ထိုင်းအာဏာပိုင်တွေ အရေးယူမှုကြောင့် မြန်မာရွှေ့ပြောင်းကျောင်းတချို့ ရပ်နားထားရ

RFA Burmese
2024.09.11
ထိုင်းအာဏာပိုင်တွေ အရေးယူမှုကြောင့် မြန်မာရွှေ့ပြောင်းကျောင်းတချို့ ရပ်နားထားရ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ Zaw Khaing Myo

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က “မေတ္တာရိပ်” အပါအဝင် မြန်မာစာသင်ကျောင်း ခြောက်ကျောင်းကို တရားမဝင်လို့ဆိုပြီး စက်တင်ဘာလ ပထမပတ်မှာ ထိုင်းအစိုးရက ပိတ်သိမ်းလိုက်ပြီးနောက် အဲဒီကျောင်းတွေက မြန်မာရွှေ့ပြောင်း ကျောင်းသား နှစ်ထောင်ခန့် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ကျောင်းတည်ထောင်သူတွေနဲ့ ကျောင်းသားမိဘတွေက RFA ကို ပြောပါတယ်။

အဲဒီအထဲက မေတ္တာရိပ် ကျောင်းဟာ ၂၀၂၂ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူ ကျောင်းသား တစ်ထောင်ကျော်ရှိပါတယ်။ အခုတော့ စာသင်နှစ်ဝက်မှာ ရုတ်တရက် ပိတ်သိမ်းလိုက်တဲ့အတွက် ကလေးတွေရော၊ မိဘတွေပါ အခက်ကြုံနေရတယ်လို့ အပိတ်ခံထားရတဲ့ မေတ္တာရိပ် ကျောင်းအုပ်ဆရာ ဦးဇော်ခိုင်မျိုးက RFA ကို ပြောပါတယ်။

"ကလေးတွေကလည်းများတော့ တော်တော်ကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ အခုချိန်မှာ မိဘတွေကလည်း လုပ်ငန်းခွင်ကို ဖြောင့်ဖြောင့်တန်းတန်း ၀င်လို့မရဘဲနဲ့ ကလေးတွေကို အိမ်မှာ ထားခဲ့လို့လည်းမရ၊ အလုပ်ထဲလည်း ခေါ်သွားမရနဲ့။ ကျောင်းဖွင့်တဲ့ရာသီ ဖြစ်နေတဲ့အတွက် တခြားကျောင်းတွေကိုလည်း ဒီကလေးတွေက သွားလို့မရဘူး။ အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့ရဲ့ အခွင့်အရေးတွေ တော်တော် ဆုံးရှုံးတယ်။ ဒီကျောင်းကလည်း ဆက်ဖွင့်လို့ ရမယ်၊ မရဘူးဆိုတာကလည်း တိတိကျကျ ပြောလို့မရသေးဘူး။ ကလေးတွေမှာ တော်တော်လေးကို ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားတယ်"

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ သားသမီးပညာရေးအတွက် မြန်မာရွှေ့ပြောင်း ကျောင်းတွေကိုပဲ အဓိက အားထားနေရတာပါ။

လတ်တလော ကလေးတွေ ပညာသင်ခွင့် ဆုံးရှုံးသွားသလို ကျောင်းသားမိဘတွေလည်း အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မေတ္တာရိပ်စာသင်ကျောင်းက ကျောင်းသား နှစ်ဦးရဲ့ ဖခင် ဦးမောင်သိန်းအေးက ပြောပါတယ်။

"ဒီကျောင်းပိတ်လိုက်တဲ့အတွက် ကျွန်တော်တို့ ကျောင်းသားမိဘတွေမှာဆိုရင် နှစ်ယောက်အလုပ်လုပ်တဲ့သူဆိုရင် တစ်ယောက်က အလုပ်နားနေရတယ်။ အဲဒီလို ဖြစ်ကုန်တယ်။ ကလေးတွေကို ကြည့်နေရတယ်။ စား၀တ်နေရေးအခက်အခဲတွေ ဖြစ်တယ်။ သားသမီးတွေက ကိုဗစ်နဲ့ နှစ်နှစ် သုံးနှစ် စာမသင်ရတဲ့အချိန် အခုပဲ စပြီး စာသင်ရတဲ့အချိန်မှာ ဒီလိုဖြစ်တာ စိတ်မကောင်းဘူး"

