ရှမ်းမြောက်ဒေသမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက်ကြီးထွားနေ
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ ဟိုပန်၊ မူဆယ်မြို့တွေမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက်ကြီးထွားနေတုန်းပဲ ဒေသခံတွေက ပြောကြပါတယ်။
-
RFA Burmese
2025-03-09 -
-
-
တရုတ်-မြန်မာနယ်စပ် မြန်မာပြည် အရှေ့မြောက်ပိုင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ်လ ၇ ရက်နေ့ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမဲ့ တရုတ်နယ်စပ်နဲ့ နီးစပ်တဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ ဟိုပန်၊ မူဆယ်မြို့တွေမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက်ကြီးထွားနေတုန်းပဲ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်နဲ့ UWSA “ဝ” တပ်ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အစွန် ကျေးရွာတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့
ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
"ဟိုပန်မှာ ကျားဖြန့်တွေရှိနေတာကို အချိန်အတော်ကြာအောင် ဒေသအုပ်ချုပ်ရေး မသိတာက ထူးခြားချက်တစ်ခုပဲ"
လတ်တလောမှာ အဖမ်းအဆီး သတင်းတွေကြောင့် ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတွေ အပြင်သိပ်မထွက်ကြဘဲ ငြိမ်နေတယ်လို့ တန့်ယန်းမြို့ခံ တစ်ဦးက ပြောပါတယ်။
“နည်းနည်းလေး ငြိမ်နေတာကလွဲလို့ ဘာမှမပြောင်းလဲပါဘူး။ ဒီအတိုင်းပါပဲ။ နည်းနည်းငြိမ်တယ်ဆိုတာ တရုတ်တွေ မြို့ထဲသွားလာတာ ငြိမ်သွားတာပေါ့။ ဒါပေမဲ့ သူတို့အလုပ်ရုံတွေမှာ ရှိသေးတယ်လေ၊ အများကြီးပဲလေ။ ဘယ်နေရာလဲဆို ရွာအစပ်က တောတွေမှာပေါ့။ မြေက ကျယ်တာကိုး”
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ပေါ်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ လုံခြုံရေးယူပေးထားတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
မြန်မာက ငွေလိမ်လုပ်ငန်းတွေ ကမ္ဘောဒီးယားနဲ့ လာအိုကို ပြောင်းရွှေ့နေ
ငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံခြားသား ခြောက်ထောင်ကျော် ထိန်းသိမ်းထားကြောင်း BGF ပြော
မိုင်းရယ်မြို့နယ်မှာ ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူ ရှစ်ဆယ်ကျော် ဖမ်းမိ
မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ သိန်းသန်းချီ ကားကြီးကွင်းနဲ့ မင်္ဂလာမူဆယ် ရပ်ကွက်အတွင်းက အထပ်မြင့် အဆောက်အအုံတွေမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်း ဆယ်ဂဏန်းအထိ ဆက်ရှိနေတုန်းဖြစ်တယ်လို့ မူဆယ် ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်က မြေပုံအထောက်အထားနဲ့ ဖမ်းဆီးဖို့ ညွှန်ကြားလာရင်တော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ ပုံမှန်အတိုင်း လုပ်ငန်းတွေ လည်ပတ်နေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ ဟိုပန်မြို့ရဲ့ လူနေရပ်ကွက်တွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်ဖွင့်ထားတဲ့ ကျားဖြန့်ရုံတွေရှိနေပြီး သတင်းပေးရင်တော့ "၀ " တပ်ဖွဲ့ တာဝန်ရှိသူတွေက ဝင်ဖမ်းတာရှိတယ်လို့ ဟိုပန်မြို့ခံ တစ်ဦးက ပြောပါတယ်။
