ပအိုဝ်းပြည်သူ့စစ် ထိန်းချုပ်ဒေသမှာ ၁၈ နှစ်အောက် အမျိုးသမီးတွေ စစ်သင်တန်းတက်နေရ

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.01.23
ပအိုဝ်းပြည်သူ့စစ် ထိန်းချုပ်ဒေသမှာ ၁၈ နှစ်အောက် အမျိုးသမီးတွေ စစ်သင်တန်းတက်နေရ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က နောင်တယားမြို့တွင် ကျင်းပသည့် PNA စစ်သင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။
Photo: PNO/PNA သတင်းနှင့် ပြန်ကြားရေး

ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ထိန်းချုပ်တဲ့နယ်မြေမှာ အမျိုးသမီးတွေကို စစ်သင်တန်းတက်ဖို့ ညွှန်ကြားစာထုတ်ပြန်လာတဲ့အတွက် ရှေ့တန်းတိုက်ပွဲတွေမှာ မိန်းကလေးတွေ ပါဝင်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ ပအိုဝ်းအဖွဲ့အစည်းတွေက RFA ကိုပြောပါတယ်။

ရှမ်း - ကယား နယ်စပ်ဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး အဲဒီတိုက်ပွဲတွေမှာ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့က စစ်ကောင်စီနဲ့ပူးပေါင်းတိုက်ခိုက်တာ တွေရှိပါတယ်။

PNO/PNA ကရှေ့တန်းကိုပို့တဲ့ အမျိုးသမီးတွေရဲ့ အသက်အရွယ်ကို အတည်ပြုဖို့ ခက်ပေမဲ့ စစ်သင်တန်းပေးတဲ့အထဲမှာတော့ အသက် ၁၈ နှစ်အောက် လူငယ်အမျိုးသမီးတွေ ပါဝင်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“ရှေ့တန်းပို့တာကျတော့ ၂၀၂၄ နှစ်ကုန်ခါနီးလောက်မှာ ကျွန်မတို့ စတွေ့လာတယ်။ အထူးသဖြင့် ကတော့ ကယား (ကရင်နီ) နဲ့ ရှမ်းနယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲ‌တွေမှာဆိုလို့ရှိရင်တော့ အရမ်းသိသာတယ်။ အဲဒီဘက်တွေ အရမ်းသိသာတာပေါ့နော်။ စစ်သားတွေ တစ်ခါတစ်ခါပို့ရင်လည်း အများကြီးပို့တယ်။ အဲဒီထဲမှာ အမျိုးသမီးတွေ ပါနေတာမျိုး”

“လက်ရှိမှာလည်း အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်မြေပြင်မှာ အသုံးပြုနေတာ ကျွန်တော်တို့ တွေ့နေရတယ်”

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထားတဲ့ အထူးဒေသ (၆) မှာ ပအိုဝ်းလူမျိုးတွေကို ရက်တိုစစ်သင်တန်းအနေနဲ့ သုံးရက်ကနေ ၁၅ ရက်အထိ ပေးပြီး ရှေ့တန်းကိုပို့တာတွေရှိပါတယ်။ ဒါကြောင့် စစ်မြေပြင်မှာကျဆုံးတာတွေများလာပြီး သင်တန်းသားအသစ်တွေအတွက် လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသား မရှိသလောက် နည်းပါးသွားတဲ့အတွက် အမျိုးသမီးတွေကိုပါ စစ်သင်တန်းတက်ဖို့ ကမ်းလှမ်းလာတာလို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

