ကျောင်းဖွင့်ရေး အစီအစဉ် လုံခြုံရေးကြောင့် မိဘတွေစိုးရိမ်

2021.10.29
ကျောင်းဖွင့်ရေး အစီအစဉ် လုံခြုံရေးကြောင့် မိဘတွေစိုးရိမ် ၂၀၂၁၊ မေလ ၂၆ ရက်နေ့က ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းရှေ့မှာ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်းကို လေ့လာ ဆန်းစစ်ပြီးနောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေ အပါအဝင် အခြေခံပညာဦးစီးဋ္ဌာနလက်အောက်က အခြေခံ ပညာ စာသင်ကျောင်းအားလုံးကို နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်တာလို့ စစ်ကောင်စီရဲ့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု အခြေအနေတွေအရ ကချင်ပြည်နယ်က ပူတာအို အပါအဝင် ခြောက်မြို့နယ်၊ ကယားပြည်နယ်က ဖားဆောင်းအပါအဝင် သုံးမြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ်၊ ချင်းပြည်နယ်က နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းက လေရှီးမြို့နယ်၊ မကွေးတိုင်းက ဆောအပါအဝင် လေးမြို့နယ်၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ် ဂွမြို့နယ် နဲ့ ရှမ်းပြည်နယ်က လားရှိုးအပါအဝင် ၂၆ မြို့နယ် စုစုပေါင်း မြို့နယ် ၄၆ ခုမှာတော့ ကျောင်းတွေ ယာယီ ဆက်ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်မှု အခြေအနေဟာ ငါးရာခိုင်နှုန်းအောက် ကျဆင်းလာတာကြောင့် ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်တာလို့ ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုး က RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ ၅ ရာခိုင်နှုန်းအောက် ကျတဲ့နေရာတွေ အများကြီးရှိနေပြီ။ လူဦးရေ တစ်သိန်းမှာ ၂၀ အောက် ကျတဲ့ နေရာတွေ အများကြီးရှိနေပြီ။ တစ်ပြည်လုံးအနေနဲ့လည်း ငါးရာခိုင်နှုန်းအောက်ကို စဆင်းနေပြီ။ အဲလိုအနေအထားမျိုးမှာ လုပ်ငန်းတွေ တော်တော်များများ ဆောင်ရွက်လို့ရတယ်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ နည်းပညာကော်မတီ အဆင့်ဆင့်နဲ့ ဒါတွေကို ဆောင်ရွက်နေပါတယ်"

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ တစ်ရက်မှာ ပျမ်းမျှလူဦးရေ နှစ်သိန်းခွဲကို ဆေးထိုးနှံ ပေးနေပြီး အောက်တိုဘာ ၂၁ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ငါးသန်းကျော် (၅,၁၅၇,၀၄၈ ဦး) နဲ့ ပထမအကြိမ် ထိုးနှံပြီးစီးသူ ခုနစ်သန်းခန့် (၆,၉၆၁,၅၉၉ ဦး) ရှိကာ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၇ သန်းကျော် (၁၇,၂၇၅,၆၉၅ ကြိမ်) ထိုးနှံပြီးပြီလို့ ဆိုပါတယ်။

အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသားလူငယ်တွေကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကစပြီး တရုတ်နိုင်ငံထုတ် Sinopharm Covid-19 ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို Covid-19 ကာကွယ်ဆေး ထိုးနှံပေးနေပေမယ့် ကျောင်းသား ၅၀ ရာခိုင်နှုန်းလောက်ကသာ ကာကွယ်ဆေး လာရောက်ထိုးနှံလို့ ကျောင်းသားအားလုံးကို လွမ်းခြုံနိုင်မှု မရှိသေးသလို နောက်ထပ် ကူးစက်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရှမ်းပြည်နယ်က ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

"ရောဂါကြီးကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာ စိုးရိမ်တယ်။ ၁၂ နှစ်အထက်တွေကိုပဲ ဆေးထိုးတာက တစ်ကြောင်း၊ ၁၂ နှစ်ဆိုတာ Grade-6 ပေါ့နော်၊ အဲဒီမှာ ၁၂ နှစ်ပြည့်ပြီးသူလည်းရှိသလို မပြည့်သေးသူ လည်း ရှိတယ်။ ကာကွယ်ဆေး မထိုးထားသေးတဲ့ ကလေးတွေကျတော့ရော ဘယ်လိုကာကွယ်မှု ရှိနိုင်မလဲ။ Mask ကိုအုပ်ပြီး အချိန်ပြည့် စာသင်ရမယ်ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အထက်တန်း ကျောင်းသား အဆင့်လောက်ပဲ ခံနိုင်မယ်။ မူလတန်းကလေးတွေအတွက်တော့ အဆင်မပြေနိုင်ဘူး"

