စိန်ခေါ်မှုတွေကြားက တအာင်းဒေသမှာ စာသင်ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်
2025.03.08

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေတွေက ကလေးတွေကို ပညာသင်ကြားပေးနိုင်ဖို့အတွက် တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘုန်းတော်ကြီးတွေနဲ့ TNLA တို့ပူးပေါင်းပြီး တအာင်းပြည်ပညာရေးကောင်စီ (TLEC) ကို ဖွဲ့စည်းထားပါတယ်။
၂၀၂၂-၂ဝ၂၃ ပညာသင်နှစ်ကစလို့ TLEC က အခြေခံပညာကျောင်း သုံးရာကျော်ဖွင့်လှစ်ပြီး တအာင်းဒေသက ကလေးတွေကို ပညာသင်ကြားပေးခဲ့ပါတယ်။
၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်မှာတော့ အခြေခံပညာကျောင်းပေါင်း ခြောက်ရာကျော်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဆရာ၊ ဆရာမ သုံးထောင့်ငါးရာကျော်က ကျောင်းသား၊ ကျောင်းသူ ခြောက်သောင်းခွဲကျော်ကို ပညာသင်ပေးနိုင်ခဲ့ တယ်လို့ TLEC က ပြောပါတယ်။
လာမယ့်နှစ်မှာတော့ ကျောင်းတွေထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
"ဒီနှစ်က ထပ်တိုးမယ့်မြို့နယ်ဆိုရင် ၁၀ ၂၇ အပိုင်း ၂ မှာ သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ငါးမြို့ကို ကျွန်မတို့ တိုးချဲ့ဖွင့်လှစ် သွားမှာဖြစ်တယ်"
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ် မြို့နယ်တွေမှာ လာမယ့် ပညာသင်နှစ်အတွင်း အခြေခံပညာ စာသင် ကျောင်းပေါင်း ၇၀၀ ကျော် ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာပါ။
ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ဖို့အတွက် ဆရာ၊ ဆရာမ တစ်ထောင့်ငါးရာကျော် ခေါ်ယူသွားမယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြေညာထားပါတယ်။ ဆရာ၊ ဆရာမ တစ်ထောင်ကို အရပ်သားတွေထဲက ခေါ်ယူမှာဖြစ်ပြီး ကျန်တဲ့ငါးရာကိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဆရာ၊ ဆရာမတွေကို ခေါ်ယူမယ်လို့ ဆိုပါတယ်။
"တအာင်းပြည်အတွင်းမှာ CDM တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အများကြီးလိုအပ်နေပါတယ်"
တအာင်းဒေသ ပညာရေးစတင်ဆောင်ရွက်ကတည်းက CDM ဆရာ၊ ဆရာမတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စတင်ခဲ့တာဖြစ်ပြီး တအာင်းဒေသမှာ ဖွင့်လှစ်တဲ့ကျောင်းတွေမှာ CDM ဆရာ၊ ဆရာမ တစ်ထောင်ကျော်ရှိတယ်လို့လည်း အဲဒီဒေသမှာ ကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ CDM ဆရာ ဦးသက်ပိုင်ထွန်းက ပြောပါတယ်။
တအာင်းဒေသပညာရေးအတွက် CDM တွေရဲ့ပူးပေါင်းမှု အများကြီးလိုအပ်နေတယ်လို့ CDM ဆရာ ဦးသက်ပိုင်ထွန်း က ပြောပါတယ်။
"တိုင်းရင်းသားဒေသဖြစ်တဲ့ တအာင်းပြည်အတွင်းမှာ CDM တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အများကြီးလိုအပ်နေပါတယ်၊ ဒီမှာလည်း မိသားစုဆန်ပြီးတော့ လွတ်မြောက်ဒေသတစ်ခုမှာ ဆောင်ရွက်ခွင့်ရတဲ့အခွင့်အရေးဟာ ကျွန်တော်တို့ ပညာရေးနဲ့ ရှင်သန်ချင်တဲ့ CDM တွေအတွက်တော့ တကယ်ကို အခွင့်ကောင်း အခါကောင်း ဖြစ်ပါတယ်"
ဆက်နွှယ်သောသတင်းများ
နိုင်ငံတစ်ဝန်း စာသင်ကျောင်း တစ်သောင်းကျော် ပိတ်ထားရ
ကယားပြည်နယ်မှာ IEC စာသင်ကျောင်း ၄၅၀ ကျော်ဖွင့်မည်
တိုင်းရင်းသားတွေ ထိန်းချုပ်ဒေသက ကျောင်းတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေရ
တအာင်းဒေသမှာ ကျောင်းတွေဖွင့်လှစ်သင်ကြားနေပေမယ့် သူတို့အတွက် စိန်ခေါ်မှုတွေတော့ ရှိနေပါတယ်။
လေကြောင်းအန္တရာယ်နဲ့ အရင်းအမြစ်အကန့်အသတ်တွေက စိန်ခေါ်မှုလို့ TLEC ပြောရေးဆိုခွင့်ရှိသူ မိုင်းတင်အောင်က ပြောပါတယ်။