စူရတ်ဌာနီခရိုင်အတွင်းက ပိတ်သိမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းက ကလေးငယ်တွေအနေနဲ့ ထိုင်းအစိုးရကျောင်းတွေမှာ တက်ရောက်ချင်ရင် စာရင်းပေးသွင်းနိုင်တယ်လို့ ထိုင်းအစိုးရက စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျောင်းသားမိဘတွေကတော့ မြန်မာရွှေ့ပြောင်းကျောင်းတွေကိုပဲ ပြန်ဖွင့်ပေးစေလိုတယ်လို့ ပြောကြပါတယ်။ အပိတ်ခံရတဲ့ ကျောင်းတွေ ပြန်ဖွင့်ခွင့်မရရင် ကျောင်းသူ ကျောင်းသား လေးပုံတစ်ပုံလောက်သာ ထိုင်းကျောင်းတွေ တက်နိုင်မှာဖြစ်ပြီး ကျန်တဲ့ ကျောင်းသားအများစုကတော့ ပညာသင်နှစ်တစ်နှစ် နောက်ကျသွားမဲ့ အခြေအနေရှိနေတယ်လို့လည်း ကျောင်းသားမိဘတွေက ပြောကြပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ထိုင်းပညာရေးဝန်ကြီးဌာနက နောက်ထပ် တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာစာသင်ကျောင်းတွေ ရှိ၊ မရှိနဲ့ သင်ကြားရေး ဆရာ၊ ဆရာမတွေ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရှိ၊ မရှိ စစ်ဆေးဖို့ ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ ဒါကြောင့် တခြားကျောင်းတွေလည်း စိုးရိမ်ပူပန်နေရတယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း စာသင်ကျောင်းတည်ထောင်ထားသူတစ်ဦးက ပြောပါတယ်။

"ဘယ်လိုမျိုးအချိန်မှာ လာပြီးတော့ဖြစ်မလဲဆိုတော့ စိုးရိမ်စိတ်တော့ရှိတယ်။ သို့သော် ကျောင်းမှာရှိတဲ့ ကလေးတွေအားလုံးရဲ့ အထောက်အထားတွေကို မြို့နယ်ရုံး၊ မြို့နယ်လူကြီးတွေကို ပေးထားပြီ ဖြစ်တဲ့အတွက် စိတ်တော့ နည်းနည်းအေးတယ်။ သို့သော် စူရတ်ရဲ့ ရိုက်ခတ်မှုကြောင့် စိတ်ပူမိတာတွေရှိတယ်။ မြန်မာနိုင်ငံရေး အနေအထား မကောင်းတဲ့အချိန်မှာ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဖိနှိပ်မှုတစ်ခုလို ခံစားရတယ်။ ကျွန်တော်တို့ ကလေးတွေအတွက် ပညာရေး အနာဂတ်အတွက် အများကြီး စိတ်ပူမိတယ်"

ထိုင်းအာဏာပိုင်တွေက ရှောင်တခင်စစ်ဆေးမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ခုနစ်ကျောင်းလောက် ရပ်နားထားရတယ်လို့ ရွှေ့ပြောင်းကျောင်းတွေမှာ ကူညီလုပ်ကိုင်ပေးနေသူတချို့က ဆိုပါတယ်။

"ကျောင်းတစ်ကျောင်းမှာ အဓိက ထိုင်းဆရာ ရှိရမယ်။ ထိုင်းနိုင်ငံတော်သီချင်းပဲ ဆိုရမယ်။ ဘုရင်ပုံကို သပ်သပ်ရပ်ရပ် ထားရမယ်။ အဲဒါတွေကို အဓိက စစ်သွားမှာ"

