စစ်ကောင်စီတပ်နဲ့ AA အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် အရပ်သား ၁၆၀၀၀ ကျော်ထွက်ပြေး

2022.09.04
စစ်ကောင်စီတပ်နဲ့ AA အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် အရပ်သား ၁၆၀၀၀ ကျော်ထွက်ပြေး လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာများမှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က‌ တွေ့ရစဉ်
Photo: CNY

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် အရပ်သား တစ်သောင်းခြောက်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်အများစုဟာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊မောင်တောမြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ရွာမှာမနေရဲတော့လို့ ဩဂုတ်လ ၂၉ ရက်မှာ မြောက်ဦးမြို့ပေါ်ကို ထွက်ပြေးလာတာလို့ ကင်းဆိပ်ရွာဒေသခံ မမိုးမိုးအေးက RFA ကို ပြောပါတယ်။

"မြောက်ဦး မြို့ပေါ်ကနေ ကြည့်ရင် ညီမလေးတို့ရွာကို မြင်ရပါတယ်။ မြောက်ဦးမြို့ထဲ မှာ ရှိတဲ့ တောင်တွေကနေ ညီမတို့ရွာကို လှမ်းပစ်တာပါ။ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲ ၅ နာရီ မထိုးခင်အချိန် လက်နက်ကြီးကျည်ကျတယ်။ ၂၈ ရက်နေ့ကတော့ စစ်ဘေးမရှောင်ရသေးဘူး။ ၂၉ ရက်နေ့ မနက် ၆ နာရီ လောက်မှ မြို့ကိုရောက်တာပါ။ ပြေးလာတဲ့နေ့က ဘာပစ္စည်းမှမပါလာဘူး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာတာ"

ကင်းဆိပ်ရွာမှာ လူ ၄၀၀ နီးပါးနေထိုင်ပြီး မြောက်ဦးမြို့နယ်ထဲက နီးစပ်ရာနေရာတွေမှာ အဆင်ပြေသလို နေထိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

mrauku-refugee.jpg
စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အတွက် ထွက်ပြေးလာကြသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ ဒေသခံများကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ရသေ့တောင်မြို့နယ်မှာလည်း အရပ်သား ရှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီသူ ကိုကျော်မင်းခိုင်က RFA ကို ပြောပါတယ်။

"ရသေ့တောင်မှာက လွန်ခဲ့တဲ့ လကနေ ဒီနေ့အထိဆိုရင် တစ်လအတွင်းမှာက ဒုက္ခသည်အရေအတွက် ရှစ်ထောင်လောက်အထိကို တိုးလာတယ်ဗျ။ ချိန်ခါလီဘက်က ရသေ့တောင်မြို့ရဲ့ အနောက်ဘက် အဲဒီဘက်က ပြေးလာတဲ့ ရွာပေါင်း လေး၊ ငါးရွာက လူတွေကျတော့ IDP Camp တွေကို မရောက်ဘဲနဲ့ အရှေ့ဘက်မှာရှိတဲ့ ရွာတွေမှာ ယာယီခိုလှုံနေကြတာ ဖြစ်တယ်"

စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်နဲ့ AA အကြား ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားနေလို့ စက်တင်ဘာ ၂ ရက်မှာ ချင်းဒုက္ခသည် ၅၆၄ ဦး အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အတွင်းကို ထွက်ပြေးခိုလှုံနေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်း ခြောက်ထောင်ကျော် ရှိလာပြီလို့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက စစ်ဘေး ဒုက္ခသည်တွေကို ကူညီနေတဲ့ ရခိုင်ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး အရှင်သာဘာဝနဒီ က မိန့်ပါတယ်။

"ရသေ့တောင်မှာ အိမ်ထောင်စု တစ်ထောင်ကျော်လောက် ပြေးရတယ်။ ဒါပေမဲ့ အဲဒီ လူတွေအကုန် အဆက်အသွယ်မရသေးဘူး။ ကျုပ်ဆီမှာ အဆက်အသွယ်ရထားတာက အိမ်ထောင်စု လေးရာကျော်နဲ့ လူဦးရေ နှစ်ထောင်ဝန်းကျင်ပေါ့။ ရသေ့တောင်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဆင်းပြီးပြီ။ မနက်ဖြန်ဆို မောင်တောကို ဆင်းမှာဗျ။ လတ်တလော တိမ်းရှောင်လာတဲ့ အိမ်ထောင်စု ရသေ့တောင်၊ မြောက်ဦး၊ ပလက်ဝ တစ်သောင်းနဲ့ ခြောက်ထောင် ဝန်းကျင်လောက် ရှိမယ်ဗျ"

သြဂုတ်လ ၁၃ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ AA အကြား တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။ သြဂုတ်လ ၃၁ ရက်မှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်အမှတ် ဘီပီ-၄၀က နယ်ခြားစောင့် ရဲစခန်းကို AA က တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းလက်လွှတ် ဆုံးရှုံးခဲ့ရသလို တပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစခန်းကို AA ဆီကနေပြန်လည်ရရှိဖို့ စက်တင်ဘာ ၁ ရက်ကစလို့ စစ်ကောင်စီတပ်က လေကြောင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလို့ အနီးအနား ပတ်ဝန်းကျင်ရွာတွေက အရပ်သားတွေအားလုံး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အရင်ကထက် ULA/AA ဘက်ကလည်း စည်းရုံးရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အဘက်ဘက်မှာ တည်ဆောက်ထားတယ်"

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ရက္ခိုင့်တပ်တော် (AA) အင်အားတောင့်တင်းလာမှုကြောင့် ရခိုင်ပြည်နယ်မှာ အရင်ကထက် ပိုပြီးပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

"တိုက်ပွဲတွေက ပိုမိုကျယ်ပြန့်လာမယ်။ အရင်ကထက် ULA/AA ဘက်ကလည်း စည်းရုံးရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အဘက်ဘက်မှာ တည်ဆောက်ထားတယ်။ အင်အားက ပိုလာတယ်။ တပ်ရဲ့အရေအတွက်ကလည်း များလာတယ်။ ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု၊ ဝိုင်းဝန်းကူညီမှုတွေကလည်း ပိုပြီး ရှိလာတယ်။ အဲဒီအခြေအနေမှာတော့ စစ်ကောင်စီဘက်ကတော့ ရခိုင်တွေ အကုန်လုံး သူပုန်ဆိုပြီး ပြည်သူတွေကို နှိပ်စက်နိုင်တယ်၊ သတ်ဖြတ်နိုင်တယ်ပေါ့ဗျာ။ အဲဒါမျိုးလည်း လုပ်ခဲ့ပြီးပြီ"

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ AA အကြား ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် အောက်တိုဘာလကုန်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလကစလို့ စစ်ကောင်စီတပ်နဲ့ AA အကြား တိုက်ပွဲတွေရပ်စဲခဲ့ပြီး စစ်ဘေးဒုက္ခသည်အများစု မူလနေရပ်ကို ပြန်လည်နေထိုင်နိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေလဆန်းမှာတော့ စစ်ကောင်စီတပ်က ဒေသခံတွေကို AA နဲ့ ပတ်သက် တယ်လို့ စွပ်စွဲ ဖမ်းဆီးတာ၊ AA ဘက်ကလည်း စစ်ကောင်စီတပ်နဲ့ ဆက်စပ်သူတွေကို ပြန်လည်ဖမ်းဆီးတာတွေကြောင့် နှစ်ဖက်တပ်တွေအကြား တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လဆန်းမှာ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။