အခြေခံပညာကျောင်းတွေကို စစ်ကောင်စီ ပြန်ဖွင့်

2022.06.02
အခြေခံပညာကျောင်းတွေကို စစ်ကောင်စီ ပြန်ဖွင့် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဇွန်လ ၂ ရက် ဒီနေ့ကစပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် ကျောင်းအပ်ထားသူတွေ ကျောင်းစတက်နေကြပါပြီ။

ရန်ကုန်မြို့က အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းလာတက်သူ ကျောင်းသားတွေ ဟာ အာဏာသိမ်းပြီးကာစ မနှစ်ကထက် ပိုများလာသလို စာသင်ကျောင်းတွေရဲ့ လုံခြုံရေး ကိုလည်း တိုးမြှင့်ထားတာ တွေ့ရပါတယ်။

ဒီနေ့မနက် အခြေခံပညာကျောင်းတွေမှာ ကလေးတွေ ကျောင်းတက်နေတာတွေ့ရပြီး အနည်းစုသာ ကျောင်းဝတ်စုံနဲ့ တွေ့ခဲ့ရတယ်လို့ ရန်ကုန်မြို့ အငှားယာဉ်မောင်း ကိုသန်းဝင်း က RFA ကို ပြောပါတယ်။

"ရန်ကုန်မြို့ ကျောင်းတက်တဲ့ မြင်ကွင်းကတော့ တော်တော်များများ ကျောင်းတွေမှာ ၅၀ ရာခိုင်နှုန်း ကလေးတွေ ကျောင်းတက်နေတဲ့ ပုံစံမျိုး တွေ့တယ်ခင်ဗျ။ ဒီမနက်ဆိုရင် ကျနော်တို့သွားနေရင်းနဲ့ ငါးမြို့နယ်လောက်က ကျောင်းတော်တော်များများက အခု ကျောင်းတက်တဲ့ အချိန်ရော၊ ကျောင်းမတက်တဲ့အချိန်ရော နှစ်ခုပေါင်း ခန့်မှန်းခြေ ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်ခင်ဗျ။ ကျောင်းဝတ်စုံ ဝတ်ထားတာက မရှိသလောက် ရှားတယ်။ ၂၀ ရာခိုင်နှုန်းပဲရှိတယ်။ ကျန်တာကတော့ အိမ်နေတဲ့ အဝတ်အစားနဲ့ သွားနေကြတာ။ မနက်က ကျောင်းတက်တဲ့ အချိန်မှာတော့ ကျောင်းတွေမှာ လုံခြုံရေး တော့ မရှိဘူး။ ကျောင်းလွှတ်တဲ့အချိန်မှာတော့ နာမည်ကြီး ကျောင်းတွေမှာတော့ တချို့နေရာမှာ လုံခြုံရေး လေး၊ ငါး၊ ခြောက်ယောက်လောက် ထားတာတွေ့တယ်"

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် စာသင်ကျောင်းတွေ ပိတ်ရတာ ဆရာ၊ ဆရာမ အများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင် ကြတာကြောင့် ကလေးတွေ စာသင်ကြားဖို့ နှစ်နှစ်နီးပါး ရပ်တန့်ခဲ့ပေမယ့် အခုနှစ်မှာတော့ မနှစ်ကထက် ကျောင်းတက်ရောက်သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့ခံ ကျောင်းသား မိဘတွေက ပြောပါတယ်။

တွံတေးမြို့မှာနေထိုင်တဲ့ မဝေဝေကတော့ အသက်ခုနစ်နှစ်အရွယ် သမီးဖြစ်သူကို KG တန်းတက်ရောက်ဖို့ ဒီနေ့မှာပဲ ကျောင်းစထားတယ်လို့ RFA ကို ပြောပါတယ်။

"ဒီနေ့ ကလေးကို ကျောင်းသွားပို့တယ်ပေါ့။ ကျောင်းမှာ ဘယ်သူမှမရှိဘူးလို့တောင် ထင်တာ။ ဒါပေမဲ့ ကျောင်းမှာ မိဘတွေ တော်တော်များများ လာထားကြတယ်။ ကလေးတိုင်းက အဖြူနဲ့ အစိမ်း ဝတ်လာကြတယ်။ မနှစ်ကဆိုရင် တက်တဲ့ ကလေးတွေ က အဖြူနဲ့အစိမ်း မဝတ်ရဲကြဘူး။ ရိုးရိုးအဝတ်အစား၊ အိမ်အဝတ်အစားလေးတွေနဲ့ပဲ သွားကြတာ။ ပြီးရင် ဆရာကပြောတာကတော့ မနှစ်ကဆိုရင် သူ့အခန်းမှာ ကျောင်းသား ဦးရေ သုံးယောက်ပဲ ရှိတာတဲ့။ ဒီနှစ်ကိုတော့ ၃၀ ကျော် တက်တာပေါ့။ တော်တော် အဆင်ပြေတယ်တဲ့။ သူလည်း သင်ရတာ အားရတယ်တဲ့ ဆရာလည်း အဲလိုပြောတယ်။ အစ်မသမီးနဲ့ လာတက်တဲ့သူတွေထဲမှာ ခုနစ်နှစ်ကို တစ်တန်းထားနေတဲ့သူတွေ အများကြီးပဲ"

