တော်လှန်ရေးအဖွဲ့တွေကို လက်နက်ကူညီဖို့ နိုင်ငံတကာကို NUG တောင်းဆို
2022.08.01
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းက ထပ်တလဲလဲ တိုက်တွန်းတောင်းဆိုမှုတွေ ပြစ်တင်ပြောကြားမှုတွေဟာ လုံးဝအကျိုးမရှိတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ R2P (Responsibility to Protect ) အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရန်တာဝန်ရှိမှုနဲ့ အညီ မြန်မာနိုင်ငံကို တပ်ဖွဲ့တွေ စေလွှတ်ပြီး တိုင်းရင်းသားတွေအပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့အင်အားစုတွေကို လက်နက်ခဲယမ်းတွေလည်း ပေးပို့ကူညီဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ဇူလိုင် ၃ဝ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။
“ မြန်မာနိုင်ငံအတွက် အဓိကလိုနေတာ လက်နက်ပဲဖြစ်တယ်”
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဆီယံဘုံသဘောတူညီချက်တွေထဲက လုပ်ဆောင်နိုင်တာတွေကို လုပ်ဆောင်သွားမယ်လို့ သြဂုတ်လ ၁ ရက် မနေ့က ပြောပါတယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာ ထိပါးမယ့် ကိစ္စတွေ မဖြစ်အောင်ဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။
CDM လေသူရဲ ဗိုလ်ကြီးဇေသူအောင်ကတော့ လက်ရှိမြန်မာစစ်တပ်ထဲက အထက်အရာရှိအားလုံးကို ဖယ်ရှားမှသာ ဒီမိုကရေစီစနစ်အတွက် အာမခံချက်ရှိမှာ ဖြစ်တယ်။ အဲဒီလိုဖယ်ရှားဖို့ကလည်း လက်နက်ကိုင်တော်လှန်ရေးက လွဲလို့ အခြားနည်းမရှိတဲ့အတွက် ဒေါ်ဇင်မာအောင် ပြောကြားခဲ့သလို နိုင်ငံတကာရဲ့အကူအညီ လိုအပ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို နိုင်ငံတကာက ဆောင်ရွက်ခဲ့တာဆိုရင် နှစ်ပေါင်းကြာပြီ။ ဦးသန်းရွှေလက်ထက်မှာလည်း လုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စေ့စပ်ရေးလမ်းကြောင်း လုပ်ပြီးတော့မှ သွားတဲ့အချိန်မှာ ဘာဖြစ်လာလဲဆိုတော့ အသားစားမယ့်ခြင်္သေ့ကို ကိုယ့်စားမယ့်ကောင်ကို ကျနော်တို့က တဖြည်းတဖြည်းနဲ့ ကြီးထွားအောင်လုပ်သလိုဖြစ်လာပြီးတော့ နောင်တချိန် မှာ ဒီမိုကရေစီလမ်းကြောင်းကို ရောက်လည်းရောက်ကော အခုလိုမျိုး ပြည်သူတွေ အများကြီးအသတ်ခံရတဲ့ ဘဝကိုပြန်ရောက်ခဲ့တယ်ပေါ့။ 88မှာ ဖြစ်ခဲ့တယ် အခုလက်ရှိအချိန်ထိ ဖြစ်နေဆဲ။ ကျနော်တို့ ကိုယ်တိုင်လည်း တပ်ထဲမှာနေခဲ့တာ ဖြစ်တဲ့အတွက် ရှုတ်ချနေရုံနဲ့ တပ်က ဘာမှဂရုစိုက်နေမှာ မဟုတ်ဘူး။ နိုင်ငံတကာရဲ့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်း NLD ရဲ့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းတွေဟာဆိုလို့ရှိရင် တပ်ရဲ့အကြီးပိုင်းတွေနဲ့ တပ်ရဲ့concept ခံယူချက်ကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မရဘူး။ သူတို့ကို သွားပြီးတော့မှ သွယ်လို့မရဘူးဆိုတာ ပြသခဲ့ပြီးပြီ။ အဲ့ဒီအတွက် နိုင်ငံတကာအနေနဲ့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းဟာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး စစ်တပ်ရဲ့ အကြီးပိုင်း ဒုတိယဗိုလ်မှူးကြီးနဲ့အထက် အားလုံးဟာ ဒီအတွေးအခေါ် ရှိပြီးသားဖြစ်တယ်။ သူတို့တွေအားလုံးက တပ်ကိုပြန်မယ်ဆိုရင် အဲ့လိုလူတွေ ရှိလို့မရတော့ဘူး။ မြန်မာနိုင်ငံအတွက် အဓိကလိုနေတာ လက်နက်ပဲဖြစ်တယ်”
ရန်ကုန်တိုင်းရှိ PDF အဖွဲ့၁၆ ဖွဲ့ပေါင်းစည်းထားတဲ့ Yangon UG Association ရန်ကုန်မြေအောက်တော်လှန်ရေးအစည်းအရုံး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းကလည်း NUG က သူတို့ကို ထိထိရောက်ရောက် ကူညီဖို့လိုတယ်လို့ ပြောပါတယ်။