ပညာသင်နှစ်ဟာ ၄ လဝန်းကျင်လောက်သာ ရှိတော့တာကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသင်ရိုး တွေကို အချိန်တိုအတွင်း ပြီးပြတ်အောင်သင်ဖို့ ခက်ခဲသလို ကျောင်းသားတွေဟာလည်း သင်ရိုးပါစာတွေကို အမှန်တကယ် တတ်မြောက်မှာမဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတဝှမ်း ကျေးလက်ရော၊ မြို့ပြတွေမှာပါ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ့ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အရပ်သားခုခံ ကာကွယ်ရေး တပ်ဖွဲ့ပေါင်း ၃၄၄ ဖွဲ့အထိရှိနေနေပြီး တိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ရှိနေတာပါ။

စစ်တပ်နဲ့ PDF အဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ နိုင်ငံအဝှမ်းမှာ တိုက်ခိုက်မှု ၉၈၆ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၃၁၂ ကြိမ်၊ စုစုပေါင်း ၃၆၄၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်ရဲ့ အောက်တိုဘာ ၂၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၂၅၁ လုံး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ ဗုံးခွဲမှုတွေ၊ မိုင်းထောင် မိုင်းခွဲမှုတွေဟာ စိန်ခေါ်မှု တစ်ရပ်အသွင် ရှိနေဆဲဖြစ်တယ်လို့လည်း စစ်ကောင်စီက အဲဒီထုတ်ပြန်ချက်မှာ တစ်ပါတည်း ဝန်ခံ ထားပါတယ်။

behs-dagon.jpg
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်က အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းအပ်နှံရေးနှိုးဆော်စာကပ်နှံထားတာကို ၂၀၂၁၊ မေ ၂၉ ရက်နေ့က တွေ့ရစဉ်

ဒီအခြေအနေမှာ ကျောင်းပြန်ဖွင့်တာဟာ အန္တရာယ် များလွန်းတာကြောင့် သားဖြစ်သူကို ကျောင်းကို လွှတ်ဦးမှာ မဟုတ်ဘူးလို့ မြင်းခြံမြို့က ဒုတိယတန်းကျောင်းသားတစ်ဦးရဲ့ ဖခင် ကိုထွန်းလင်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ကလေးတွေပညာရေး နှောင့်နှေးမှာကို ကြောက်တယ်။ ကိုယ်တိုင်လည်း ပညာကို ထွန်းထွန်းပေါက်ပေါက် မရောက်ခဲ့ဘူး။ အဲဒါကြောင့် ကိုယ့်သားသမီးအတွက် ပညာရေး နှောင့်နှေးမှာကို စိတ်ပူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအချိန်မှာတော့ သူတို့ဖွင့်လှစ်တဲ့ ပညာရေးကာလမှာ ကျန်းမာရေးအရ လုံခြုံမှုမရှိတာရယ်၊ ကလေးတွေ ဓားစာခံဖြစ်မှာကို စိုးရိမ်တာရယ်ကြောင့် ကျွန်တော်တို့ ကျောင်းထားဖို့ လုံးဝ အစီအစဉ် မရှိပါဘူး"

ကျောင်းသားမိဘ၊ ဆရာတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာတာကြောင့် နိုင်ငံအတွင်း ရပ်နားထားရတဲ့ ပညာရေးယန္တရားကို ပြန်လည်ပတ်ဖို့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်နိုင်ရေး အတွက် ဆောင်ရွက်ရမယ်လို့ အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

"ကလေးတွေရဲ့ ပညာတတ်မြောက်ရေးအတွက် စေတနာထားလို့ ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုတာ ဘယ်လိုမှ ယုံကြည်လို့မရပါဘူး"

