ပေါက်မှာ စစ်ကြောင်းဝင်လာလို့ ရွာ ၁၂ ရွာက ဒေသခံသုံးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.02.25
ပေါက်မှာ စစ်ကြောင်းဝင်လာလို့ ရွာ ၁၂ ရွာက ဒေသခံသုံးထောင်ကျော် ထွက်ပြေး မကွေးတိုင်း၊ ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Pauk Newsletter page

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာပေါင်း ၁၂ ရွာက ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကျွန်းတောရွာ၊ စဖဲရွာ၊ ထန်းငယ်တောရွာ၊ ရှခွကြီး၊ ရှခွလေး၊ ညောင်းဝင်းပေါက်ရွာ အပါအဝင် ရွာပေါင်း ၁၂ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

"အခုအချိန်အထိတော့ စစ်ကြောင်းထိုးနေတယ်ဗျ။ အနီးဝန်းကျင်က ရွာတွေကိုပေါ့”

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စဖဲရွာကို စစ်ကြောင်းဝင်ရောက်လာချိန် အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ရွာတွေကိုတော့ အခုဒီစစ်ကြောင်းက မီးမရှို့ဘူးဗျ။ ဆိုင်ကယ်တွေ၊ အဝတ်အစားတွေ ကိုတော့ ယူသွားတာ။ ဆိုင်ကယ်လေးစီး မီးရှို့ခံရတာရှိတယ်။ အဝတ်အစားသေတ္တာကို ဖောက်ပြီး ကောင်းတာတွေ ယူသွားတာရှိတယ်။ ပြည်သူတစ်ယောက် အသက်ဆုံးရှုံး တာရှိတယ်၊ ကျည်မှန်လို့။ စစ်ကြောင်းလာတယ်ဆိုလို့ ပြေးရင်းရှောင်ရင်းနဲ့ ပစ်ခံရတာရှိတယ်။ သေနတ်နဲ့ပစ်ခံရတာ ရင်ဘတ်တည့်တည့်မှန်တာ။ ဒီနေ့မှာပဲ ရုပ်အလောင်းကို ကျနော်တို့ သင်္ဂြိုဟ်လိုက်ရတယ်ဗျ။ အသက်ကတော့ ၅၀၊ ၅၅ နှစ်လောက်ရှိမှာ အမျိုးသမီး စဖဲရွာကဗျ”

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၅ ရက်မှာတော့ ရှခွကြီးရွာ အနောက်ဘက်ကနေ ပြန်ထွက်ပြီး အနီးအနား ရွာတွေဆီ ဦးတည်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ကျတော့ ဒီကောင်တွေက မနက်စော ၇ နာရီလောက်ကစပြီးတော့ ရှခွကြီးကနေ အနောက်ကိုထွက်တယ်။ အနောက်ကိုထွက်ပြီးတော့ ညောင်ဝင်းပေါက်ကိုသွားတယ်။ ညောင်ဝင်းပေါက်ကနေမှ တစ်ခါ ကျနော်တို့ သီးချောက် သီးချောက်ကနေတစ်ခါ ပေါက်ထဲကိုဝင်တယ်။ ပေါက်ထဲကနေမှ အခု အုန်းတောဘက်ကို ပြန်လှည့်တယ်”

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါ အဲဒီစစ်ကြောင်းဟာ ပခုက္ကူဘက်ကနေ ဝင်ရောက်လာတာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ပေါက်မြို့နယ်မြောက်ခြမ်းက ကျွန်းတော၊ စဖဲ၊ ထန်းငယ်တော၊ ရှခွကြီး၊ ရှခွလေးနဲ့ ညောင်ဝန်းပေါက်ရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်တာ နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပေါက်မြို့နယ် ပျုစောထီးရွာလို့ခေါ်ကြတဲ့ ကုက္ကိုစုရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ PDF တပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့သလို စစ်ကောင်စီ တပ်ကလည်း တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်တစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Pauk Newsletter page)
မကွေးတိုင်း ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Pauk Newsletter page)

အဲဒီ ပျုစောထီးစခန်း တိုက်ခိုက်ခံရတာကြောင့် အခုလို ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ကုက္ကိုစု ပြောရမယ်ဆိုရင် ပျုစောထီးတွေရဲ့ရွာကို ကာကွယ်ရေး တွေ တပ်ပေါင်းစုတွေ PDF တွေက ဝိုင်းတိုက်လိုက်တယ်။ ဝိုင်းတိုက်လိုက်တော့ ရဟတ်ယာဉ်နဲ့ လာပစ်တာခတ်တာရှိတယ်။ ပြီးတော့ စစ်ကြောင်းက နယ်မြေရှင်းလင်း ရေးပုံစံနဲ့ တန်းပြီးဝင်လာတာဗျ။ စစ်ကူရောက်လာတာဗျ။ အခုအချိန်အထိတော့ စစ်ကြောင်းထိုးနေတယ်ဗျ။ အနီးဝန်းကျင်က ရွာတွေကိုပေါ့”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစိုးမြင့်ပိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒေသခံတွေကတော့ လက်ရှိ ဘေးလွတ်ရာရွာတွေမှာ သွားရောက်ခိုလှုံနေကြရသလို စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားရင်တော့ မူလနေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းကလည်း ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ခဲ့ပြီးနောက် ရွာငါးရွာက အိမ်ပေါင်း ၉၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။