အာဏာသိမ်းတစ်နှစ်ကျော်အတွင်း သေဆုံးသူ ၅၆၀၀ ကျော်ထိ စံချိန်တင်မြင့်တက်

2022.05.17
အာဏာသိမ်းတစ်နှစ်ကျော်အတွင်း သေဆုံးသူ ၅၆၀၀ ကျော်ထိ စံချိန်တင်မြင့်တက် စစ်ကောင်စီတပ်က ပစ်ခတ်သော ကျည်ဆန်ထိမှန်သေဆုံးခဲ့ရသည့် ကိုညီညီအောင်ထက်နိုင်၏ ဈာပနကို ၂ဝ၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေဟာ ၅၆၄၆ ဦးထိ ရှိလာနေတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က မေလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

RFA က လက်လမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ မေလ ၁၂ ရက်နေ့ နောက်ပိုင်းကနေ ဒီနေ့အထိ စစ်ကိုင်းတိုင်းထဲမှာ သေဆုံးခဲ့ရတဲ့ အရပ်သား ၃၇ ဦး ထက်မနည်း ရှိခဲ့တဲ့အတွက် အခုဆိုရင် အရပ်သား သေဆုံးသူဦးရေဟာ ၅၆၈၃ ဦးထက်မနည်း ရှိလာတာပါ။

အခုသေဆုံးခဲ့ရသူတွေဟာ ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရပြီးနောက် သေဆုံးတာ၊ သတင်းပေးလို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရတာ၊ သွေးသောက်အဖွဲ့က သတ်ဖြတ်တာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားတွေ ပါဝင်ပါတယ်။

အဲဒီအထဲမှာ ဆန္ဒပြနေတုန်း ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူဟာ ၁၈၃၁ ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ ISP-Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အခု မေလထဲမှာပဲ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ရွာတချို့ကို နယ်မြေ ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။

မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတဲ့ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာတော့ အရပ်သား ၂၉ ဦးရဲ့ အလောင်းတွေကို မီးလောင်နေတဲ့ နေအိမ်တွေကြားမှာ အစုလိုက်၊ အပြုံလိုက်တွေ တွေ့ရတယ်လို့ မုန်တိုင်ပင် ရွာသားတစ်ဦးက ပြောပါတယ်။

“ဒီကစိတ်ပူပြီး မီးလောင်ထားတဲ့ဟာတွေ မီးငြှိမ်းရင်းနဲ့ ရှာဖွေတဲ့အခါကျတော့ အလောင်းတွေက အိမ်တွေထဲမှာ မီးရှို့သတ်ထားတာ တွေ့ရတာ။ မီးလောင်တဲ့ အိမ်တွေထဲမှာ အလောင်းတွေ တွေ့ရတာပေါ့။ အိမ်တစ်အိမ်ကို ခြောက်လောင်းတို့၊ သုံးလောင်းတို့၊ ငါးလောင်းတို့၊ နှစ်လောင်းတို့ အဲဒီလိုမျိုးတွေ တွေ့ရတာ။ တမင်သက်သက် လုပ်တယ်လို့ ယူဆရတာပါပဲ။ ပြောစရာစကားကို မရှိတော့ဘူး။ ဒါမျိုးကြီးကတော့ ပြောကို မပြတတ်တော့ဘူး။ ဖြစ်သွားတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းတာပေါ့”

စစ်အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ဆန့်ကျင်ရင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူတွေရှိသလို စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရပြီး သတ်ဖြတ် ခံရသူတွေနဲ့ တစ်ဖက်ကလည်း သွေးသောက်နာမည်နဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေလည်း ဖြစ်ပွားနေတာပါ။

