မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဒုက္ခသည် ၁.၂ သန်းအထိရှိလာ

2022.06.20
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဒုက္ခသည် ၁.၂ သန်းအထိရှိလာ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ထွက်ပြေးနေကြသည့် ဒေသခံပြည်သူတွေကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ တွေ့ရစဥ်
ဓါတ်ပုံ - ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ ၁.၂ သန်းကျော် ရှိလာနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

အာဏာမသိမ်းခင်က ဒုက္ခသည် သုံးသိန်းခွဲလောက်ပဲရှိခဲ့ရာကနေ အခုအာဏာသိမ်းပြီး နောက် ဒုက္ခသည် ရှစ်သိန်းကျော်လောက် တိုးလာတာလို့ ဆိုပါတယ်။

ဒီကနေ့ဟာ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့လည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ခုခံတော်လှန်ရင်း ပြေးလွှားတိမ်းရှောင်နေကြရတဲ့ နိုင်ငံအနှံ့က စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး လိုအပ်ချက်နဲ့ အကူအညီများစွာ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း၊ မကွေး တိုင်းနဲ့ ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေက ဒီကနေ့ ပြောပါတယ်။

ဒုက္ခသည်တွေဟာ နေရပ်ပြန်ချင်ပေမယ့် သူတို့ရဲ့နေရပ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေ တာ၊ စစ်ကောင်စီတပ်တွေက တပ်စခန်းချထားတာ၊ နေအိမ်တွေ မီးရှို့ခံထားရတာကြောင့် အခုအချိန်ထိ အိမ်မပြန်နိုင်တာ တစ်နှစ်ကျော်လောက်ရှိလာပြီလို့ ဆိုကြပါတယ်။

မကွေးတိုင်း၊ ကင်းမရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ယောက်က စစ်ကောင်စီတပ်တွေဟာ သူတို့ရွာကို လက်နက်ကြီးနဲ့ပစ် မီးရှို့ဖျက်ဆီးတာ သုံးကြိမ်ထက် မနည်းရှိပြီလို့ ပြောပါတယ်။

ဒီလို မီးရှို့ဖျက်ဆီးခံရပြီးကတည်း အခုအချိန်အထိ တစ်နှစ်ကျော်ကာလအတွင်း ရွာသား တွေဟာ တောတောင်ထဲမှာ တိမ်းရှောင်နေကြရပြီး ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေကို မျှော်လင့်နေကြတယ်လို့ဆိုပါတယ်။

“အစပထမရွာကို မီးရှို့ခံရကတည်းက ရွာသားတွေဟာ တောထဲတောင်ထဲမှာပဲ နေကြရတာပဲ။ ရွာကို ဘယ်သူမှ ပြန်မကပ်ရဲတော့ဘူး။ အခုလည်း ကျနော်တို့ဘက်ကို စစ်ကြောင်းထိုးနေတယ်လေ။ အဲဒါကြောင့် အခုလည်း တောတွေတောင်တွေထဲမှာ အထုတ်အပိုးတွေနဲ့ အဲဒီလိုပဲ နေကြရတာပဲ။ လယ်တွေ ဘာတွေဆိုတာကတော့ အနည်းအကျဉ်းတော့ ရွာနဲ့ဝေးတဲ့နေရာတွေမှာ နည်းနည်းပါးပါးတော့ လုပ်လို့ရတာပေါ့။ နေဖို့ထိုင်ဖို့ဆိုတာက သူတို့မဖျက်ဆီးဘူးဆိုရင် တောတောင်ထဲမှာ တဲလေးတွေထိုးပြီး နေတာဆိုတော့ နေဖို့ကတော့ အဆင်ပြေတယ်။ စားဝတ်နေရေးနဲ့ မိုးကျကာလ ရောက်လာပြီဆိုတော့ ဆေးဝါး အဓိကလိုတယ်”

ကင်းမရွာဟာ သုံးကြိမ်တိတိ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် အိမ်ခြေ ၂၅၀ ကျော်မှာ အိမ် ၈၀ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ စစ်ပွဲတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပြီး နိုင်ငံတစ်ဝှမ်း တိုက်ပွဲ ပေါင်း ၄၆၀၀ ကျော်ရှိခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး (ISP-Myanmar) အဖွဲ့ရဲ့ ဇွန် လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထဲက တိုက်ပွဲတွေရဲ့ တစ်ဝက်ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရှိရာ ကရင်ပြည်နယ်မှာဖြစ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်ပေါင်း ခုနစ်သောင်းကျော်ဟာ နေရပ် စွန့်ခွာပြီး ထိုင်း - မြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တောင်ပိုင်းမှာတော့ စစ်ဘေးဒုက္ခသည်စခန်းတချို့ရှိနေပြီး အဲဒီမှာတော့ စစ်ဘေးဒုက္ခသည်ပေါင်း တစ်သောင်းကျော် နေထိုင်တယ်လို့ စခန်းတာဝန်ခံ တွေက ပြောပြပါတယ်။

"စားဝတ်နေရေးနဲ့ မိုးကျကာလ ရောက်လာပြီဆိုတော့ ဆေးဝါး အဓိကလိုတယ်"

လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့အတွက် အိမ်ဆောက်လုပ်ပေးထားနိုင်ပေမဲ့ စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်တွေ စာလုပ်နိုင်ဖို့ လျှပ်စစ်မီးပေးနိုင်မယ့် တခြား လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြဝတီမြို့နယ်တောင်ပိုင်း၊ စစ်ဘေးဒုက္ခသည် စခန်း အတွင်းရေးမှူး နော်အယ်ဝါး က ပြောပါတယ်။

