စာသင်ကျောင်းလုံခြုံရေး ပြင်ဆင်မှုအပေါ် မိဘတွေ စိုးရိမ်

RFA Burmese
2023.12.11
စာသင်ကျောင်းလုံခြုံရေး ပြင်ဆင်မှုအပေါ်  မိဘတွေ စိုးရိမ် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့က စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ဖို့ ပြင်ဆင်လာတာကြောင့် ကလေးတွေ စာသင်ကြားရာမှာ အနှောင့်အယှက် ဖြစ်မှာနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အန္တရာယ်ရှိလာမှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေကြ တာပါ။

အာဏာသိမ်းထားတဲ့ အစောပိုင်းကာလမှာ စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေထိုင်ခဲ့ကြပေမယ့် ၂၀၂၂ခုနှစ်ကစပြီး ပြန်လည်ဆုတ်ခွာသွားကြတာပါ။

"စာသင်နှစ်တစ်ဝက်ကျော်နေပြီဆိုတော့ ကလေးတွေကို ဆက်ထားဖို့၊ မထားဖို့က စဉ်းစားနေရပြီ"

RFA က လက်လှမ်းမီသလောက် မေးမြန်းချက်တွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်း ကတည်းက မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊ လှိုင်၊ သန်လျှင်စတဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်နေရာပြန်စွဲဖို့ ကျောင်းတာဝန်ရှိသူတွေကို အကြောင်းကြားလာတယ်လို့ ရန်ကုန်မြို့က ကျောင်းသားမိဘ တချို့က ပြောကြပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) က စတုတ္ထတန်း ကျောင်းသူတစ်ဦးရဲ့ မိခင် ဒေါ်ခက်ချိုက စစ်တပ်သာ ကျောင်းတွေထဲ တပ်စွဲနေမယ်ဆိုရင် ကလေးကို ကျောင်းပြန်ပို့သင့်၊ မပို့သင့် စဉ်းစားရမယ်လို့ ပြောပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် မူရင်းအသံကို ပြောင်းထားပါတယ်။

"သူတို့သာ တပ်စွဲမယ်ဆိုရင် ကလေးတွေအတွက် လုံခြုံရေးအခြေအနေက စိုးရိမ်ရမှာ အမှန်ပဲ။ တခြားသူထက် သူတို့ကို ကြောက်ရတာ။ စာသင်ကျောင်းနဲ့ စစ်တပ်ဆိုတာ မသက်ဆိုင်တာကြီးပဲ။ သေနတ်ကြီး တကားကားနဲ့ စာသင်ကျောင်းထဲမှာ လျှောက်သွားနေတာကို ဘယ်ကျောင်းသားမိဘကမှ မကြိုက်ကြဘူး။ အခုက စာသင်နှစ်တစ်ဝက်ကျော်နေပြီဆိုတော့ ကလေးတွေကို ဆက်ထားဖို့၊ မထားဖို့က စဉ်းစားနေရပြီ"

တပ်စခန်းတွေ စာသင်ကျောင်းတွေမှာ ထားမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ခိုက်ရာမှာ ကျောင်းသား၊ ကျောင်းသူတွေ ဓားစာခံအဖြစ် ပါနေမှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေကြတာပါ။

စစ်ကောင်စီတပ်စခန်းတွေ စာသင်ကျောင်းတွေမှာ တပ်စွဲနေထိုင်မယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေအတွက် လုံခြုံမှု လုံးဝမရှိတော့ဘူးလို့ ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ ကိုဘဦးက RFA ကို ပြောပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် မူရင်းအသံကို ပြောင်းထားပါတယ်။

“မဖြစ်သင့်တဲ့ အရာပဲလေ ဘာပဲပြောပြော ကျောင်းဆိုတာက စစ်မဲ့ဇုန်နေရာလေ။ ကျောင်းသားတွေ ကလေးတွေအတွက် တစ်စုံတစ်ရာဖြစ်စရာ အကြောင်းမရှိဘူး။ သူတို့ တပ်လာစွဲပြီး ဆိုကတည်းက ကောင်းခြင်းလက္ခဏာ တစ်ခုမှ မရှိတော့ဘူး။ သူတို့တပ်သည် ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ကျောင်းအတွင်းမှာ တပ်စွဲခွင့် မရှိသလို သာသနိကအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေက သူတို့နဲ့ မပတ်သက်တဲ့ အရာတွေလေ။ ဒါကြောင့်မလို့ မိဘတွေက ဘယ်လိုမှ စိတ်ချစရာ အကြောင်းမရှိဘူး။ ကျောင်းသားမိဘတွေအနေနဲ့ ပြောမယ်ဆိုရင် စစ်တပ်သည် သူ့နေရာနဲ့ သူနေလေ ဘာလို့ တပ်လာစွဲလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းမှာ တစ်စုံတစ်ခု ဖြစ်လာရင် ဒီကောင်တွေရှိနေရင် ကျောင်းထဲကို ဝင်လိုက်ထွက်လိုက် လုပ်လို့မရဘူးလေ"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်နာရမယ့် စစ်သည်တော် ကျင့်ဝတ်ထဲမှာ…သာသနိကအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို မတိုက်ခိုက်ဖို့ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဘက်က အန္တရာယ်ကင်းတဲ့ စာသင်ကျောင်းလို နေရာတွေကို တပ်စွဲနေထိုင်တာက တော်လှန်ရေးအင်အားစုတွေက ပစ်မှတ်ထား တိုက်ခိုက်မှာကို ရှောင်ရှားတာဖြစ်နိုင်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သုံးသပ်ပါတယ်။