"လက်ရှိကာလမှာတော့ စိန်ခေါ်မှုအမျိုးမျိုးရှိပါတယ်၊ ကျွန်တော်တို့မှာလည်း အရင်းအမြစ်တွေပေါ့နော်၊ အရင်းအမြစ်အကန့်အသတ်တွေ၊ လူသားအရင်းအမြစ်တွေ၊ ဘတ်ဂျက်အကန့်အသတ်လေးတွေ ရှိနေတော့ စိန်ခေါ်မှု ရှိပါတယ်၊ ကျွန်တော်တို့မှာ အမြဲတမ်း ကျောင်းသူကျောင်းသားတွေအတွက်ရော၊ ဆရာဆရာမတွေအတွက်ရော၊ ကျွန်တော်တို့က အချိန်မရွေး လေကြောင်းရန်အတွက်ကတော့ ဘေးကင်းလုံခြုံဖို့အတွက် ဆောင်ရွက်ရတဲ့ စိန်ခေါ်မှုရှိပါတယ်"
လေကြောင်းတိုက်ခိုက်မှုဟာ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပေမဲ့ ကလေးငယ်တိုင်းပညာရေးလက်လှမ်းမီနိုင်ဖို့နဲ့ ပညာသင်ကြားခွင့်ရနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်ကြောင့် ကလေးငယ်တွေမထိခိုက်အောင်နဲ့ ထိခိုက်မှုနည်းအောင် မြေပြင်မှာဆောင်ရွက်နေတဲ့ ဆရာဆရာမတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်လို့လည်း မိုင်းတင်အောင်က ပြောပါတယ်။
တိုက်ပွဲကာလဖြစ်တာကြောင့် ကလေးအားလုံး ကျောင်းမတက်နိုင်သေးဘူးလို့လည်း TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
"လက်ရှိကတော့ ကျွန်မတို့ဖွင့်ထားတဲ့ကျောင်းမှာဆို ကလေးတွေ တချို့ကတက်နေတယ်၊ တချို့ကလည်း တိုက်ပွဲကာလအလျောက် လုံခြုံရေးအခြေအနေအရ ကျောင်းနားတဲ့ကလေးတွေလည်းရှိပါတယ်၊ လာမယ့် နှစ်မှာတော့ ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်ထားပေမဲ့ အားလုံးကတော့ လုံခြုံရေးနဲ့ ဒေသတည်ငြိမ်ရေးအပေါ် မူတည်ပြီးတော့ ကလေးကျောင်းတက်နှုန်းက ဒီလိုပဲ ခန့်မှန်းနိုင်တာဖြစ်ပါတယ်"
TLEC ကဖွင့်လှစ်ထားတဲ့ အခြေခံပညာနဲ့ အဆင့်မြင့်ပညာကျောင်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်မှုရှိပေမဲ့ စီမံခန့်ခွဲမှုအပိုင်းကိုတော့ TLEC က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
"ဆရာဆရာမတွေ အကန့်အသတ်ရှိတယ်၊ လုံလောက်မှုတွေမပြည့်နိုင်သေးဘူး၊ လေကြောင်းရန်တိုက်ခိုက်မှုတွေ၊ ဒါတွေက ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ အဟန့်အတားဖြစ်တယ်"
အခြေခံပညာပြီးဆုံးသွားရင် အဆင်မြင့်ပညာရေးအတွက် အခြားတိုင်းရင်းသားဒေသက အဆင့်မြင့်ပညာကျောင်းတွေနဲ့လည်း ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။
ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရအောင်ဆောင်ရွက်နေပေမဲ့ အဟန့်အတားတွေရှိနေတယ်လို့ TLEC ပြောရေးဆိုခွင့်ရှိသူ မိုင်းတင်အောင်က ပြောပါတယ်။
"ကျွန်တော်တို့ TLEC အနေနဲ့ကတော့ကလေးငယ်တိုင်း ပညာသင်ကြားခွင့် လက်လှမ်းမီနိုင်ဖို့ကတော့ ကြိုးစား ဆောင်ရွက်နေတဲ့ အနေအထားတွေရှိပါတယ်၊ သို့သော်ငြားလည်း လက်ရှိမြေပြင်အနေအထားတွေက ကျွန်တော်တို့ ရည်ရွယ်ချက်တွေ ပြည့်ပြည့်ဝဝ မအောင်မြင်နိုင်တဲ့အနေအထားမှာ ရှိပါတယ်၊ အခုတောင်မှ ကျွန်တော်တို့က ကလေးငယ်တိုင်း ပညာသင်နိုင်ခွင့်ဆိုတာက လူသားအရင်းအမြစ် ဆရာဆရာမတွေ အကန့်အသတ်ရှိတယ်၊ လုံလောက်မှုတွေ မပြည့်နိုင်သေးဘူး၊ လေကြောင်းရန်တိုက်ခိုက်မှုတွေ၊ ဒါတွေက ကလေးငယ်တွေပညာသင်ကြားနိုင်ဖို့ အဟန့်အတားဖြစ်တယ်"
တအာင်းဒေသနည်းတူ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း စာသင်ကျောင်းတွေကို နှစ်စဉ် တိုးချဲ့ဖွင့်လှစ်နေပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း စာသင်ကျောင်းပေါင်း ငါးရာနီးပါး ဖွင့်လှစ်ခဲ့ပါတယ်။
အလားတူ ကယားပြည်နယ်မှာလည်း ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ၂၀၂၄-၂၅ ပညာသင်နှစ် အတွင်း စာသင်ကျောင်း လေးရာ့ငါးဆယ်ကျော် ဖွင့်လှစ်ခဲ့ပါတယ်။