NUG သတင်းပေးဖိတ်ခေါ်မှုကြောင့် စစ်ကောင်စီ အခက်တွေ့နိုင်
2022.12.28

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဌာနဆိုင်ရာအသီသီးက ဝန်ထမ်းတွေဟာ အလုပ်ဌာနတွေကိုစွန့်ခွာပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဖန်တီးခဲ့ကြတာ ၂၂ လ ရှိပါပြီ။
ဒီ CDM လှုပ်ရှားမှုကြောင့်ပဲ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဟာ နောက်ထပ်နည်းပရိယာယ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။
ဒါကတော့ အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ သတင်းပေးလုပ်နိုင်ပြီး အကာအကွယ်နဲ့ ဆုငွေခံစားခွင့်ရမယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဖိတ်ခေါ်လိုက်တာပါ။
"အဓိကကတော့ လုံခြုံရေးအတွက်ကို သူတို့ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်မလဲဆိုတာ တစ်ချက် အဲဒါပဲ ပြောချင်ပါတယ်”
ဒီလိုဖိတ်ခေါ်လိုက်တာကြောင့် CDM မလုပ်နိုင်သူတွေ ပြည်သူ့ဘက်ကရပ်တည်နိုင်မယ့် အခွင့်အရေးတစ်ရပ် ဖြစ်လာတယ်လို့ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က RFA ကို ပြောပါတယ်။
“သူတို့ရဲ့ လုပ်ဆောင်နေတဲ့ဟာတွေ အသိအမှတ်ပြုဖို့အပြင် ထိုက်ထိုက်တန်တန် ချီးမြှင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်။ လုံခြုံရေးအတွက် ကို စိတ်ချရအောင်လို့ NUG အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူပြီးတော့ လုံခြုံရေးအတွက် လုပ်ကိုင်သွားမယ်ဆိုတာ ပြောကြားချင်ပါတယ်။ ပြည်သူတွေဘက်က ရပ်တည်နေတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေ အန္တရာယ်မရှိအောင်လို့ သေသေချာချာ ချင့်ချင့် ချိန်ချိန် လုပ်သွားမယ့် အစီအစဉ်လေး တစ်ရပ်ဆိုတာ ပြောကြားချင်ပါတယ်”
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က CDM ကျောင်းဆရာတစ်ဦးကလည်း NUG ရဲ့ သတင်းပေး ဖိတ်ခေါ်မှု အစီအစဉ်သစ်ကို ထောက်ခံတယ်လို့ ဆိုပါတယ်။
“CDM မလုပ်နိုင်တဲ့သူတွေကို ဖိတ်ခေါ်တယ်ဆိုတာ ဒါကတော့ အကောင်းဆုံးပေါ့ဗျာ။ အမြန်ဆုံး ပြီးမြောက်သွားတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့အနေနဲ့လည်း ကြိုဆိုတယ်ပေါ့ဗျာ။ ကျနော့်အနေနဲ့လည်း CDM ဆိုတော့ လုံခြုံတယ်လို့ပဲ မြင်တယ်။ ဒါပေမဲ့ စစ်ကောင်စီက လိုက်ဖမ်းတာတွေ၊ ဘာတွေကတော့ မပြောနိုင်ဘူးလေ။ အာမ မခံနိုင်ဘူးလေ။ စစ်ကောင်စီက ဖမ်းတာအတွက်တော့ NUG က အာမခံမပေးနိုင်ဘူးလေ။ PDF အနေနဲ့ကတော့ စိတ်ချရတဲ့ အနေအထားပေါ့လေ”
ရန်ကုန်မြို့ခံတစ်ဦးကတော့ NUG အနေနဲ့ သတင်းပေးလုပ်ပေးသူတွေအတွက် လုံခြုံမှုပေးနိုင်ဖို့ အဓိက လိုအပ်တယ်လို့ ထောက်ပြပါတယ်။
