စစ်အုပ်ချုပ်ရေးနယ်မြေတွေကို NUG ထိန်းချုပ်ထားကြောင်း ဝန်ကြီးဦးရည်မွန်ပြော

ခင်မောင်စိုး
2023.02.02
စစ်အုပ်ချုပ်ရေးနယ်မြေတွေကို NUG ထိန်းချုပ်ထားကြောင်း ဝန်ကြီးဦးရည်မွန်ပြော ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
AFP

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ် လေးပြည်နယ်မှာရှိတဲ့ မြို့နယ် ၃၇ ခုကို မာရှယ်လော စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် ကြေညာခဲ့ပြီး နိုင်ငံတော် သစ္စာဖောက်မှု၊ အစိုးရကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှုနဲ့ သူတို့စစ်တပ်ရဲ့ဆောင်ရွက်မှုတွေကို နှောင့်နှေးပျက်ပြားအောင် ပြုလုပ်သူတွေကို သေဒဏ်အထိအပြစ်ပေးနိုင်ကြောင်း ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်။

"ဒီမြို့နယ်တွေဆိုတာ ကျွန်တော်တို့ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒီလိုအမိန့်မျိုးက ထုတ်ချင်းထုတ် NUG ကပဲ ထုတ်ရမှာပါ"

NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အဲဒီမြို့နယ်တွေဟာ မိမိတို့ PDFတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်မှုလက်အောက်ကို ရောက်ရှိနေပြီးသား မြို့နယ်တွေ ဖြစ်တဲ့အတွက် အခုလို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ပကတိအခြေအနေနဲ့ လွဲမှားနေတဲ့ အရှက်ပြေလုပ်ရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

"စစ်ကောင်စီက ၃၇ မြို့နယ် မာရှယ်လော ထုတ်တဲ့အကြောင်း ကျွန်တော်လည်း သတင်းတွေ့ပါတယ်။ လွဲတော့ လွဲနေပြီလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက မြေပြင်အခြေအနေသိပေမယ့် အရှက်ပြေပေါ့ဗျာ။ ဟန်ကိုယ့်ဖို့ ထုတ်တဲ့ အမိန့်လို့ပဲပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလိုအမိန့်မျိုး သူ့မှာ ထုတ်ပိုင်ခွင့်မရှိတော့ဘူး။ ဒီမြို့နယ်တွေဆိုတာ ကျွန်တော်တို့ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒီလိုအမိန့်မျိုးက ထုတ်ချင်းထုတ် NUG ကပဲ ထုတ်ရမှာပါ။ မလိုအပ်လို့ ကျွန်တော်တို့ မလုပ်တာပေါ့။ ဘာကြောင့်လဲဆိုရင် ဒီမြို့နယ်တွေမှာ စစ်ကောင်စီ တပ်ဆိုတာ တပ်ထဲကအပြင်တောင်မှ ကောင်းကောင်းထွက်ရဲတဲ့ မြို့နယ်တွေ မဟုတ်ဘူးလို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်"

တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရမ်းကလည်း စစ်ကောင်စီက အခုလိုသူတို့ ထိန်းချုပ်လို့မရ သို့မဟုတ် ခက်ခဲနေတဲ့ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးမယ်လို့ ကြေညာတာဟာ ဒေသခံတော်လှန်ရေးအင်အားစုတွေကို ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"အခုက မီးကုန်ယမ်းကုန်သတ်မယ် ဖြတ်မယ်။ သူတို့မရရအောင် အုပ်ချုပ်မယ်။ တကယ်တော့ သူက ဒူးထောက်ပြီး မကြာခင် အညံ့ခံရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ မထူးဇာတ်ခင်းတာပဲဗျ။ တိုင်းပြည်ကို သွေးချောင်းစီးအောင်လုပ်တာ။ မီးဟုန်းဟုန်း တောက်အောင် ထပ်လုပ်တာပဲဗျ။ ပြည်သူလူထုအနေနဲ့ကတော့ သူတို့စစ်အုပ်ချုပ်ရေးပဲပြောပြော ဘယ်လိုနည်းနဲ့ပဲ အုပ်ချုပ် အုပ်ချုပ် လက်ခံနိုင်စရာ မရှိတော့ဘူး။ နေ့တိုင်း လူသတ်၊ နေ့တိုင်း တစ်ပြည်လုံးပတ် မီးပုံတိုက်နေတဲ့ စစ်အာဏာရှင်ရဲ့အောက်ကနေပြီးတော့ လုံးဝ မရ ရတဲ့နည်းနဲ့ တစ်ပြည်လုံးညီညီညာညာနဲ့ အချိတ်အဆက်တွေနဲ့ ဝိုင်းဝန်းပြီးတော့ အကုန်လုံးတိုက်လာတဲ့အချိန်မှာ သူ့အနေနဲ့ သွေးရူး သွေးတန်း လုပ်တာပဲဗျ။ ဒီစစ်အုပ်ချုပ်ရေး မာရှယ်လောဆိုတာက အခုလုပ်နေတာနဲ့ ဘာမှ မထူးဘူး။ အခုလည်း တစ်ပြည်လုံးမှာ ဒီတိုင်းပဲသွားနေတာပဲ။ အမိန့်ထုတ်လိုက်တာကလွဲပြီးတော့ ဘာမှပိုမလာဘူး။ အဲ့တော့ ပြည်သူတွေ ညီညီညာညာနဲ့ ဝိုင်းဝန်းပြီးတော့ ဒါကြီးကို တွန်းလှန်ဖယ်ရှားကြပါလို့ပဲ ကျွန်တော်ပြောချင်တာ"

နိုင်ငံရေးသမား ရှေ့နေဦးကြီးမြင့်ကလည်း အခုကြေညာချက်ကြောင့် စစ်ကောင်စီနဲ့တော်လှန်ပြည်သူတွေအကြား ရင်ဆိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တခြားမြန်မာ့အရေးလေ့လာသူတွေကလည်း အခုလို မာရှယ်လောထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်ပေမယ့် ပြည်သူလူထုကို ထိန်းချုပ်လို့မရသလို နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုလည်း သူတို့မျှော်လင့်သလို မရရှိတဲ့အပြင် ဖိအားတွေ ပိတ်ဆို့မှုတွေကို တစ်နေ့တခြား ပိုမိုကြုံတွေ့နေရတဲ့အတွက် ပြည်သူလူထုကို ပိုမိုတင်းကြပ်စွာ အုပ်ချုပ်ဖို့ ကြိုးစားတဲ့လုပ်ရပ်အဖြစ် ရှုမြင်ပြောဆိုကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။