အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက် ပအိုးပြည်သူ့စစ်အဖွဲ့ ငြင်းဆို
2025.02.26

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာနေတဲ့ ဒေသခံ ၂၇ ဦးကို ဖမ်းဆီးပြီး၊ အဲဒီအထဲက ငါးဦးကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ရာဇဝတ်မှုများ စုံစမ်းဖော်ထုတ်ရေးအဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ Burma War Crimes Investigation (BWCI) အဖွဲ့က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ (BWCI) အဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်က ကယားပြည်နယ်မှာ ဖွဲ့စည်းခဲ့တဲ့ ဒေသတွင်းစစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အရပ်ဖက်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
ဆီဆိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေနဲ့ ကရင်နီဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ အောက်တိုဘာလအတွင်း ဒီလူတွေကိုဖမ်းခဲ့တာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေက ကယားနဲ့ ကယန်းလူမျိုးတွေ ဖြစ်တယ်လို့ BWCI အဖွဲ့ ပြောခွင့်ရသူ ဦးဆွေလင်းက RFA ကို ပြောပါတယ်။
“PNO/PNA တွေ ဖမ်းဆီးပြီးတော့ ပြန်လွတ်လာတဲ့ သူတွေရဲ့ ပြောဆိုချက်ဆိုရင် သူတို့က ဒီ KNDF အပါအဝင် ဒီတော်လှန်ရေးအဖွဲ့တွေက ကရင်နီအဖွဲ့တွေက ဒီထဲမှာ PNO ထိန်းချုပ်တဲ့ ဆီဆိုင်မြို့နယ်ထဲမှာ လာပြီးတိုက်ပွဲဖော်ဆောင်တဲ့အတွက်ကြောင့် ပြန်ပြီးတော့ ကလဲ့စားချေတယ်ပေါ့နော်။ မင်းတို့ အသက်တွေပဲ လိုချင်တယ်လို့။ အဲဒီလိုပြောဆိုတဲ့အတွက်ကြောင့်မို့လို့ ကယန်းလူမျိုးတွေနဲ့ ဒီပအိုဝ်းလူမျိုးတွေကို အမုန်းတရားဖြစ်အောင် လုပ်တယ်လို့ သုံးသပ်လို့ရတယ်ပေါ့နော်”
PNA ပအိုဝ်းပြည်သူ့စစ်က ဖမ်းလိုက်တဲ့ ၂၇ ဦးမှာ ငါးဦးကို သတ်ဖြတ်ပြီး ၁၁ ဦးကို ကျောက်တလုံးမြို့နယ်က ၄၅ ပေလောက်နက်တဲ့ လျှိုထဲကို ပစ်ချလိုက်တဲ့အတွက် အဲဒီထဲက လေးဦးအိမ်ပြန်ရောက်လာတယ်လို့ သူက ပြောပါတယ်။ ကျန်တဲ့ ခုနစ်ဦး ဘယ်ရောက်နေလဲဆိုတာ မသိရသေးပါဘူး။ အဲဒီအပြင် ဆီဆိုင်နဲ့ တောင်ကြီးမြို့နယ်တွေမှာ ဖမ်းထားတဲ့ နောက်ထပ် ၁၁ ဦးလည်း ဘယ်ရောက်နေလဲဆိုတာ မသိသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် စုံစမ်းလို့မရတဲ့သူ စုစုပေါင်း ၁၈ ယောက်ရှိတယ်လို့ ပြောပါတယ်။
သတ်ဖြတ်ခံရသူ ငါးဦးက အသက်လေးဆယ်ကျော်အရွယ် ကျေးရွာဥက္ကဋ္ဌနှစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၃၇ နှစ်အရွယ် တောင်သူအမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ၊ မေနဲ့ အောက်တိုဘာလတွေမှာ အသတ်ခံရတာလို့ BWCI အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
PNA တပ်ဖွဲ့အနေနဲ့ ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တယ်လို့ ယူဆတဲ့လူမှန်သမျှကို အခုလို အရေးယူလေ့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဒေသမှာ ဒါမျိုးဖြစ်နေတာ ကြာပါပြီ။ ကျေးရွာ လူငယ်ခေါင်းဆောင်တစ်ချို့ဆိုလည်း သူတို့ ခေါ်လို့သွားတာ ပြန်မလာတော့တဲ့သူတွေရှိတယ်။ ဘယ်သူ့ကိုမှလည်း မေးလို့မရဘူး။ တော်လှန်ရေးအဖွဲ့နဲ့ ဆက်စပ်တယ်လို့ ယူဆရင် သူတို့ ရှင်းပစ်တာပဲ။ ဘာဥပဒေမှလည်း မရှိဘူး”
ဆက်နွှယ်သောသတင်းများ
