ပအိုဝ်းဒေသတိုက်ပွဲ အရပ်သား ခုနစ်ဆယ်ခန့်သေဆုံးမှု အပြန်အလှန်စွပ်စွဲနေ

RFA Burmese
2024.05.21
ပအိုဝ်းဒေသတိုက်ပွဲ အရပ်သား ခုနစ်ဆယ်ခန့်သေဆုံးမှု အပြန်အလှန်စွပ်စွဲနေ ဆီဆိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြာက်ရေး တပ်မတော် (PNLA ) တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တိုက်ပွဲတွေ စတင်ခဲ့တာ မေလ ၂၁ ရက် ဒီနေ့မှာ လေးလပြည့်ပါပြီ။

ဒီလေးလအတွင်း ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သား ၆၉ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးထိမှန်လို့ သေဆုံးရသူ ၃၄ ဦး၊ စစ်ကောင်စီတပ် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရသူ ၁၈ ဦးနဲ့ စစ်ဘေးတိမ်းရှောင်ရင်း စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးလို့ သတ်ဖြတ်ခံရတာ အပါအဝင် အခြားအကြောင်းအရာတွေကြောင့်  သေဆုံးခဲ့ရသူ ၁၇ ဦး ရှိခဲ့တယ်လို့ စာရင်းမှာ ပါရှိပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားကတော့ ၉၈ ဦးရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး ခွန်ဇာခွန်နဲ့ ညီဖြစ်သူ ခွန်ပလွန်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ ညက စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့ ဆီဆိုင်မြို့ ခံတွေက ပြောပါတယ်။

အသက် ၃၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ခွန်ဇာခွန်ဟာ ဒေသအတွင်းမှာ စစ်ဘေးဒုက္ခသည်ကို အမြဲကူညီနေသူဖြစ်ပြီး ညီဖြစ်သူကတော့ ဒေသတွင်း တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

PNO အဖွဲ့ရဲ့ ဗိုလ်ကြီး လယ်ဆိုသူက ကျေးရွာအတွက် တိုင်ပင်စရာရှိလို့ဆိုပြီး ခေါ်တာကြောင့် သွားရောက်ချိန်မှာ လမ်းခုလတ်တစ်နေရာမှာ နှစ်ဦးစလုံး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဒီအခြေအနေကိုသိရှိထားတဲ့ ဆီဆိုင်မြို့ခံအချို့က RFA ကို ပြောပါတယ်။

သူတို့နှစ်ဦးရဲ့ အလောင်းကိုပြန်ရချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး သေနတ်ဒဏ်ရာတွေ၊ ဓားနဲ့ခုတ်ထစ်ထားတဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဥ်ဟာ ပအိုဝ်းဒေသ စစ်ရေးပဋိပက္ခအတွင်းမှာ အဆိုးရွားဆုံး သတ်ဖြတ်ခံရမှုဖြစ်တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး PYO ပြောခွင့်ရသူ နန်းက ပြောပါတယ်။

“အခုနောက်ပိုင်း ရက်ရက်စက်စက် သတ်ဖြတ်မှုတွေဖြစ်နေတာကို သွားတွေ့ရတယ်။ မေ ၉ ရက်နေ့တုန်းက သတ်ဖြတ်ခံလိုက်ရတဲ့ ဆီဆိုင်မြို့တောင်ဘက်အခြမ်း နောင်ရင်းကျေးရွာသူကြီးနဲ့ နောင်ရင်း တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဆိုရင်တော့ စစ်ပဋိပက္ခအတွင်းမှာ အဆိုးဆုံးသတ်ဖြတ်မှုလို့ ပြောလို့ရတာပေါ့။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ဓားနဲ့ခုတ်ပြီးတော့မှ သတ်ဖြတ်တဲ့ဖြစ်စဥ်ကတော့ ဒီရှမ်းတောင် ပဋိပက္ခဖြစ်စဥ်အတွင်းမှာ အဆိုးဆုံးသတ်ဖြတ်မှုဖြစ်လို့ ကျွန်မတို့ ပြောလို့ရတယ်”

“မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း တိုးလာနေပါတယ်”

ဆီဆိုင်မြို့ခံတွေကတော့ လက်တွေ့မြေပြင်မှာ သေဆုံးသူဟာ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်တဲ့ အရေအတွက်ထက် ပိုများနိုင်တယ်လို့ ပြောကြပါတယ်။

ဆီဆိုင်မြို့ မြောက်ဘက်ရပ်ကွက်နေရာအချို့၊ ဂေါက်ကွင်းနဲ့ မွေတော်ဘုရား စတဲ့နေရာတွေမှာ အမည်မသိရတဲ့ လူသေအလောင်း နှစ်ဆယ်ကျော်ကို မေလ ၁၆ ရက်နေ့အထိ တွေ့ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“တချို့က မသင်္ကာလို့ဆိုပြီး ဖမ်းဆီးပြီးတော့ ပျောက်သွားတဲ့သူတွေ အများကြီးရှိတယ်။ သူတို့ထုတ်တဲ့ဟာက မြေပြင်မှာဖြစ်တာ ပိုများတယ်ဗျ။ မြေပြင်မှာ လက်စဖျောက်တဲ့သူတွေ မနည်းဘူး။ ကယားဒေသကရော၊ ဒေသခံတွေရော အခုချိန်အထိ ရှာလို့မရသေးဘူး။ အများကြီးရှိသေးတယ်။ ဆက်သွယ်လို့ မရသေးဘူ။ အခုတောင်မှ မြို့ထဲမှာ အလောင်းတွေ အများကြီးရှိသေးတယ်။ မွေတော်ဘုရားနားမှာဆိုရင် အလောင်းတွေက ဒီအတိုင်းပဲ ကောက်မယ့်သူမရှိဘူး။ အရိုးတွေက ရေကန်ဘေးနားမှာ ရှိနေသေးတာပဲ။ ဒါဆိုရင်တော့ သေတဲ့သူ ဘယ်သူလဲဆိုတာ မသိနေဘူးလေ”

မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ PNLA တပ်ဖွဲ့က ဆီဆိုင်မြို့ကိုသိမ်းပိုက်ခဲ့ပြီး မတ်လကုန်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းအဖွဲ့တွေက ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။ လက်ရှိမှာလည်း ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။

PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံကတော့ တိုက်ပွဲကာလအတွင်း အရပ်သားတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO အဖွဲ့တွေ သတ်ဖြတ်တာလို့ စွပ်စွဲပါတယ်။

“ဒီအရပ်သားတွေကို သတ်ဖြတ်တာက စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ပြုလုပ်တာဖြစ်ပါတယ်။ ဒီတိုက်ပွဲကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့က အရပ်သားတွေကို သတ်ဖြတ်တာမျိုး တစ်ယောက်မှမရှိပါဘူး။ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတောင်မှ ကျွန်တော်တို့ရဲ့ သုံ့ပန်း စည်းမျဥ်းစည်းကမ်းအတိုင်းပဲ ထားပါတယ်။ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ပြည်သူ့စစ်တွေကတော့ ဒီအရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာ၊ အယောက်ခြောက်ဆယ်ထက် မနည်းတော့ဘူး ဖြစ်ပါတယ်။ ဒီအထဲမှာ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသားတွေ ဖြစ်တယ်ပေါ့နော်”

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က မေလ ၂၁ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အလားတူ စစ်ကောင်စီနဲ့ အတူပူပေါင်းတိုက်ခိုက်နေတဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တာဝန်ရှိသူ ခွန်ထွန်းရွှေကို RFA က မေလ ၂၁ ရက်နေ့မှာ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

PNO ပြောခွင့်ရသူ ခွန်ထွန်းရွှေကို RFA က ဧပြီလ နောက်ဆုံးအပတ်က မေးမြန်းခဲ့ချိန်မှာတော့ တိုက်ပွဲအတွင်း အရပ်သားတွေကို စစ်ကောင်စီနဲ့ PNO တပ်ဖွဲ့က သတ်ဖြတ်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ငြင်းဆိုပါတယ်။

“သူတို့လုပ်လို့ ကျွန်တော်တို့ ဆီဆိုင်တစ်မြို့နယ်လုံး ဘုန်းကြီးကျောင်းကအစ အကုန်မီးလောင်၊ အိမ်ကအစ အများကြီးပဲလေ။ သူတို့လုပ်တာကတော့ သူတို့လိုင်းပေါ်မတင်ဘူး။ ဒါကတော့ တစ်ဖက်သတ်ဆန်တာပေါ့ဗျာ။ ကျွန်တော်တော့ အဲဒီလိုပဲ မှတ်ချက်ပေးလိုတယ်ဗျာ။ ကျွန်တော်တို့ စခဲ့တာမဟုတ်ဘူး။ သူတို့စခဲ့တာ ဒါတိုင်းသိ ပြည်သိ ကမ္ဘာသိပဲလေ။ PYO လည်း သူတို့လူဆိုတော့ သူတို့ သဘောကျ ပြောမှာပေါ့ဗျာ။ မှားခြင်း မှန်ခြင်းကတော့ တိုက်ပွဲမှာ နှစ်ဖက်အမှားတော့ရှိမှာပေါ့။ မြေပြင်သတင်း သက်သေအထောက်အထား ခိုင်လုံရင်တော့ မှတ်ချက်ပေးလို့ရတယ်။ လေလိုင်းပေါ်မှာ အခုလိုမျိုးကတော့ ကျွန်တော်ကတော့ ဘယ်လိုမှ မှတ်ချက် မပေးဘူးဗျ အဲဒါတွေကို”

မေလ ၂၁ ရက် ဒီနေ့အထိ ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာ၊ ဒုံလီတန်ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နောက်ထပ် လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့်  ထွက်ပြေးနေရသော ထီရီး ကျေးရွာသားများကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)
တိုက်ပွဲကြောင့် ထွက်ပြေးနေရသော ထီရီး ကျေးရွာသားများကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)

PYO ရဲ့စာရင်းတွေမှာ တိုက်ပွဲကာလ လေးလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ် လေးရာကျော် (၄၆၃) ရှိခဲ့ပြီး လက်နက်ကြီး အကြိမ်ရေ သုံးထောင်ကျော် (၃၄၈၁) ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသအတွင်း ဆေးရုံ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားနေအိမ် ခြောက်‍ရာကျော် ပျက်စီးခဲ့ပြီး လူဦးရေ ခြောက်သောင်းကျော် (၆၃,၆၀၀ ဦး) ဘေးလွတ်ရာကို ထွက်ပြေးနေရဆဲဖြစ်တယ်လို့ PYOရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်းလောင်မြို့တွေဟာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို ဆက်သွယ်ရာမှာ အဓိကကျတဲ့လမ်းပိုင်းမှာ ရှိတဲ့မြို့ဖြစ်တဲ့အတွက် အဲဒီမြို့တွေကို နှစ်ဖက်လက်နက်ကိုင်တွေက လွယ်လွယ်နဲ့ စွန့်လွှတ်ကြမှာမဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။