ISP-Myanmar ကတော့ စစ်ကောင်စီရဲ့ ဇန်နဝါရီလ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ချက်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ ပြောဆိုချက်တွေကို အခြေခံပြီး သတင်းပေးလို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၃၁၀၇ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီကို ခုခံတိုက်ခိုက်တဲ့နေရာမှာ လက်နက်အင်အား၊ လူအင်အား မမျှတာကြောင့် PDF တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုသတင်းတွေ စစ်ကောင်စီဆီကို မရောက်အောင် သတင်းပေးတဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ခဲ့တာလို့ စစ်ကိုင်းတိုင်းထဲက PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဒေါက်တိုင်တွေကို မဖြုတ်နိုင်ဘူးဆိုရင် စစ်ကောင်စီဒေါက်တိုင်တွေဟာ မြေပြင်မှာ ကျနော်တို့ရဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတိုင်းကို စစ်ကောင်စီထံ သွားပြီး ပို့နေမှာပေါ့နော်။ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို စစ်ကောင်စီက သိသွားရင် ကျနော်တို့ကို အလွယ်တကူ အင်အား အလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းတာပဲ ဖြစ်ဖြစ်၊ ထိတွေ့တိုက်ပွဲမဖြစ်ခင်မှာ ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကို စစ်ကောင်စီက အချိန်နဲ့ တစ်ပြေးညီ ကြိုတင်ပြင်ဆင်ပြီးတော့ ကျနော်တို့ကို အသာစီးနဲ့ လုပ်နိုင်တဲ့ အနေအထားရှိတာပေါ့”

တစ်ဖက်မှာလည်း သွေးသောက်ဆိုတဲ့အဖွဲ့ ပေါ်ပေါက်လာပြီး PDF နဲ့ ဆက်နွှယ်သူတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်နဲ့ မိသားစုတွေ၊ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေသူတွေကို အပြန်အလှန် သတ်ဖြတ်လာပြီး မန္တလေးတိုင်းအတွင်းမှာ သွေးသောက်အဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးသူ ၁၈ ဦးထက်မနည်း ရှိနေပါတယ်။

"မီးလောင်တဲ့ အိမ်တွေထဲမှာ အလောင်းတွေ တွေ့ရတာပေါ့။ ပြောစရာစကားကို မရှိတော့ဘူး။"

အခုကြုံတွေ့နေရတဲ့ သေကြေပျက်စီးမှုတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သမိုင်း တစ်လျှောက်မှာ မကြုံစဖူးအောင် များပြားတဲ့အရေအတွက်ဖြစ်တယ်လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီ ဦးကျော်ထက်အောင်က ပြောပါတယ်။

“စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ မကြုံဘူးတဲ့ တုံ့ပြန်မှုတွေ၊ တွန်းကန်မှုတွေကို တွေ့ရတယ်။ နှစ်ဖက်ရဲ့ ထိတိုက်မှုတွေ ပိုများလာတဲ့ အခါကျတော့ အရပ်သားပြည်သူတွေ အနေနဲ့ ပိုပြီးတော့ ထိခိုက်ကျဆုံးမှုများလာတယ်။ အဲဒါက အဓိက အကြောင်းလို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း အရပ်သားသေဆုံးမှုက မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးရပြီး သမိုင်းတစ်လျှောက်လုံးမှာ အများဆုံးလို့ ပြောလို့ရ မယ်ထင်တယ်။ အဲလောက်ထိ များလာတာဖြစ်တယ်။ တစ်ဖက်မှာလည်း လုံးဝ အုပ်ချုပ်ခွင့် မရဆိုတဲ့ ကြွေးကြော်သံနဲ့ လုပ်နေကြတယ်။ တစ်ဖက်မှာလည်း တည်ငြိမ်မှုနဲ့ စိုးမိုးမှုရဖို့ လုပ်နေကြတယ်ဆိုတော့ အဲဒီနှစ်ခု ထိပ်တိုက်တွေ့တဲ့အခါမှာ အရပ်သား သေဆုံးမှုတွေက ပိုပြီးများလာတယ်လို့ ကျနော်ထင်ပါတယ်”

ဒီအခြေအနေတွေကြောင့် လက်ရှိမှာ ပြည်သူလူထု တစ်ယောက်ချင်းစီနဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ ပိုမိုဆိုးရွားတဲ့ အနေအထားကို ရောက်နေပြီး ပြည်သူတစ်ဦးချင်းစီဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ သွားလာလှုပ်ရှား ရှင်သန်နေရတယ်လို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အရပ်သား ၅၆၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ အချက်အလက် ကိန်းဂဏန်းတွေကို စစ်ကောင်စီဘက်က လက်မခံပါဘူး။ ဒါတွေဟာ အခြေအမြစ်မရှိတဲ့ ထုတ်ပြန်ချက် တွေပဲလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

