အာဏာသိမ်းမှုဂယက် တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နိုင်
2021.09.10

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အခြားပဋိပက္ခ ဖြစ်စဉ်ပေါင်း ၄၄၃ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၈၁ ကြိမ်၊ လက်နက်ကိုင်ခုခံမှု ၅၇ ကြိမ်၊ စစ်ကောင်စီရဲ့လက်တံတွေ လုပ်ကြံခံရမှု ၇၄ ကြိမ်၊ ပေါက်ကွဲမှုပေါင်း ၉၄ ကြိမ်နဲ့ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၁၂၉ ကြိမ် နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်စဉ်က ရှစ်ကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲနဲ့ပဋိပက္ခဖြစ်စဉ် ၁၀၆ ကြိမ်အထိ ရှိခဲ့တဲ့အတွက် ဖြစ်စဉ်အရေအတွက် အများဆုံး ဒေသတစ်ခုလို့လည်း ဆိုပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီကို စပြီးတော်လှန်ဖို့ NUG အစိုးရက စစ်ကြေညာခဲ့တာကြောင့် အခုလအတွင်း တိုက်ပွဲပိုပြင်းထန်လာနိုင်ပြီး အရပ်သား၊ ပြည်သူထိခိုက်မှု နည်းအောင် နည်းလမ်း ရှာဖွေနေတယ်လို့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အဓိက ကျွန်တော်တို့ ပြည်သူတွေအတွက် စိုးရိမ်တယ်။ ဘာကို စိုးရိမ်လည်းဆိုတော့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေရယ်၊ သက်ကြီးရွယ်အိုတွေရယ်၊ နာမကျန်းဖြစ်နေတဲ့ သူတွေရယ်ကို။ ကျွန်တော်တို့ စစ်ကိုင်းတိုင်း အနေအထားကျတော့ တောတောင်ရေမြေကောင်းလို့ ရှောင်လို့တိမ်းလို့ကောင်းပေမယ့် မြေပြန့်ဒေသမှာဆိုရင်တော့ ပြည်သူတွေ အထိအခိုက်များလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီ အတွက်ကို ကာကွယ်ဖို့ အတက်နိုင်ဆုံး နည်းလမ်းတွေကိုတော့ ရှာနေတယ်။ အဲဒီလိုပဲ ပြောလို့ရမယ်”
NUG အစိုးရရဲ့ ထုတ်ပြန်ချက်အရ သြဂုတ်လအတွင်း ဖြစ်စဉ်တွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၅၈၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၈၉ ဦးနဲ့ ပြည်သူတွေဘက်က သေဆုံးသူ ၇၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၅ ဦးရှိခဲ့ပြီး ဒီအချက်အလက်တွေဟာ ပြည်တွင်းသတင်းမီဒီယာဌာနပေါင်း ၃၀ က သတင်းအချက်အလက် တွေကို အခြေခံထားလို့လည်းဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုသိနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးကို ဆက်လက်မေးမြန်းခဲ့ရာမှာ ဒီအရေအတွက်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“လူတိုင်းလည်း သိတာပဲ။ မြေပြင်မှာ ဘယ်လောက်မြင်နေရလဲ။ ပြီးတော့မှ နှစ်ဖက်မှာ ဘယ်သူက အတွေ့အကြုံရှိလဲ။ တစ်ချက်ကျွန်တော်ပြောမယ်နော် အဲဒီဘက်က PDF တွေနဲ့ တပ်မတော်နဲ့ လေ့ကျင့်အားက ဘယ်လိုရှိလဲ၊ ဖွဲ့စည်းထားတဲ့ပုံက ဘယ်လိုရှိလဲ၊ ကိုင်ထားတဲ့လက်နက်တွေက ဘာလဲ၊ ကွာခြားပုံပေါ့၊ သူတို့ တကယ်ပဲ တိုက်ပွဲခေါ်နိုင်လား ဒါတွေကြည့်ခြင်းအားဖြင့် ဒီအရေအတွက်က ဖြစ်နိုင်ခြေရှိလားဆိုတာ ရှင်းရှင်းလင်းလင်း သိတာပေါ့နော်။ ကျွန်တော့်အမြင်ကတော့ ဒီအရေအတွက် ကြီးက များလွန်းတဲ့အခါကျတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ပဲ မြင်တယ်”
