၂၀၂၀ ရွေးကောက်ပွဲမှာ တစညပါတီ တစ်နိုင်ငံလုံး ဝင်ပြိုင်မည်
2019.09.24

၂၀၂၀ ရွေးကောက်ပွဲမှာ တစညပါတီအနေနဲ့ တစ်နိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် တိုင်းရင်းသားပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေအတွက် နေရာချန်ပြီး ဦးစားပေးမယ်လို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ပါတီဗဟိုဌာနချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၃၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေ က ပြောလိုက်ပါတယ်။
"ကျွန်တော်တို့ပါတီရဲ့မူကတော့ ရွေးကောက်ပွဲဝင်မယ်၊ တိုင်းနဲ့ပြည်နယ်အားလုံး နေပြည်တော်အပါအဝင် ကျွန်တော်တို့ဝင်မယ်၊ ဘယ်မြို့နယ် ဘယ်မဲဆန္ဒနယ်မြေဆိုတာတော့ အခုကျွန်တော်တို့ ညှိနှိုင်းရာထား တုန်းပဲရှိတယ်၊ ၂၀၁၅ ထက်တော့ ပိုရမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်၊ ၂၀၁၅ တုန်းက တစ်ယောက် တည်းရတာ၊ အဲတော့ ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်လည်း ကျွန်တော်တို့ ဝင်ပြိုင်မှာပဲ သို့သော်တစ်ခုရှိတယ် အနေအထားအရ တိုင်းရင်းသားတွေက သူတို့အနေအထား သူတို့အခြေ အနေပေးရင် ကျွန်တော်တို့ သူ့တို့ကိုထောက်ခံမယ်၊ တစ်ချို့နေရာမှာ ကရင်ပြည်နယ် ခုနှစ်မြို့နယ်ရှိမယ်၊ ကျွန်တော်တို့ ငါးမြို့နယ်ဝင်မယ်ဆိုပါတော့ နှစ်မြို့နယ် ကျွန်တော်တို့မဝင်ဘူးဆိုရင် အဲနှစ်မြို့နယ် တိုင်းရင်း သားတွေကိုထောက်ခံမယ်၊ ဒီလို ဒီရပ်တည်ချက်မျိုးနဲ့ ကျွန်တော်တို့သွားမှာပါ။"
တစညပါတီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ငါးခုမှာ အနိုင်ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးနီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကချင်ပြည်နယ်က အမျိုးသား လွှတ်တော်မဲဆန္ဒနယ် တစ်နေရာပဲ အနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပဲမှာ ၂၀၁၅ ခုနှစ်ထက် ပိုအနိုင်ရရှိအောင် ကြိုတင်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်ဖို့လိုအပ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင် ကိုတော့ အာဏာရပါတီနဲ့ ကင်းတဲ့လူတွေပဲဖြစ်စေချင်တယ်လို့ ဦးဟန်ရွှေက ပြောပါတယ်။
"ရွေးကောက်ပွဲက ပြင်းထန်မယ့်သဘောရှိတယ်၊ နောက်တစ်ခုက ကော်မရှင်သိပ်အရေးကြီးတယ်၊ ကော်မရှင် သိပ်အရေးကြီးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ပါတီက အရင်တုန်းက ပြောခဲ့တယ်၊ ကော်မရှင်ဖွဲ့ရင် အာဏာရပါတီ အာဏာရအစိုးရ အဲဒီလူတွေချည်းပဲ၊ ပါတီနဲ့မကင်းတဲ့သူတွေ ပါလာတာရှိတယ်၊ ကြံ့ခိုင်ရေးတုန်းကလည်း ဦးတင်အေး၊ ဦးတင်အေးလည်း ကြံ့ခိုင်ရေးကပုဂ္ဂိုလ်ပဲလေ၊ ကင်းတဲ့သူဖြစ်စေချင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြောထားတာက ဂုဏ်သရေရှိတဲ့ပုဂ္ဂိုလ်၊ နာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်၊ အရင်တုန်းက ဒေါက်တာမောင်မောင်တို့ ဦးဘဌေးတို့ သိလိမ့်မယ်၊ ဆရာချယ်တို့၊ ဒီလိုဟာမျိုးဖြစ်သင့်တာ ဆိုတော့ နိုင်ငံရေးပါတီတွေက ကော်မရှင်ကိုယုံဖို့ လိုတာ၊ ယုံကြည်ဖို့လိုတယ်၊ အဲတော့ ကော်မရှင်ကမှန်မှန်ကန်ကန်နဲ့ ယုံယုံကြည်ကြည်နဲ့ဖြစ်လို့ အားကိုးတကြီး လုပ်မယ်ဆိုရင် ဘာပဲပြောပြော ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိတဲ့သဘောဖြစ်မယ် တရားမျှတမှုရှိမယ်၊ အဲတာပဲအခြေအနေကတော့။"
၂၀၂၀ ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်လို့လည်း ဦးဟန်ရွှေ က ဆိုပါတယ်။
ဒီကနေ့အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်ဌေးအပါအဝင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ အမျိုးသားတိုးတက်ရေးပါတီက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက တရားမျှတလွတ်လပ်မှုမရှိရင် ရွေးကောက်ပွဲကို မျှော်လင့်စရာမရှိဘူးလို့ အခုလိုပြောပါတယ်။
တရားမျှတလွှတ်လပ်မှုအပေါ် မူတည်ပါတယ်၊ တရားမမျှတ မလွတ်လပ်ဘူး ဘက်လိုက်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကို မျှော်လင့်စရာအကြောင်းမရှိပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၁၀ ခုနှစ်ကနေ လက်ရှိအချိန်ထိစာရင်းများအရ နိုင်ငံရေးပါတီပေါင်း ၁၁၉ ခုကိုမှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး ၂၆ ပါတီကို ရွေးကောက်ပွဲဥပဒေအရ ဖျတ်သိမ်းခဲ့ပါတယ်။