“အခုတော့ သူတို့ရှေ့တန်းသွားရ မသွားရတော့ ကြားတော့မကြားရဘူး။ အခုဘာလဲဆိုတော့ စာတွေ ဘာတွေ ပြန်ထွက်လာတယ်။ အမျိုးသမီးတွေအလှည့်ပေါ့။ ရက်တိုသင်တန်းတွေမှာ တက်ဖို့။ ရပ်ရွာထဲက အမျိုးသမီးတွေဆိုရင် ၁၈ နှစ်အောက်မိန်းကလေးငယ်လေးတွေပဲ ကျန်တော့တယ်။ ၁၈ နှစ်အောက် မိန်းကလေးလည်း ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီထက်ကြီးတဲ့ အမျိုးသမီးတွေလည်း မရှိတော့ဘူး။ တစ်ချို့ကျတော့ အိမ်ထောင်ရက်သားတွေကျတဲ့ အမျိုးသမီးတွေလည်း ရှိကြတော့ သူတို့ခေါ်လို့မရတော့ဘူး။ အပျိုလူလွတ်တွေ ဆိုလို့ ၁၈ နှစ်အောက် ကလေးတွေပဲ ရှိတော့တယ်။ ၁၈ နှစ်အောက် အမျိုးသမီးတွေပဲ ကျန်တော့တယ်ဆိုတော့ သူတို့ ပြန်ခေါ်နေတယ်။ ပြီးတော့ သူတို့ ရက်တိုသင်တန်းတွေ ထပ်ပေးမယ်ပေါ့”

ပအိုဝ်းအမျိုးသားတပ်မတော် (PNA) မှာ စစ်သည်အမျိုးသမီးလက်ခံမယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့စွဲနဲ့ ပအိုဝ်းဘာသာနဲ့ အထူးဒေသ (၆) မှာ ထုတ်ပြန်ခဲ့တာပါ။ ဒီလို ရပ်ရွာ နဲ့ မြို့နယ်တွေမှာ စာရင်းပေးသွင်းနိုင်ပြီလို့ ထုတ်ပြန်ထားတဲ့အပေါ် ရှေ့တန်းစစ်မြေပြင်မှာ အသုံးပြုလာမှာကို စိုးရိမ်နေကြတယ်လို့ သူကပြောပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လလောက်စပြီး ပအိုဝ်းပြည်သူ့စစ် PNO/PNA ထိန်းချုပ်တဲ့နေရာဒေသတွေမှာ အမျိုးသားအပါအဝင် အမျိုးသမီးတွေကို စစ်သင်တန်းပေးတာတွေရှိပေမယ့် အမျိုးသမီးတွေကိုတော့ ဆေးဘက်ဆိုင်ရာမှာ အသုံးပြုတာများတယ်လို့ PYO ပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူက ပြောပါတယ်။

၂၀၂၄ နှစ်ကုန်ခါနီးမှာ ပအိုဝ်းပြည်သူ့စစ်လက်အောက်က ဆီဆိုင်မြို့နယ်က ဂိတ်တွေမှာ အမျိုးသမီးတွေ ကို ကင်းစောင့်တပ်သားအဖြစ်အသုံးပြုသလို၊ ပအိုဝ်းပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်တပ်ရင်းမှာ အမျိုးသမီးတွေ တော်တော်များများတွေ့ရတယ်လို့ သူကပြောပါတယ်။

“PNO/PNA ဒုစစ်ဦးစီးချုပ်ဦးဆောင်တဲ့ တပ်ရင်းမှာ‌တော့ အမျိုးသမီးပါတယ်။ ရှေ့တန်းထဲမှာလည်း သူတို့တွေ ပါတာပေါ့လေ။ အသုံးပြုလာတာပြောလို့ရတာပေါ့နော်။ ရှေ့တန်းတွေထဲမှာ အမျိုးသမီးတွေကို အသုံးပြုလာတဲ့အခြေအနေ ပါလာတာပေါ့လေ”

အထူးဒေသ (၆) မှာ သူတို့ရဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဩဇာလွှမ်းမိုးမှု ကြီးမားတဲ့အတွက် အထက်အမိန့် ကို ငြင်းဆန်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်တယ်လို့ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းက နန်းဧပရယ်က RFA ကို ပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) ကျောက်တလုံးကြီးမြို့နယ်တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပသည့် စစ်သင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ (Photo: PNO/PNA သတင်းနှင့် ပြန်ကြားရေး)
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) ကျောက်တလုံးကြီးမြို့နယ်တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပသည့် စစ်သင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ (Photo: PNO/PNA သတင်းနှင့် ပြန်ကြားရေး)

ပအိုဝ်းဒေသတွေမှာ စစ်သားစုဆောင်းခံရတာနဲ့ပတ်သက်ပြီး သွားလာရေးခက်တဲ့အတွက် စာရင်းအတိ အကျ ကောက်ယူနိုင်ဖို့ အခက်အခဲရှိနေသေးတယ်လို့ နန်းဧပရယ်က ပြောပါတယ်။