“ဘေးလူမမြင်ရအောင် သိုဝှက်ထားတဲ့ နေရာတွေရှိတယ်။ ဟိုပန်မြို့ထဲမှာ ဖမ်းလိုက်တဲ့ကိစ္စဆိုရင် ဘယ်သူမှ မသိလိုက်ဘူး။ ကျားဖြန့်ရုံးထိုင်ထားတဲ့ နေရာအနီးက လူတွေကတိုင်လို့ သူတို့ သိသွားတာ။ ဒါတောင် ပိုင်ရှင်လွတ်သွားတယ်ဆိုတဲ့ ကိစ္စတွေကို ကြည့်ခြင်းအားဖြင့် ဟိုပန်မှာ ကျားဖြန့်တွေရှိနေတာကို အချိန်အတော်ကြာအောင် ဒေသအုပ်ချုပ်ရေး မသိတာက ထူးခြားချက်တစ်ခုပဲ။ ပတ်ဝန်းကျင် မသိရင် ကျားဖြန့်မသိဘူး။ ပတ်ဝန်းကျင်ကသိမှ ဖမ်းဆီးတာတွေ ဖြစ်လာတာ”
UWSA “ဝ”တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ သူတို့ ထိန်းချုပ်ဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နေပြီး လူထုအနေနဲ့ သိရှိရင်လည်း သတင်းပေးလို့ရတယ်လို့ ပြောပါတယ်။
“ကျားဖြန့်နဲ့ ပတ်သက်ပြီးမှ ဘယ်လိုလူပုဂ္ဂိုလ်မျိုးကိုမဆို ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုရင် ထိထိရောက်ရောက် အရေးယူပါမယ်လို့ ကျွန်တော်တို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ တကယ်လို့ ပြည်သူများအနေနဲ့ သိရှိလာတဲ့ အချက်အလက်တွေကို နီးစပ်တဲ့ အစိုးရအဖွဲ့ရုံးတွေကို တိုင်ကြားလို့ ရပါတယ်"
တရုတ်နယ်စပ်မြို့တွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းပြန် မဖြေပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း အခြေစိုက်ရှမ်းလူငယ် အဖွဲ့ခေါင်းဆောင်ဟောင်း တစ်ဦးကတော့ ရှမ်းမြောက်ဒေသ အပါအဝင် မြန်မာပြည်မှာ ကျားဖြန့်လုပ်ငန်းဟာ ပပျောက်ဖို့မလွယ်တော့ဘူးလို့ ပြောပါတယ်။
“ကျွန်တော့်အမြင်နဲ့ ပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ မူးယစ်ဆေးဝါးကို အစားထိုးလာမဲ့ အန္တရာယ်အကြီးဆုံးက ကျားဖြန့်ပဲ။ ဘယ်လိုမှပပျောက်ဖို့ မလွယ်ဘူးလို့ထင်တယ်။ ဒီဟာ ပပျောက်ဖို့ဆိုရင် တပ်ကလည်း ဒီကျားဖြန့် ပပျောက်စေချင်တဲ့ စိတ်ရှိရင်တော့ ရတာပေါ့။ လက်နက်ကိုင်တွေကလည်း ဒီလိုပါပဲ။ အားလုံးက ဒီကျားဖြန့်နဲ့ အသက်ရှုချောင်နေကြတာ တိုင်းရင်းသား လက်နက်ကိုင်က အစနော်”
တရုတ်နိုင်ငံဘက်က မြန်မာ-တရုတ်နယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး အရေးယူခဲ့ပါတယ်။
UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းက ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား အနည်းဆုံး သုံးထောင်ကျော် ဖမ်းဆီးခဲ့သလို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့နဲ့ သူတို့နဲ့ဆက်စပ်တဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးပြီး တရားရုံးတင် စစ်ဆေးနေတာပါ။
ထိုင်း-မြန်မာနယ်စပ်အတွင်းက ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ နေရာတွေကိုလည်း ထိုင်းအစိုးရအကူအညီနဲ့ ဖိအားပေးဖမ်းဆီး နေတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၄၇၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။