“စားသုံးကုန်ပစ္စည်းရော၊ လူသုံးကုန်ပစ္စည်းရော လိုအပ်တယ်။ ဥပမာ ဆပ်ပြာတို့၊ ဖယောင်းတိုင်တို့။ သူတို့ခဗျာ မီးအခက်အခဲဖြစ်နေတယ်။ ကလေးတွေ ကျောင်းတက် တော့လည်း မီးတစ်ခုမှာ အဆင်မပြေဘူး။ ညဆို အမှောင်ထဲမမြင်ရဘူး။ ဝယ်ဖို့ ကလည်း ပိုက်ဆံမရှိဘူး။ ကျမ အဲဒီလို အကူအညီ လိုချင်တယ်ပေါ့နော်။ အိမ်တိုင်း အိမ်တိုင်းမှာ ဆိုလာပြားလေးနဲ့ မီးလုံးလေးနဲ့ ရှိကိုရှိသင့်တယ်ပေါ့နော်”

စစ်ဘေးဒုက္ခသည် ၁၆၈ ယောက်နေထိုင်တဲ့ ဒီစခန်းမှာ သူတို့ရဲ့ မူလနေရပ်ဖြစ်တဲ့ လေးကေ့ကော်ဒေသတဝိုက်ကို နေရပ်ပြန်သူတချို့ရှိနေပေမဲ့ လုံခြုံရေးအခြေအနေအရ မပြန်ရဲသူတွေလည်းရှိနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီကို ရရာလက်နက်နဲ့ ခုခံတော်လှန်ကြတဲ့ အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း ထဲမှာလည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခြေပေါင်း ၁၃၈၄၀ အိမ် ရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Data For Myanmar က ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီအရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အများဆုံးအရေအတွက်ဖြစ်နေတယ် လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် မွန်ပြည်နယ် သထုံခရိုင် လေးကေကျေးရွာမှ ထွက်ပြေးနေကြရသူတွေကို ၂၀၂၂ ခုနှစ် မေလမှာ တွေ့ရစဥ် (Photo: CJ)
တိုက်ပွဲတွေကြောင့် မွန်ပြည်နယ် သထုံခရိုင် လေးကေကျေးရွာမှ ထွက်ပြေးနေကြရသူတွေကို ၂၀၂၂ ခုနှစ် မေလမှာ တွေ့ရစဥ် (Photo: CJ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကဲဘာရွာဟာလည်း မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေထဲ က တစ်ရွာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က အိမ်ခြေ ၁၀၀ ကျော် ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့ ကဲဘာရွာက ရွာသားတစ်ယောက်က ပြောပါတယ်။

သူ့အနေနဲ့ နေရပ်ပြန်ပြီး အေးအေးချမ်းချမ်းနေထိုင်ဖို့ မျှော်လင့်နေပြီး ဒါဟာ စစ်ကောင်စီ မရှိမှသာ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

“အားလုံးကတော့ ကိုယ့်အိမ်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တာပေါ့နော်။ ဒါပေမဲ့ လည်း တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်ရေးစနစ်မကောင်းတော့ ဒီလိုဖြစ်တာပေါ့နော်။ ကျနော်တို့ကတော့ ဘယ်လိုပဲ ခက်ခဲနေပါစေ၊ ဘယ်လောက်ပဲခက်ခဲပါ ခက်ခဲပါ၊ ကျနော်တို့ မကြိုက်တဲ့စနစ်တစ်ခုကို တော်လှန်နေဦးမှာပဲ။ မျှော်လင့်တာက၊ နေချင်တာက အေးအေးချမ်းချမ်းနေချင်တယ်။ သို့ပေမဲ့ ကျနော်တို့မကြိုက်တဲ့ စနစ်တစ်ခုရှိနေသရွေ့ ဒီလိုကာလပတ်လုံးကတော့ ဘယ်လိုပဲဒုက္ခရောက်ရောက် ကျနော်တို့ ကတော့ တော်လှန်နေဦးမှာပဲ”

လက်ရှိမှာတော့ RFA နဲ့ စကားပြောခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ စစ်ကောင်စီရဲ့ ထောက်ပံ့ကူညီမှုကို မရရှိကြသေးသလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ တိုက်ရိုက်အကူအညီတွေလည်း မရရှိကြသေးဘူး လို့ ပြောကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ၂၀၂၂ ခုနှစ် ရန်ပုံငွေအတွက် ငါးလအတွင်း ၁၀ ရာခိုင်နှုန်းသာ ထောက်ပံ့ပေးထားနိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာကို ထောက်ပံ့ဖို့ရာ လိုအပ်ချက်ရှိနေတယ်လို့ မေ ၃၁ ရက်နေ့မှာ ဖော်ပြထား ပါတယ်။

ကုလသမဂ္ဂစာရင်းတွေအရ ကမ္ဘာတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ရှိလာနေပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံက ၁.၂ သန်းကျော်ပါပါတယ်။

နောက်ပြီး မြန်မာ့လူဦးရေ တစ်ဝက်လောက်ဟာလည်း ဆင်းရဲမွဲတေမှုစံနှုန်းထက် နိမ့်ကျတဲ့ အဆင့်ကို ရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခု မှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။