“တစ်ဖက်မှာ အမျိုးသမီးတွေက မြေစာပင်ဖြစ်နေတဲ့ဟာတကြောင်း အသုံးချခံဖြစ်နေတဲ့ဟာ တစ်ကြောင်း စစ်သားစုဆောင်းမှုကိုခံရတဲ့ အမျိုးသမီးတွေက ဒီလေ့ကျင့်မှု တကယ့်တကယ်တမ်း ဒီကျွမ်းကျင်တဲ့ စစ်သားတစ်ယောက် ဖြစ်လာမယ်။ စစ်မြေပြင်ရှေ့တန်းကို ထွက်ပြီး စစ်တိုက်ဖို့ အဆင်သင့် (Ready) ဖြစ်တဲ့အခြေအနေမျိုးတွေထိ သူတို့က လေ့ကျင့် (Train) ခံရတာမဟုတ်ဘူး။ သူတို့ရဲ့ ရပ်ရွာဒေသမှာ သူတို့ကဗန်းပြပေါ့။ အမျိုးသမီးတွေပါလာတယ်၊ အမျိုးသားတောင် ပိုပြီးတော့ ပါဝင်သင့်တယ်ဆိုပြီးတော့ ဟာမျိုးလေးတွေနဲ့ သူတို့က တစ်ဖက်လှည့်တဲ့ အမြင်နဲ့ သူတို့ကအသုံးချတာမျိုးတွေလည်း ရှိတယ်”

စစ်ဘေးဒုက္ခသည်တွေထုကလည်း တပ်သားသစ်စုဆောင်းတဲ့အတွက် လူငယ်တွေ ပြည်ပနိုင်ငံကို ထွက်ပြေးတိမ်းရှောင်တာများလာတယ်လို့ သူကပြောပါတယ်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတာကိုတော့ ကြားသိရတယ်လို့ စစ်ကောင်စီကို ပြန်တိုက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ အထွေထွေ အတွင်းရေးမှူး ခွန်အောင်မန်းက RFA ကို ပြောပါတယ်။

“လက်ရှိအနေအထားကတော့ PNO ပြည်သူ့စစ်ရော စစ်ကောင်စီကပါ သူတို့က အင်အားလိုနေတဲ့အတွက် လိုအပ်လာရင်တော့ အမျိုးသမီးတွေကိုလည်း အသုံးပြုလာမယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာလည်း အသက်မပြည့်သေးတဲ့ ကလေးတွေကို အသုံးပြုနေတာ စစ်မြေပြင်မှာ ကျွန်တော်တို့ တွေ့နေရတယ်”

စစ်သုံ့ပန်းတွေ ဖမ်းမိတဲ့အထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးစစ်သားတွေ ပါဝင်တာကို တွေ့ရတယ်လို့ ခွန်အောင်မန်း ကပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ပအိုဝ်းဒေသမှာ တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ နီးပါး သေဆုံး

စစ်သည်အင်အား နှစ်သောင်းကျော် နဲ့ PNA စစ်သင်တန်းဆင်း

ရှမ်းတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားအသစ်တွေ ပိုသုံးလာနေကြောင်း PNLO ပြော


ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အပါအဝင် ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်းမြို့နယ်တွေက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်ကပါပြီး တိုက်နေရတဲ့သူတွေထဲမှာ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ပအိုဝ်းပြည်သူ့စစ်တွေ ဖြစ်တယ်လို့ပြောကြပါတယ်။

PNO ပအိုဝ်းပြည်သူ့စစ်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေကို စစ်သင်တန်းပေးတာတွေနဲ့ ပတ်သက်ပြီး PNO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်ကို RFA က တယ်လီဖုန်းနဲ့ နှစ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုဖို့ ငြင်းပါတယ်။

ပအိုဝ်းအမျိုးသားတပ်မတော် (PNA/PNO) ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ပြည်သူ့စစ်အသွင်ဖွဲ့စည်းပြီး စစ်ကောင်စီတပ်နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးတစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။