေကြား သွေးခွဲတဲ့ ဝါဒဖြန့်ချိရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ရဲ့ ရဲဘော်တွေစစ်သားတွေ တစ်ယောက်မှ အထိအခိုက်မရှိဘဲ ကျနော်တို့နယ်မြေ ထဲက ပြန်ထွက်သွားနိုင်တယ်ဆိုတဲ့ အနေအထားကိုကြည့်ရင် ကျနော်တို့ဆီမှာ ဘာလက်နက်ခဲယမ်း၊ ဘာဖောက်ခွဲရေး ပစ္စည်းမှ မရှိဘူးဆိုတာ သိသိသာသာ ထင်ထင် ရှားရှားသိနိုင်ပါတယ်။ တစ်နည်းပြောရရင် ကျနော်တို့ဆီမှာ ရှိသင့်သလောက်တော့ ရှိတယ်။ ယမ်းတောင့်တွေ၊ ယမ်းသိပ်ထားတဲ့ တူမီးတွေရှိတယ်။ ပီပီစီနှစ်လက်မပိုက်တွေ နဲ့ လက်လုပ်ဗုံးတွေရှိတယ်၊ အဲဒါတွေ ဆိုတာလည်း ကိုယ့်ဘာသာကာကွယ်လို့ရအောင် လုပ်ထားတာပဲရှိတယ်။ မိုင်းတွေပေါက်ကွဲပြီး သေတယ်ဆိုတာက သူတို့လုပ်ရပ်ကို ဖုံးကွယ်ချင်လို့ အကြောင်းပြ ချက်တစ်ခုပဲ"

သေဆုံးခဲ့ရတဲ့ ဒေသခံ ၁၆၅ ဦးမှာ ၅၉ ဦးသာ ခန္ဓာကိုယ်ပြန်ရပြီး ကျန်တဲ့အလောင်းတွေက တော့ ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ်အပိုင်းအစအဖြစ်သာ ကောက်ယူခဲ့ရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကိုင် ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ ကုန်းကြောင်းကနေ မထိုးဖောက်နိုင်ရင် လေကြောင်းစစ်ဆင်ရေးကိုပဲ အဓိကအားကိုး အသုံးပြုလာတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံနှင့် အပျက်အစီးအချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံနှင့် အပျက်အစီးအချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

NUG အနေနဲ့ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ အခုလိုအချိန်မှာ လူစုလူဝေးနဲ့ အခမ်းအနား တွေ မလုပ်ဖို့ အောက်ခြေ အဖွဲ့အစည်းတွေကို အသိပညာပေးဖို့လိုနေပြီလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

"လုံခြုံမှုနဲ့ပတ်သက်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတာပေါ့ဗျာ၊ အနန့်ပါမှာတော့ ၆၀ ကျော် သေတာပေါ့၊ အခုဟာက ၁၆၀ ကျော်သွားပြီ၊ အဲဒီတော့ ဒီအခြေအနေမျိုး မဖြစ်အောင် ကျနော်တို့အနေနဲ့ ဘာလုပ်သင့်လဲဆိုတော့ လူတွေ စုစုဝေးဝေးမနေဖို့ သတိထားဖို့ကောင်းတဲ့အချိန်ပေါ့၊ ကျနော်သိသလောက်ဆို ၁၉ ကြိမ်လောက်ရှိနေပြီ။ အခု ပဇီကြီးအပါ အကြိမ် ၂၀ ပေါ့၊ ဒီလိုအချိန် ဒီလိုအခြေအနေမှာ စုဝေးဖို့တွေ ဘာတွေမလုပ်ဖို့ အတော်လေး သတိထားပြီးတော့ လူထုထဲမှာ ဒါတွေနဲ့ ပတ်သက်ပြီး NUG အနေနဲ့ လမ်းညွှန်ချက်တွေ ထုတ်ပေးဖို့လိုပြီလို့ ထင်ပါတယ်"

ပဇီကြီးရွာရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ NUG အပါအဝင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ကောင်စီကို ပြစ်တင်ဝေဖန်ထောက်ပြကြပါတယ်။

ပဇီကြီးရွာဒေသခံတွေကလည်း အာဏာသိမ်းစစ်ကောင်စီကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်မကျူးလွန်နိုင်အောင် လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီ ဘယ်သူမှမရောင်းချဖို့ တောင်းဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။