နှစ်ပတ်အတွင်း CDM လုပ်သူ ရဲနဲ့ စစ်သား ၄၀၀ ကျော်ရှိကြောင်း NUG ပြော
စက်တင်ဘာ ၇ ရက်နေ့တုန်းက NUG အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် နှစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၄၅၃ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ဖို့ ဆက်သွယ်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် က ပြော ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုတော်လှန်ရေးလုပ်ဖို့ ကြေညာပြီးနောက်ပိုင်းမှာ တစ်နေ့ကို ရဲနဲ့စစ်သား သုံးဆယ်ကျော် CDM လုပ်ဖို့ ဆက်သွယ်လာကြတယ်လို့ ဆိုပါတယ်။
“ဒီခုခံတွန်းလှန်စစ်စတင်ပြီလို့ ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နောက်ပိုင်းကစပြီး တစ်ရက်ကို ပျမ်းမျှ ၃၃ ယောက်လောက် ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ ဆက်သွယ်လာပါတယ်။ စက်တင်ဘာ ၇ ရက်ကနေ ၂၀ ရက်နေ့ အထိ ၄၅၃ ဦး ပြည်သူ့ရင်ခွင်ခိုလှုံချင်တဲ့ အကြောင်း ဆက်သွယ်လာပါတယ်။ ဒါကြောင့်မို့ ခုခံတွန်းလှန်စစ် စတင် လိုက်တဲ့အချိန်မှာ ပြည်သူ့ရင်ခွင်ခိုလှုံသူ ၂၀ ရာခိုင်နှုန်းလောက် တိုးတက်လာတာကို တွေ့နိုင် ပါတယ်”
NUG ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ စက်တင်ဘာ ၇ ရက် အရေးပေါ်မိန့်ခွန်းမှာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုတော်လှန်ရေး စတင်လိုက်ပြီမို့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ချက် ချင်းပူးပေါင်းဖို့၊ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို အမြန်ဆုံးသတင်းပို့ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ စက်တင်ဘာ ၆ ရက် NUG တိုက်ပွဲမခေါ်ခင်အထိ အချိန် ခုနစ်လကျော်အတွင်း စစ်ကောင်စီအပေါ် သစ္စာခံမှုကိုစွန့်ခွာပြီး အာဏာဖီဆန်တဲ့ စစ်သား ၁၅၀၀၊ ရဲတပ်ဖွဲ့ဝင် ၁၀၀၀ စုစုပေါင်း ၂၅၀၀ လောက်ရှိခဲ့တယ်လို့လည်း CDM လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကူညီပေးနေတဲ့ ပြည်သူ့ ရင်ခွင်အဖွဲ့နဲ့ Myanmar Police CDM Channel က RFA ကို ပြောထားပါတယ်။
ဒါ့ကြောင့် စက်တင်ဘာ ၇ ရက်နောက်ပိုင်း CDM လုပ်လာတဲ့ အရေအတွက် ၄၀၀ ကျော်နဲ့ ပေါင်းလိုက်မယ် ဆိုရင် အာဏာသိမ်းပြီး ရှစ်လနီးပါးကာလအတွင်း ပြည်သူနဲ့ပူးပေါင်းလာတဲ့ CDM ရဲနဲ့ စစ်သားအရေအတွက် က ၃၀၀၀ နီးပါးရှိနေပါပြီ။ ဒီအရေအတွက်နဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။