"စစ်သည်တော်ကျင့်ဝတ်တွေထဲမှာ စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်ဆိုတာရှိတယ်။ အဲဒီအထဲမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အထိမ်းအမှတ်နေရာတွေ၊ အများပြည်သူတွေ စုဝေးသွားလာတဲ့ နေရာတွေပေါ့၊ ဒါတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မပြုရဘူးလို့ ညွှန်ကြားထားတာ ရှိပါတယ်။ ဒီလိုမျိုးညွှန်ကြားချက်တွေ ရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီနေရာတွေက စစ်ရေးပစ်မှတ်မဟုတ်လို့ တပ်ဖွဲ့တွေအနေနဲ့ တိုက်ခိုက်ခြင်း မပြုဖို့ သတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒီလိုနေရာတွေမှာ နေခြင်းအားဖြင့် လုံခြုံတယ်လို့ ယူဆလို့ ဒီနေရာတွေကို တပ်စွဲတဲ့ပုံစံ ဖြစ်နိုင်ပါတယ်"

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်လာနိုင်တယ်လို့လည်း သူက ယူဆပါတယ်။

ရန်ကုန်မြို့က စာသင်ကျောင်းအများစုဟာ မြို့လယ်မှာရှိနေတာကြောင့် စစ်ကောင်စီ တပ်တွေက ခံစစ်အတွက် အခိုင်အမာ ပြင်ဆင်တာဖြစ်နိုင်တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကွန်ရက် (FDECN) က တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် မူရင်းအသံကို ပြောင်းထားပါတယ်။

"စာသင်ကျောင်းတွေက မြို့တိုင်း၊ မြို့တိုင်းရဲ့ အချက်အချာကျတဲ့ နေရာတွေဖြစ်တယ်။ ဒါကြောင့်မလို့ စာသင်ကျောင်းတွေမှာ သူတို့ရဲ့ ခံစစ်ကို အခိုင်အမာခုခံဖို့ ပြင်ဆင်တယ်လို့ မြင်ပါတယ်။ ဒီစာသင်ကျောင်းတွေက လူထုနဲ့ အထိအတွေ့ဆုံး နေရာဖြစ်တော့ လူထုအမြင်မှာ အင်အားကောင်းတယ်။ ခံစစ်ပြင်ဆင်နေတယ်ဆိုတဲ့ အကြောက်တရားကို ရိုက်သွင်းဖို့လို့ မြင်ပါတယ်"

စစ်မက်ရေးရာနဲ့ မသက်ဆိုင်တဲ့ ပညာရေးရပ်ဝန်းမှာ တပ်စွဲနေထိုင်လာတာကိုလည်း သူက ရှုတ်ချတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရန်ကုန်မြို့က စာသင်ကျောင်းတွေ မှာ သူတို့ တပ်စခန်းတွေ တပ်စွဲနေထိုင်တာ မရှိဘူးလို့ နိုဝင်ဘာ ၂၃ ရက်နေ့က သူတို့ ထိန်းချုပ်ထားတဲ့ မြန်မာအသံသတင်းဌာနကတစ်ဆင့် ငြင်းဆိုထားပါတယ်။

"ကျောင်းတွေမှာ တပ်တွေက ဝင်ရောက်တပ်စွဲ နေထိုင်တယ်ဆိုတာ ကောလာဟလ သတင်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မှန်ကန်မှုလည်း မရှိပါဘူး။ အခြေအမြစ်လည်း မရှိပါဘူး"

ရန်ကုန်မြို့  ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီတပ်စခန်းတွေဟာ မြို့နေလူထုနဲ့ ငါးမိုင်အကွာမှာ တပ်စွဲနေထိုင်ဖို့ စစ်ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

"နီးနီးကပ်ကပ်ဆိုတဲ့ နေရာမှာတော့ ကျောင်းတွေထဲမှာလည်း တပ်မစွဲရဘူး၊ ကျောင်းနားမှာလည်း တပ်မစွဲရဘူး။ တပ်တွေက မြို့ထဲမှာလည်း တပ်မစွဲရဘူး။ မြို့အပြင် ငါးမိုင်အကွာမှာ တပ်စွဲရမယ်။ အဲဒါ စစ်ဥပဒေပဲ။ စစ်သားတွေက မြို့ထဲကို အခွင့်မရှိဘဲ မလာရဘူး။ အခုဟာကတော့ မာရှယ်လော ထုတ်ထားတယ်ဆိုတော့ မာရှယ်လောက ရန်ကုန်မြို့ထဲမှာ အကျုံးမဝင်တော့ မြို့ထဲကကျောင်းတွေမှာ တပ်တွေချလို့ မရဘူး"

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အဆိုးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အကာကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (GCPEA) က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ပေါင်း သုံးထောင်ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ ယူကရိန်းနဲ့ မြန်မာက တိုက်ခိုက်ခံရမှု အများဆုံးနိုင်ငံတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။