အုပ်ချုပ်ရေးယန္တယားရပ်တန့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်တာဟာလည်း အရပ်သား ပြည်သူကို သတ်ဖြတ်တာဖြစ်လို့ ဒါဟာအကြမ်းဖက်မှုလုပ်ရပ် ဖြစ်တယ်လို့လည်း ဒေါက်တာနိုင်ဆွေဦးက ဆိုပါတယ်။
ဒါ့အပြင် NUG က စက်တင်ဘာလ ၇ ရက်နေ့ထုတ်ပြန်ချက်ကြောင့် နိုင်ငံတစ်ဝန်း ဖောက်ခွဲမှုတွေ ပိုများလာ နိုင်တယ်လို့လည်း ဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။
"စေ့စပ်ဆွေးနွေးရေးဆိုတာက လက်ရှိပြည်တွင်းအခြေအနေနဲ့ဆို အချိန်အခါမသင့်ဘူး ဖြစ်နေတယ်"
NUG အစိုးရက စက်တင်ဘာလ ၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီကို စစ်ကြေညာပြီးနောက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက လက်နက်ကိုင်နည်းနဲ့ မဖြေရှင်းစေလိုဘဲ တွေ့ဆုံညှိနှိုင်းဖို့ ပြောဆိုတာတွေ ရှိလာပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ တွေ့ဆုံညှိနှိုင်းရေးဟာ ဖြစ်နိုင်ခြေမရှိဘဲ တစ်ဘက်နဲ့တစ်ဘက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေတာတွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
“နိုင်ငံတကာကတော့ တွေ့ဆုံဆွေးနွေးရေးဘက်ကို တွန်းပို့နေကြတာပေါ့နော်။ တိုက်တွန်းတာပေါ့။ မြန်မာပြည်မှာ လက်နက်ကိုင်ပဋိပက္ခတွေ တိုးပွားလာမှာကို မလိုလားဘူးလို့ ဖော်ပြကြတယ်။ ပြည်တွင်းမှာ အခြေအနေကျတော့ နှစ်ဖက်က တင်းမာတယ်။ တစ်ဘက်နဲ့တစ်ဘက် အပြုတ်တိုက်ရေးပဲ ဦးတည်နေတယ်။ စေ့စပ်ဆွေးနွေးရေးဆိုတာက လက်ရှိ ပြည်တွင်းအခြေအနေနဲ့ဆို အချိန်အခါမသင့်ဘူး ဖြစ်နေတယ်။ စေ့စပ်ဆွေးနွေးရေး စဖို့ဆိုတာ သုညမှတ်ကနေကျော်ဖို့ ဖြစ်နိုင်တဲ့အခြေအနေမှာ မရှိဘူးဗျ”
လောလောဆယ် အနေအထားမှာတော့ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေ တိုးလာဖို့သာရှိနေပြီး အရပ်သား ထိခိုက်မှုတွေကလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ဦးမောင်မောင်စိုးကပြောပါတယ်။

NUG အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊ ဩဂုတ် စတဲ့ အချိန်သုံးလကျော်အတွင်းမှာ စစ်ကောင်စီဘက်က စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးတို့ အပါအဝင် လူပေါင်း ၁၆၀၀ ကျော်သေဆုံးခဲ့သလို အရပ်သား ပြည်သူ သေဆုံးမှုမှာလည်း ၃ လအတွင်း ၄၃၀ ကျော်ရှိခဲ့တယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကနေ သြဂုတ်လအထိ CRPH, NUG, PDF တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှု၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အခြား ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်မှု၊ အခြားပါတီတွေကို ထောက်ခံအားပေးလို့ သတ်ဖြတ်မှု၊ အစိုးရဝန်ထမ်းတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု စတဲ့ဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၉၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁,၃၁၂ ဦးရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တွေအပြင် နိုင်ငံပေါင်း ၂၇ ခုက သံတမန်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။