ဒါ့အပြင် မဲဆောက်အပါအ၀င် တာ့ခရိုင် မြို့နယ်ငါးခုက ထိုင်းအစိုးရ တရား၀င်ခွင့်ပြုချက်ရရှိထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်း ၆၃ ကျောင်းကိုလည်း ထိုင်းအာဏာပိုင်တွေ လိုက်လံစစ်ဆေးမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားရတယ်လို့ မြန်မာရွှေ့ပြောင်းကျောင်း တည်ထောင်သူတစ်ဦးက ပြောပါတယ်။

"အဓိကတော့ မြန်မာနိုင်ငံတော်သီချင်းဆိုတာ နံပါတ် တစ်ပြဿနာ။ ပြီးရင် မြန်မာ ယူနီဖောင်းကို သူတို့ သဘောမကျဘူး။ သူတို့ကပညာရေးကို ထိုင်းနဲ့ ပူးတွဲပြီး သွားစေချင်တယ်။ ကျောင်းတစ်ကျောင်းမှာ အဓိက ထိုင်းဆရာ ရှိရမယ်။ ထိုင်းနိုင်ငံတော်သီချင်းပဲ ဆိုရမယ်။ ဘုရင်ပုံကို သပ်သပ်ရပ်ရပ် ထားရမယ်။ အဲဒါတွေကို အဓိက စစ်သွားမှာ"

မြန်မာစာသင်ကျောင်းတွေအနေနဲ့ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ ဖွင့်လှစ်ဖို့၊ စာသင်ပေးနေတဲ့ ရွှေ့ပြောင်းမြန်မာတွေအနေနဲ့လည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့လိုတယ်လို့ ကူညီပေးနေသူတွေက ထောက်ပြကြပါတယ်။

စူရတ်ဌာနီခရိုင်က ပိတ်သိမ်းခံထားရတဲ့ ကျောင်းတွေက သင်ကြားရေး ဆရာ၊ ဆရာမ ၂၄ ဦးလည်း စစ်ဆေးခံနေရပြီး ထိုင်းဥပဒေအရ အရေးယူခံရတာတွေ ရှိလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

"သူတို့ ဥပဒေအတိုင်း စီစဥ်လိမ့်မယ်ထင်တယ်။ ပထမအချက်က သူတို့ အထောက်အထား ရှိလားပေါ့။ ဒုတိယအချက်ကတော့ အထောက်အထား ရှိပေမဲ့လည်း အလုပ်လုပ်တဲ့နေရာလွဲနေရင် ရက် (၉၀)။ အထောက်အထား မရှိဘူးဆိုရင် ရက် (၉၀)။ တကယ်လို့ သူတို့၀န်ခံရင် သူတို့ကို များသောအားဖြင့် တစ်၀က်လျှော့ပေးတယ်။ ဒါပေမဲ့ အဲဒီတရားစီရင်မှု မရောက်ခင်မှာ သူက အချုပ်ထဲမှာ နေရတယ်။ ချက်ချင်းတရားရုံး မတက်ရဘူး။ ပြီးရင် တရားရုံးခေါ်ဆိုမှပဲ ထောင်ဒဏ်ငွေဒဏ်ပေးပြီး ပြန်ပို့မယ်"


ဆက်နွှယ်သောသတင်းများ

CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း

ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု

ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း


ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်း မပြန်သေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်း မပြန်သေးပါဘူး။ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကတော့ မြန်မာရွှေ့ပြောင်းကျောင်းတွေကို ပိတ်သိမ်းလိုက်တာဟာ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို ဆုံးရှုံးစေတာကြောင့် ကလေးတွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် ကျောင်းတွေ ပိတ်သိမ်းတဲ့အပေါ် ပြန်လည် သုံးသပ်သင့်ကြောင်းနဲ့ ရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားခွင့်ရရှိဖို့ ဆောင်ရွက်ရမဲ့ အရေးကြီးတဲ့ အချက်တွေကို အကောင်အထည်ဖော်သင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေး အနည်းဆုံး ငါးသိန်းလောက်ရှိတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။