CDM လုပ်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ NUG က အရေးပေါ် ကာလကြေညာလိုက်တဲ့ စက်တင်ဘာ ၇ ရက်နောက်ပိုင်း CDM လုပ်ဖို့ဆက်သွယ်လာတဲ့ စစ်သားနဲ့ ရဲတပ် ဖွဲ့ဝင် စုစုပေါင်း ၄၅၃ ဦးအနက် ၅၀ က လက်တွေ့ CDM ဝင်လာကြပြီး၊ ကျန် ၄၀၀ နီးပါးကတော့ စစ်တပ်နဲ့ ပြည်ထဲရေးဌာနကိုစွန့်ခွာဖို့ လက်တွေ့ CDM လုပ်ဖို့ အခွင့်အလမ်းစောင့်နေကြတယ်လို့ ပြောပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ဟာ CDM လုပ်လာတဲ့ အရာရှိစစ်သည်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး Myanmar Police CDM Channel ဟာလည်း CDM ရဲတွေနဲ့ စစ်သားအချို့ ပူးပေါင်းဖွဲ့စည်းထားတာပါ။
လူထုတော်လှန်ရေးကြေညာပြီးနောက် ရဲနဲ့စစ်သား CDM လုပ်မှု ချက်ချင်းတိုးတက်လာတာဟာ NUG ရဲ့ ကြိုးပမ်းမှုအပြင် စစ်တပ်ခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းမှုတွေကို CDM ဝန်ထမ်း တွေကိုယ်တိုင် သိမြင်လာကြတာကြောင့်ဖြစ်တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ဗိုလ်ကြီး လင်းထက်အောင် က ပြောပါတယ်။
““အဓိက ဘာကြောင့်များလာသလဲဆိုရင် NUG ကိုယ်တိုင်ကလည်း ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်နေတာကြောင့်လို့ ထင်တယ်။ နောက်ပြီးတော့ တပ်ရဲ့လုပ်ပုံကိုင်ပုံတွေကို အောက်ခြေတွေကြားမှာ မကြိုက် နှစ်သက်တာ တွေများလာလို့ အခုလို ပြည်သူ့ရင်ခွင်ခိုလှုံတဲ့ ရဲနဲ့စစ်သားတွေ များလာ တယ်လို့ ကျွန်တော်ထင်တယ်””
အခုလို CDM လုပ်တဲ့ စစ်သည်အရေအတွက် များလာတာကြောင့် စစ်တပ်ဘက်ကလည်း CDM လုပ်မယ့် သူ့ရဲ့လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တားဆီးဖို့ စစ်တပ်အတွင်း ဝင်ထွက်သွားလာခွင့်တွေကို ပို တင်းကျပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီအောက်ကနေ သူတို့ တိုက်ပွဲဝင်မယ်ဆိုရင် မှားသွားမယ်။ ပြီးတော့ ပြည်သူလူထုရဲ့ ချစ်ခင်လေးစားမှုလည်း ရစရာမရှိဘူး"
စစ်တပ် ဝန်ထမ်းလိုင်းခန်းတွေကနေ အပြင်ထွက်ဖို့ အဆင့်ဆင့်တင်ပြရပြီး၊ ခြံဝင်းတွေကိုလည်း လုံခြုံရေး တိုးမြှင့်တာ၊ ကျန်းမာရေးကိစ္စမှအပ ဝင်ထွက်ခွင့် ပိတ်ပင်တာနဲ့ မဖြစ်မနေ အပြင်ထွက်ဖို့ လိုအပ်ရင် အဝတ် တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်ခွင့်ပေးတယ်လို့ ဆိုပါတယ်။
“တချို့တပ်တွေဆိုရင် ဈေးသည်တောင်မှ အဝင်အထွက်မလုပ်ရတဲ့တပ်တွေရှိတယ်။ တပ်ထဲမှာရှိတဲ့ မိသားစု စစ်သည် ရဲမေတွေကျတော့ တပ်အပြင်ထွက်ဖို့ဆိုရင် အဆင့်ဆင့်တင်ပြရတယ်။ သွားခွင့်ရ တယ်ဆိုမှ ထွက်လို့ရတာ။ သွားတယ်ဆိုရင်တောင် ညအိပ်ညနေဆို ရက်ရှည်ပေးမနေဘူး”