စစ်ကောင်စီဘက်ကတော့ အခုပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး ကျောင်းအပ်သူ ၅၆ သိန်းရှိပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ နေပြည်တော်က အများဆုံး ဖြစ်တယ်လို့ ဒီနေ့မှာပဲ စစ်ကောင်စီပိုင် မီဒီယာတွေနဲ့ သတင်းစာတွေကနေ ဖော်ပြ ထားပါတယ်။

school-mingalartaungnyunt.jpg
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီက ဦးဆောင်ဖွင့်လှစ်တဲ့ ကျောင်းတွေကို အပ်နှံကြသူတွေရှိသလို စစ်ကောင်စီ အပေါ် ဆက်လက် သပိတ်မှောက်ထားကြတဲ့ ကျောင်းသားမိဘတွေလည်း အများအပြား ရှိနေပါတယ်။

သူတို့အတွက်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်ပြီး ကျောင်းနေ အရွယ် ကလေးငယ်တိုင်း စာသင်နိုင်ဖို့အတွက် CDM ဆရာ၊ ဆရာမတွေနဲ့ ဖွဲ့စည်းထားတဲ့ နွေဦးစာသင်ခန်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီလက်ထက်ပညာရေးကို သွေးစွန်းပညာရေးလို့ ခံယူထားလို့ ခုနစ်တန်းအရွယ် သားဖြစ်သူကို ကျောင်းမထားဘဲ နွေဦးစာသင်ခန်းတွေကို ပို့မယ်လို့ မကွေးတိုင်း ရေစကြို မြို့နယ်မှာ နေထိုင်တဲ့ မမွန်မွန်က ပြောပါတယ်။

"ဒီနှစ်ကတော့ ကျောင်းမထားဖြစ်ဘူး။ စစ်ကောင်စီရဲ့ပညာရေးကို အားမပေးချင်လို့ မထားဘူး။ နွေဦးတော်လှန်ရေး NUG က ဖွင့်လှစ်တဲ့ ကျောင်းကိုထားဖို့ အစီအစဉ် ရှိတယ်။ CDM လုပ်တဲ့ ဆရာမတွေ စာသင်တဲ့ကျောင်းကို စုံစမ်းပြီးတော့ ထားဖို့ အစီအစဉ် ရှိတယ်။ ဘာဖြစ်လို့ မထားလဲဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ ကျောင်းမတက်ရတဲ့ ကလေးသူငယ်တွေကို ကြည့်ပြီးတော့ သူတို့ကို အားနာပြီးတော့ ကိုယ်တွေက မထားဖြစ်ဘူး။ စစ်ကောင်စီပညာရေးကိုလည်း အားမပေးဘူး"

စစ်ကောင်စီကတော့ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို အလုပ်ပြန်ဝင်ဖို့ ဖိတ်ခေါ် နေပြီး မေလ ၃၁ ရက် နောက်ဆုံး အလုပ်ပြန်ဝင်ဖို့ ကြေညာထားရာကနေ လာမယ့် ဇွန်လ ၇ ရက်နေ့အထိ တိုးမြှင့်ထားတယ်လို့ ကြေညာထားပါတယ်။

"ပြီးခဲ့တဲ့နှစ်ကထက်တော့ ကျောင်းအပ်တဲ့ရာနှုန်းက တော်တော်တက်လာတာ တွေ့ရတယ်"

ဒီနေ့မှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်၊ ကချင်၊ မွန်နဲ့ ရှမ်းပြည်နယ် စတဲ့ ဒေသတွေရဲ့ အခြေခံ ပညာ ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ယခင်ပညာသင်နှစ်ထက် ၅၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်မင်းခန့်က RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ကထက်တော့ ကျောင်းအပ်တဲ့ရာနှုန်းက တော်တော်တက်လာတာ တွေ့ရတယ်။ မိဘတွေက ကလေးတွေကို စဉ်ဆက်မပြတ် စာသင်ကြားရမယ်ဆိုတဲ့ အတွေးအခေါ် သူတို့ခေါင်းထဲကို ဝင်လာတယ်။ သို့သော် နိုင်ငံရေးအမြင်ကြောင့် ကျောင်းမအပ်တဲ့မိဘတွေက ရာခိုင်နှုန်းများတာပေါ့နော်။ နိုင်ငံရေးကိစ္စတွေပြီးမှ ကျောင်းအပ်ရမယ်ဆိုရင် ကလေးငယ်တွေရဲ့ အသက်တွေနဲ့ ကလေးတွေရဲ့ သင်ကြား သင်ယူမှု လမ်းသွယ်တွေက ရပ်တန့်နေရမယ့် အနေအထားမျိုးတွေ ဖြစ်နေရတဲ့အခါ ကျတော့ သူတို့က နိုင်ငံရေးနဲ့ ပညာရေးကို ခွဲထုတ်လိုက်တယ်လို့ ကျနော်တို့ မြင်တယ်"

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံး ကျောင်းနေအရွယ်ကလေးငယ် ၁၁ သန်း ရှိခဲ့ပေမယ့် အခု ပညာသင်နှစ်မှာတော့ ကျောင်းနေအရွယ်ကလေးငယ် ၁၃ သန်းဝန်းကျင် ရှိနိုင်ပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ လက်ရှိ ကျောင်းတက်ရောက်နေတယ်လို့ ဦးကျော်မင်းခန့်က ဆိုပါတယ်။

နိုင်ငံအနှံ့အပြားမှာ ပေါက်ကွဲမှုတွေဖြစ်နေပေမယ့် ကလေးတွေပညာရေးနဲ့ ပတ်သက်ပြီး ရွေးချယ်စရာ အခွင့်အရေး နည်းပါးတဲ့ မိဘတွေဟာ သားသမီးတွေရဲ့ စာတတ်မြောက်စေဖို့ အတွက် စစ်ကောင်စီက ပြန်ဖွင့်တဲ့ကျောင်းတွေကို ပြန်ပို့လာကြတာလည်း ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။