ဒါကြောင့်လက်ရှိ နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီအထိရှိပြီး အဲဒီပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ဥပဒေအရ အနည်းဆုံး မဲဆန္ဒနယ်သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲလိုဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ရွေးကောက်ပွဲအဆင်ပြေချော့မွေ့ဖို့က ရွေးကော်ပွဲကော်မရှင်ရဲ့ အဂတိကင်းမှု ဘက်လိုက်မှုကင်းမှုအပေါ်မှာပဲ မူတည်တယ်လို့ အခမ်းအနားကို တက်ရောက်လာတဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။
"ပါတီကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ရွေးကောက်ပွဲတော့ဖြတ်သန်းရမှာပဲ၊ သို့သော် အခုပြဿနာက ဘာလဲ ဆိုတော့ ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ နိုင်ငံရေးပါတီအများစုရဲ့ မယုံကြည်နဲ့ တချို့ဆို လုံးဝမယုံကြည်ဘူး လို့ တရားဝင်ပြောဆိုတာတွေလည်းရှိတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဘယ်လောက်ထိ တရား မျှတစွာ ကျင်းပမလဲဆိုတဲ့အပေါ်ကလည်း အများကြီးမူတည်တယ်ပေါ့၊ အဲလိုတရားမျှတစွာကျင်းပမှလည်း ရလာတဲ့ရလဒ်ပေါ့နော် ရွေးကောက်ပွဲရလဒ်က တရားဝင်မှုပိုမြင့်မယ်၊ အကယ်လို့သာ တရားမမျှတဘူးလို့ ရွေးကောက်ပွဲပြီးတဲ့အခါမှာ နိုင်ငံရေးပါတီတွေက ပြောလာတယ်၊ ပြည်သူလူထုကလည်း မယုံကြည်ဘူး ဒီရလဒ် အပေါ်မှာ မယုံကြည်ဘူးဆိုရင် နောင်အစိုးရအပြောင်းအလဲက ပြဿနာအများကြီးရှိတယ်၊ ဘာလို့လဲဆိုတော့ ဒီအာဏာအလွှဲအပြောင်းနဲ့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ အယုံအကြည်မရှိဘူးဆိုရင် နိုင်ငံတကာကလည်း စောင့်ကြည့်မယ်ဝေဖန်မယ်ဆိုတော့ တည့်တည့်ပြောရမယ်ဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဂတိကင်းမှု ဘက်လိုက်မှုကင်းမှုအပေါ်မှာ အများကြီးမူတည်ပါတယ်၊ ရွေးကောက်ပွဲ ချောမွေ့အဆင်ပြေအောင်မြင်ဖို့ ဆိုတာလေ"
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ကော်မရှင် ပြောရေးဆိုခွင့် ရှိသူဦးမြင့်နိုင်ကို RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ အဖွဲ့အစည်းတွေက သူတို့ဘာသာ သူတို့ပြောတာတွေတော့ ကျွန်တော်ဘာမှတုံ့ပြန်ပြီး မပြောလိုဘူး၊ ကျွန်တော်တို့ဆောင်ရွက်ချက်တွေကိုပဲ ကျွန်တော်ကတော့ ပြောချင်တာပေါ့နော်၊ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်ကပဲ ၈၂ ပါတီ အစည်းအဝေးလုပ်ပါတယ်၊ ကျွန်တော်တို့ အဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောကြဆိုကြဆွေးနွေးကြတဲ့အခါမှာ အားလုံးကျေနပ်ကြတယ်၊ ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေကို ဒီလိုတွေ့တဲ့အခါမှာပဲသူတို့ ပြောကြတာကောင်းတာပေါ့နော်၊ ကျွန်တော် တို့ကတော့ ကျွန်တော်တို့ဦးတည်ချက် ငါးရပ်နဲ့ ကျွန်တော်တို့က ဥပဒေနဲ့အညီ လွတ်လပ်တဲ့ရွေးကောက် ပွဲဖြစ်ရမယ်၊ မျှတတဲ့ရွေးကောက်ပွဲဖြစ်ရမယ်၊ အများယုံကြည်လက်ခံတဲ့ရွေးကောက်ပွဲဖြစ်ရမယ်၊ ပွင့်လင်းမြင် သာတဲ့ရွေးကောက်ပွဲဖြစ်ရမယ်၊ လူထုရဲ့ဆန္ဒ မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို ကျွန်တော်တို့က အမှန်အကန်ဖော် ထုတ်နိုင်တဲ့ ဖော်ထုတ်နိုင်ရမယ်၊ ဒီဦးတည်ချက်ငါးရပ်ကြီးကို မမှိတ်မသုန်ခိုင်ခိုင်မြဲမြဲယုံကြည်ပြီး ကျွန်တော်တို့က ဆောင်ရွက်နေတာပေါ့၊ ဒါလည်းအသိပေးပြီးတော့ ပြောကြားပြီးသားလည်းဖြစ်ပါတယ်ခင်ဗျ။
ပြည်ထောင်စုနယ်မြေအပါဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ အားလုံးအတွက် မဲဆန္ဒနယ် ၃၃၀ သတ်မှတ်ထားပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ်မှာ ကော်မရှင်ဘက်က ပြန်ဖြေခဲ့တယ်လို့ ဦးဟန်ရွှေကပြောပါတယ်။
တစညပါတီကို ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၁၀ နေရာ အနိုင်ရရှိခဲ့ပါတယ်။
တစည ပါတီဟာ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုမတိုင်ခင် တစ်ပါတီအာဏာရှင်ခေတ်ကရှိခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားတာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြသည်)