စစ်တပ်အရာရှိတွေဟာ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ တပ်မိသားစုဝင်တွေကို တစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံပြီး NLD ပါတီဟာ မဲမသမာမှု လုပ်ခဲ့တဲ့ပါတီဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း တိုင်းပြည် တိုးတက်အောင် ဘာမှမလုပ်နိုင်ခဲ့ကြောင်း၊ စစ်တပ်အရာရှိတွေက တိုင်းပြည်ကို အမျိုးသမီး ဦးဆောင်တာ လက်ခံလို့ မရကြောင်း စတဲ့အချက်တွေကို စည်းရုံးပြောဆိုလေ့ရှိတယ်လို့ အဲဒီတွေ့ဆုံပွဲတွေကို ကိုယ်တိုင် တက်ခဲ့တဲ့ စစ်တပ်မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။ စစ်တပ်အတွင်းမှာပဲ အာဏာသိမ်းမှုအပေါ် ကျေလည်မှုမရှိဘဲ ဒွိဟဖြစ်နေသူတွေ အများအပြားရှိနေတယ်လို့လည်းဆိုပါတယ်။ ဒါကြောင့်ပဲ စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၈ လနီးပါးအကြာမှာ တိုင်းစစ်ဋ္ဌာနချုပ် တွေနဲ့ တပ်မိသားစုဝင်တွေကို အာဏာသိမ်းရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး လိုက်လံရှင်းပြ နေတယ်လို့ တပ်မိသားစုဝင်တွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း လားရှိုးတပ်နယ်က မိသားစုဝင်တွေနဲ့တွေ့ဆုံပြီး မဲစာရင်း မှားယွင်းလို့ သူ့အနေနဲ့ နိုင်ငံတော်တာဝန်ကို ယူခဲ့ရတာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းပြ ခဲ့ကြောင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
စစ်သားတွေအနေနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင်နေရတာ မဟုတ်ဘဲ စစ်အာဏာရှင်တွေရဲ့ အာဏာ တည်မြဲရေးအတွက် အသက်စွန့်နေရတာဖြစ်လို့ CDM လုပ်သင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးတိုင်း မြင်းခြံမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။
“သူတို့တွေက CDM လုပ်ကိုလုပ်ရမှာ။ လူတစ်ယောက်က အလုပ်တစ်ခုကိုလုပ်တဲ့အခါ ယုံကြည်ချက်ရှိလို့ လုပ်တာရှိတယ်၊ တစ်ခုခုပြန်ရစရာရှိလို့ လုပ်တာရှိတယ်။ စစ်ကောင်စီလက်အောက်မှာ လုပ်နေတဲ့သူတွေ က နိုင်ငံတော်အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်က တိုက်စရာအကြောင်းလည်း မရှိတော့ဘူး။ ပြည်သူ့ အတွက်လည်း တိုက်စရာအကြောင်းမရှိဘူး။ ဒီတော့ သူတို့လုပ်နေတာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်တစ်ခု ဖြစ်နေပြီ။ စစ်ကောင်စီအောက်ကနေ သူတို့ တိုက်ပွဲဝင်မယ်ဆိုရင် မှားသွားမယ်။ ပြီးတော့ ပြည်သူလူထုရဲ့ ချစ်ခင်လေးစားမှုလည်း ရစရာမရှိဘူး။ ပြီးတော့ ဂုဏ်သိက္ခာလည်း ရစရာမရှိဘူး။ ငွေကြေးအာဏာ စည်းစိမ်လည်း နောက်ထပ်ရမှာ မဟုတ်တော့ဘူး”
ကိုယ်တိုင် CDM လုပ်ခဲ့ပြီး ပြည်သူ့ရင်ခွင်အဖွဲ့မှာ လက်ရှိလုပ်ကိုင်နေတဲ့ ဗိုလ်ကြီး လင်းထက်အောင် ကတော့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲနဲ့စစ်သားတွေ CDM မှာ ပါဝင်မှု များလာလေလေ စစ်အာဏာရှင်တွေ အင်အားချိနဲ့သွားပြီး ပြည်သူတွေသွေးထွက်သံယိုမှု အနည်းဆုံးနဲ့ စစ်တပ်ဘက်က အာဏာ စွန့်လွှတ်သွားလိမ့်မယ်လို့ သူယုံကြည်တယ်လို့ ဆိုပါတယ်။