“ဒီအဖွဲ့တွေအနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခြေအမြစ်ရှိတဲ့သတင်း၊ မှန်ကန်တဲ့သတင်း ထုတ်ပြန်တာမျိုး၊ အခြေအမြစ်ရှိတဲ့ သတင်းစကားမျိုး၊ သတင်း အချက်အလက် ထုတ်ပြန်တာမျိုးကတော့ မရှိသလောက်ရှားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့က ဖြစ်ပေါ်နေတဲ့ဟာတွေကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိတယ်။ ဒီဟာတွေကို လျစ်လျူရှုပြီး သူတိုဟာ သူတို့ရေးတာဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ လိုက်လံပြီး ဝေဖန်နေစရာ၊ ရှင်းပြနေစရာ အကြောင်းမရှိပါဘူး”

မြန်မာနိုင်ငံအတွင်း အပြန်အလှန် သတ်ဖြတ်မှုတွေဖြစ်လာတာက တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

kayah refugees
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ)

“မြန်မာနိုင်ငံအတွင်းမှာ ဒီလိုမျိုး ကိုယ့်နိုင်ငံသားအချင်းချင်း ခေါင်းစဉ်မျိုးစုံနဲ့ပေါ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံနေရတာကတော့ စိတ်မကောင်းစရာဖြစ်ရပ်ပဲ။ ဖြစ်ရတဲ့ အကြောင်းတရားကို သေချာဆင်ခြင်တုံတရားနဲ့ သေချာစဉ်းစားပြီးတော့မှ ဘာကြောင့်ဖြစ်တယ်၊ ဒါကို တို့ဘယ်လိုဖြေရှင်းရမလဲလို့ စဉ်းစားရမယ့်အစား စိတ်လိုက်မာန်ပါ လက်နက်ကိုင်ပြီးတော့ ငါနဲ့မတူ၊ ငါ့ရန်သူဆိုတဲ့သဘောမျိုးနဲ့ အလွယ်တကူ သတ်ဖြတ်တဲ့ လုပ်ငန်းစဉ်အပေါ်မှာ သာယာလာတာကတော့ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာ ကောင်းတဲ့ ဖြစ်ရပ်တွေပဲ။ အဓိကတော့ သေချာစဉ်းစားနိုင်တဲ့၊ တွေးခေါ်မြော်မြင်နိုင်တဲ့ အသိဉာဏ်ပညာရှိဖို့ လိုတယ်လို့ ကျနော်ပြောချင်တယ် ”

သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံး စိတ်ရင်းစေတနာမှန်နဲ့ ဆောင်ရွက်နိုင်မှပဲ ဒုက္ခတွေကို တကယ် ရပ်တန့်နိုင်မယ့်အဖြေ ရှာတွေ့နိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“ဆင်းရဲဒုက္ခတွေ ရောက်နေတယ်။ ဒုက္ခမျိုးစုံရ င်ဆိုင်နေရတဲ့ ဥစ္စာတွေကို တကယ် ရပ်ချင်တယ်ဆိုရင် အဖြေက မရှားဘူး။ တကယ်မရှိသင့်ဘူး။ မဖြစ်သင့်ဘူး။ ဒီလို ကိစ္စတွေက ဖြစ်စရာမလိုဘူး။ နောက်မျိုးဆက်တွေ ပေါ်မှာလည်း မကောင်းတဲ့ ဆိုးကျိုးတွေ သက်ရောက်ဖို့ မသင့်တော်ဘူးလို့ လူတွေမှာ အဲဒီအမြင်ရှိတယ်။ အထူးသဖြင့် သက်ဆိုင်တဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့ကိုယ်စားပြုတဲ့ လူတွေအသီးသီးက အဲဒီလိုစိတ်၊ အမြင်သဘောထားရှိမယ်ဆိုရင်တော့ မပြေလည်စရာ ဘာမှမရှိဘူး ပေါ့နော်၊ ပြေလည်စရာ အဖြေတွေအများကြီးရှာလို့ရတယ်”

အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အခြေအနေတွေကို အဖြေရှာနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကိုလည်း အခု တစ်နှစ်ကျော်လာတဲ့အထိ လိုက်နာ အကောင်ထည်ဖော်နိုင်တာ မတွေ့ရသေးဘူး လို့လည်း သူက ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ ပိုမို ဆိုးရွား လာနေပြီး တိုင်းပြည်ရဲ့ ဆင်းရဲဒုက္ခကြုံတွေ့နေရမှုတွေ ချုပ်ငြိမ်းဖို့က အလှမ်းဝေး နေသေးတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။