စစ်ဘေးဒုက္ခသည် သားပျောက်မိခင်တစ်ဦးရဲ့ သောက
ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သား သေဆုံး
ရှမ်းတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားအသစ်တွေ ပိုသုံးလာနေကြောင်း PNLO ပြော
PNA အဖွဲ့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့ BWCI အဖွဲ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး PNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အဖွဲ့အနေနဲ့ ဖမ်းဆီးတာမရှိဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။
“ကျွန်တော်တို့ အဲဒီလိုဖမ်းတာလည်း မရှိဘူး။ ကျွန်တော်တို့က ပအိုဝ်းပြည်သူမှ မဟုတ် တိုင်းရင်းသားတွေအကုန်လုံးက ကျွန်တော်တို့က တိုင်းရင်းသားတွေပဲ အဲဒီလို ဖမ်းတာဆီးတာ ဘာမှမရှိဘူးနော်”
လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့စစ်ပွဲဟာ အာဏာရှင်နဲ့ လူထုကြားမှာ ဖြစ်နေတဲ့တိုက်ပွဲဖြစ်ပြီး လူမျိုးရေးပဋိပက္ခ မဟုတ်သလို တော်လှန်ရေးမှာပါဝင်တဲ့သူတွေအားလုံးက ဖက်ဒရယ်ဒီမိုကရေစီထူထောင်ဖို့ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ဘက်တော်သားတွေ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ဆိုပြီး ဖမ်းဆီးအရေးယူတယ်ဆိုရင် အာဏာရှင်လက်ပါးစေရဲ့ လုပ်ရပ်လို့ ကိုဗညားက ပြောပါတယ်။
“အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ဖြစ်သွားတဲ့ ဖမ်းဆီးသတ်ဖြတ်မှုအားလုံး စစ်အာဏာရှင်ရဲ့ လက်ပါး စေတွေရဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ လူပုဂ္ဂိုလ် သို့မဟုတ် လူမျိုးစုတွေကနေ လုပ်တဲ့ ဖမ်းဆီးသတ်ဖြတ်မှု မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ အဲလိုမျိုး မှတ်ချက်ပြုလိုပါတယ်”
ကယန်းနဲ့ ပအိုဝ်းတိုင်းရင်းသားတွေဟာ သမိုင်းစဉ်ဆက် နိုင်ငံရေး၊ လူမျိုးရေးမှာ ပြဿနာမရှိခဲ့ဘူးပေမဲ့ စစ်ကောင်စီရဲ့ပရိယာယ်ကို သတိထားဖို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဒုဥက္ကဋ္ဌ ခွန်ဦးက RFA ကို ပြောပါတယ်။
“ဒီချိန်မှာတော့ စစ်ကောင်စီက လူမျိုးရေးကိစ္စပြီးတော့ နယ်မြေကိစ္စအကြောင်းပြုပြီး ဘာသာရေး အပါအဝင် ဒါမျိုးတွေကို ပုံစံမျိုးစုံနဲ့ လုပ်နေတယ်။ ကျွန်တော်တို့ကတော့ ခံရတယ်။ နားမလည်ဘဲနဲ့ တိုင်းရင်းသားတွေက စစ်ကောင်စီရဲ့ (Agenda) အစီအစဉ် နောက်ပါသွားတယ်။ လူထုတွေကလည်း အဲဒီနောက် နားယောင်ပြီး ပါသွားတယ်ဆိုတဲ့ ပုံစံမျိုးမဖြစ်ရလေအောင် သတိချပ်ဖို့တော့ လိုတာပေါ့”
ဒီလိုအခြေအနေမျိုးမှာ လူမျိုးရေးအထိကရုန်း မဖြစ်အောင် သတိထားပြီး စစ်အာဏာရှင်စနစ်ဖယ်ရှားရေးပဲ ကြိုးစားဖို့လိုအပ်တဲ့အကြောင်း သူက ပြောပါတယ်။
ပျောက်နေတဲ့သူတွေနဲ့ ပတ်သက်လို့ ကျန်ရစ်တဲ့မိသားစုတွေလည်း စိုးရိမ်ပူပန်နေပြီး အသက်ရှင်လျက် ပြန်တွေ့ချင်နေတယ်လို့ RFA ကို ပြောတဲ့အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
“သေရင်လည်း လွတ်မြောက်ပါစေ။ ရှင်ရင်လည်း ကျွန်မဆီ ပြန်လွှတ်လာပေးတော့လို့။ မိသားစုထဲ အမေတို့နားမှာ ပြန်လာတော့ ဒီလိုပဲ ဆုတောင်းလိုက်ရတော့မှာပေါ့။ ဒီလိုပဲ ကျိတ်မှိတ် ကြေကွဲပြီး ဒီလိုပဲ လုပ်ရတော့မှာပေါ့”
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) ဟာ ၁၉၉၁ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။