“သတင်းပေးမယ်ဆို ဆုရတာက နောက်မှပေါ့နော်။ ကိုယ့်ဟာနဲ့ကိုယ်လည်း လုံခြုံရေးက ဂရုစိုက်နေရတာဆိုတော့ လုံခြုံရေး သူတို့ဘယ်လောက် တာဝန်ယူနိုင်မလဲ။ နောက်တစ်ခုက ဆုကြေးကတော့ အဓိက မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူတွေ ကလည်း တစ်ခုခုသိရတယ်ဆိုရင်လည်း သတင်းပေးနိုင်တယ်၊ ပေးနေကြတာပါပဲ။ အဓိကကတော့ လုံခြုံရေးအတွက်ကို သူတို့ဘယ်လောက်အထိ အကာအကွယ်ပေးနိုင် မလဲဆိုတာ တစ်ချက် အဲဒါပဲ ပြောချင်ပါတယ်”
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ NUG ရဲ့အစီအစဉ်က မအောင်မြင် နိုင်ဘူးလို့ ဝေဖန်ပါတယ်။
“သူတို့က နိုင်ငံကိုအုပ်ချုပ်ရမယ်လို့ မျှော်လင့်ထားပုံ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်တစ်ချိန်မှာ ပြန်ကိုင်တွယ်ရမယ့် ဗျုရိုကရေစီယန္တရားကို ဘယ်တော့မှ ပြန်ဖျက်ဆီး လို့မရဘူး။ ခိုင်မာအောင်ပဲ လုပ်ရတာ။ ဒီ CDM ဆိုတဲ့ကိစ္စရပ်ကိုက ဗျုရိုကရေစီကို သွယ်ဝိုက်သောနည်းအားဖြင့် ဖျက်ဆီးခြင်းဖြစ်တယ်။ CDM မလုပ်သော်လည်း အထဲကသတင်းတွေ အပြင်ကိုပေးဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ သူတို့ကြိုးစားတော့ ကြိုးစားကြည့်တဲ့အပိုင်းပေါ့လေ။ ဒါပေမဲ့ ခုနကပြောသလို သစ္စာဖောက်ပြီးသွားပြီဆိုတဲ့ သူတွေဆီကနေ သူတို့ဘာကို မျှော်လင့်မှာလဲပေါ့”
လက်ရှိမှာ CDM တချို့ လုပ်ငန်းခွင်ပြန်ဝင်လာတဲ့အတွက် NUG က ဒါကိုဖန်တီးတာလို့ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
ခြိမ်းခြောက်အကျပ်ကိုင်မှုနဲ့ ပစ်မှတ်ထားဖမ်းဆီးမှုတွေကြောင့် CDM ကိုစွန့်ခွာပြီး စစ်ကောင်စီလက်အောက်မှာ Non CDM အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်သူတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NUG က ဖိတ်ခေါ်တဲ့ အစီအစဉ်ဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အင်အားစုတွေအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အစိုးရဝန်ထမ်းလုပ်နေသော်လည်း ဌာနရဲ့အတွင်းပိုင်း လျှို့ဝှက်ချက်တွေကို NUG ကို ပေးမယ်ဆိုရင် ဒါဟာ အတော်ကြီးမားတဲ့ ကောင်းမှုဖြစ် ပါတယ်။ CDM လုပ်နေတဲ့ အစိတ်အပိုင်းတချို့က ပြန်ပြီးလုပ်ငန်းခွင်ထဲ ဝင်ရောက်ကြ တာ၊ ရပ်တည်ကြတာ ရှိပါတယ်။ NUG က သဘောထားထုတ်ပြန်လိုက်တာ အဲဒါက ကောင်းတဲ့ကိစ္စဖြစ်တယ်။ အခြေအနေနဲ့လည်း ကိုက်ညီတယ်လို့ ကျနော်က ယူဆပါတယ်ခင်ဗျာ”
ဒါပေမဲ့ စစ်ကောင်စီရဲ့ လက်အောက်ကနေ သတင်းပေးအဖြစ် ဆောင်ရွက်မယ့်သူတွေ အတွက် ဘယ်လိုလုံခြုံမှုပေးမလဲ ဆိုတာကတော့ NUG အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
NUG အနေနဲ့ အသေးစိတ် ထုတ်ဖော်ပြောဆိုထားတာ မရှိပေမယ့် သတင်းပေးသူဟာ တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန်ကာလမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကာအကွယ်ပေးမှုကို အပြည့်အဝ ခံစားရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။