ကိုဗစ် - ၁၉ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကျောင်းသားတွေ အများအပြား ကျန်ရှိနေသလို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လို့ ပညာရေးဝန်ထမ်းတွေ အုံနဲ့ကျင်းနဲ့ အလုပ်ဖြုတ် ခံထားရချိန်မှာ စစ်တပ်က ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားတာဟာ လူငယ်တွေကို ပညာတတ်စေချင်လို့ မဟုတ်ဘဲ တိုင်းပြည်ရဲ့ ယန္တရားတွေကို ကောင်းကောင်း ထိန်းချုပ်ထားပြီဆိုတာကို ပြသလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ကျောင်းဆရာတစ်ဦးက ဝေဖန်ပါတယ်။

"ဒီလိုအခြေအနေမျိုးမှာ ကိုယ့်သားသမီးကို ကိုယ့်ရင်ခွင်ကနေထုတ်ပြီး ကျောင်းကိုပို့မယ်ဆိုရင် ရောဂါဘေး၊ လက်နက်ဘေးတွေကြားထဲ တွန်းပို့သလိုဖြစ်မှာလည်း စိုးရိမ်မိတယ်ဗျ။ နောက်တစ်ခုက အခုကျောင်းဖွင့်တဲ့ အချိန်မှာ နိုဝင်ဘာ ၁ ရက် ဖြစ်နေတဲ့အတွက် စာသင်နှစ်ရဲ့ ဒုတိယနှစ်ဝက်ပိုင်း ရောက်နေပါပြီ။ သင်ရိုးညွှန်းတမ်းအတိုင်း အချိန်ပြည့်မီအောင် သင်ကြားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး။ မဖြစ်ဖြစ်အောင် ဇွတ်အတင်း လုပ်မယ် ဆိုရင်လည်း ထိရောက်တဲ့ သင်ကြားမှုမျိုးဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော့်အမြင်မှာတော့ စစ်ကောင်စီဟာ တိုင်းပြည် ပုံမှန်လည်ပတ်နေပြီဆိုတဲ့အကြောင်းကို ကမ္ဘာကြီးကို လိမ်ညာဖို့အတွက် ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်လေးတွေကို အသုံးချနေပြီလို့ မြင်ပါတယ်။ ကလေးတွေရဲ့ တကယ်ပညာတတ်မြောက်ရေးအတွက် စေတနာထားလို့ ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုတာ ဘယ်လိုမှ ယုံကြည်လို့မရပါဘူး။ ကျောင်းသားလူငယ်တွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေတဲ့ စစ်ကောင်စီဟာ ကျောင်းသားလူငယ်တွေရဲ့ ပညာရေးအတွက် ကျောင်းပြန်ဖွင့်ခြင်းထက် သူတို့ရဲ့ ယန္တရားလည်ပတ်နေကြောင်း ပြချင်တာနဲ့ ရှေ့နောက်မစဉ်းစားဘဲ လုပ်တယ်လို့မြင်တယ်"

ပညာရေးဝန်ကြီးဋ္ဌာနရဲ့ ၂၀၂၀ ခုနှစ် စာရင်းတွေအရ အခြေခံပညာအဆင့်မှာ ဆရာ၊ ဆရာမ လေးသိန်းကျော် (၄၃၂၄၃၉ ဦး) ရှိပါတယ်။

အဲဒီထဲက ဒီနေ့အထိ ဆရာ၊ ဆရာမ တစ်သိန်းခွဲဝန်းကျင်ဟာ CDM မှာ ပါဝင်တဲ့အတွက် အလုပ်က ထုတ်ပယ်ခံလိုက်ရတယ်လို့ အခြေခံပညာ အထွေထွေသပိတ်ကော်မတီ (Basic Education General Strikes Committee – BEGSC) က ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ကြားကပဲ ပြီးခဲ့တဲ့ ဇွန်လက တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ချက်တွေအရ အဲဒီအချိန်က တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေထဲက ၈၈.၁၁ ရာခိုင်နှုန်း ဖြစ်တဲ့ ကျောင်းပေါင်း ၄၂၀၈၀ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျောင်းတွေဖွင့်ပြီး မကြာခင် သီတင်းပတ်တွေအတွင်းမှာပဲ နိုင်ငံတွင်းမှာ ကိုဗစ် - ၁၉ တတိယလှိုင်း ကြောင့် ကျောင်းတွေအားလုံးကို ယာယီရပ်နားခဲ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ အခု ဒုတိယအကြိမ် ထပ်ဖွင့်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။