“UG ကလည်း လိုအပ်လို့သာ ပေါ်ထွက်လာတဲ့ အဖွဲ့အစည်းတွေပါ။ ပြီးတော့ အကုန်လုံးက မခံနိုင်လို့ လုပ်နေကြတာ။ တော်တော်ခက်ခဲတယ်။ ကျနော်တို့ ရန်ကုန်အဖွဲ့ဆိုရင် စတုန်းက ၁၄ ဖွဲ့ရှိတယ်။ အခု ၂ ဖွဲ့ထပ်တိုးတယ် အားလုံးပေါင်း ၁၆ ဖွဲ့ရှိတယ်။ကျနော်တို့ရဲ့ အဓိကလိုအပ်ချက်ဟာ လက်နက်ခဲယမ်းပါ။ အဲ့ဒီအတွက်လည်း ကျနော်တို့က အစိုးရဆီက အမြန်ဆုံးမျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ကျနော်တို့ကို ထိရောက်တဲ့ပံ့ပိုးမှုတော့ ဘာမှ မရှိသေးဘူး။ ပံ့ပိုးပေးပါလို့ ကျနော့်အနေနဲ့ လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်။ အမြန်ဆုံးပေါ့”
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ လှုပ်ရှားနေတဲ့ ဒေါင်းမျိုးဆက် PDF အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးကလည်း သူတို့ကို လက်တွေ့ကျကျ ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။
“ကိုယ့်နယ်ကိုယ့်ရွာလေးတင် ကာကွယ်တာမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးကိုကာကွယ်ပြီးသွားဖို့အတွက် ဒီလက်နက်တွေရှိဖို့လိုတယ်။ မြို့တွေ သိမ်းနိုင်ဖို့ဆိုရင် သူတို့နဲ့ တူညီတဲ့ လက်နက်တွေရှိမှကိုဖြစ်မယ်။ ပေးနိုင်တဲ့ အဖွဲ့အစည်းဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် R2P ကပဲဖြစ်ဖြစ် NUG ကပဲဖြစ်ဖြစ် သူတို့ထုတ်ပေးမှ ကျနော်တို့က ရမှာ။ ကျနော်တို့လည်း ချမ်းသာလို့ လက်နက်ကိုင်ထားတာ မဟုတ်ဘူး။ ကျနော်ဆို ရဲဘော်အင်အား သုံးရာကျော်လောက် ကျွေးထားရတာ။ NUG က အထောက်အပံ့ရလို့ ကျွေးထားတာ မဟုတ်ဘူး။ ပြည်သူတွေ အကုန်လုံးကျွေးထားလို့ ကျနော်တို့ စားသောက်ပြီး လက်နက်ကိုင်ထားရတာ။ ကျနော်တို့ဆီမှာရှိတဲ့ လက်နက်နဲ့ ပစ်နေရတာ။ အဲ့တော့ ကျနော်တို့ လက်နက်တွေ လိုချင်ပါတယ်။ ဘယ်အဖွဲ့အစည်းကပဲ ထောက်ပံ့ ထောက်ပံ့ပေါ့နော်။”

ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောသလို နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် ကူညီရန်ပျက်ကွက်နေတယ်လို့ ဝေဖန်ပါတယ်။
“ငြိမ်းချမ်းရေး အစစ်အမှန်ရဖို့ ယူကရိန်း ပြည်သူတွေကနေ တွန်းလှန်တာနဲ့ ကျနော်တို့ မြန်မာလူထုတိုင်းရင်းသားပေါင်းစုံက တွန်းလှန်နေတာ ကမ္ဘာပေါ်မှာရှိတဲ့ စနစ်ဆိုးတွေ ချေမှုန်းတိုက်ဖျက်တာချင်းက အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ယူကရိန်းကို နိုင်ငံတကာက ကူညီထောက်ပံ့နေတာမျိုး ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတာ အောင်မြင်ဖို့ဆို လက်နက်အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံတကာအကူအညီပေးဖို့ တောင်းဆိုပါတယ်။”
ဒီအတောအတွင်းမှာပဲ မနေ့က နောက်ဆုံးရသတင်းတစ်ပုဒ်မှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်ရဲ့ ရုံးက ပြောကြားတယ်လို့ သတင်းရပါတယ်။
ဒီမိုကရေစီပြန်လည် ရရှိရေးလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေးပြီး လက်တွေ့ကွပ်မျက်မှုနောက်ပိုင်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေအရင်ကထက် ပိုမိုပြင်းထန်လာနိုင်ပေမယ့် အဲဒီဖိအားပေးတောင်းဆိုမှုတွေကို စစ်ကောင်စီအနေနဲ့ အလျှော့ပေးလိုက်လျောဆောင်ရွက်မှာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုနေကြပါတယ်။