စစ်ကောင်စီကြိုးပမ်းနေတဲ့ နျူကလီးယားစွမ်းအင်စီမံကိန်း
2023.07.18

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကောင်အထည်ဖော်ဖို့ စိုင်းပြင်းနေတဲ့ နျူကလီးယား စီမံကိန်းအတွက် နည်းပညာနဲ့ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်ရုံသာမက လုံခြုံရေးက အရေးကြီးတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
လောလောဆယ်မှာတော့ နိုင်ငံတကာမှာ မျက်နှာပန်းမလှတဲ့ စစ်ကောင်စီနဲ့ မိတ်တူနံတူ ရုရှားနိုင်ငံတို့ဟာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်လက်မှတ် ရေးထိုးထားပါတယ်။
တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှက ထိပ်တန်းတစ်နိုင်ငံဖြစ်ခဲ့ပေမဲ့ စစ်တပ်ကြီးစိုးတဲ့ အစိုးရလက်ထက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတဲ့ မြန်မာနိုင်ငံဟာ နျူကလီးယားစွမ်းအင်အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြည်ပရောက် မြန်မာသိပ္ပံပညာရှင်တစ်ဦးက ယူဆတာပါ။
“ကျွန်တော်တော့ အဆင်သင့် မဖြစ်သေးဘူးလို့ ထင်တယ်။ နျူကလီးယားဥပဒေ လိုအပ်တယ်။ သူ့ကို လုံခြုံစွာ အသုံးပြုဖို့ ကော်မတီရှိပြီလား၊ မတော်တဆ (နည်းပညာ)ခိုးရင် ကာကွယ်နိုင်တဲ့ အဖွဲ့ရှိသလား။ အဲဒါတွေက ဒီတိုင်းဖွဲ့လို့ မရဘူး။ နျူကလီးယား ဥပဒေပြဋ္ဌာန်းပြီး သူ့လက်အောက်မှာ ထားရမှာ”
တကယ်တော့ မြန်မာနိုင်ငံမှာ Union of Burma Applied Research Institute UBARI လို့ အတိုကောက်ခေါ်တဲ့ အသုံးချသုတေသနအဖွဲ့လက်အောက် အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ က တည်ထောင်ချိန်ကတည်းက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုဖို့ စိတ်ဝင်စားပါတယ်လို့ ပြောထားဖူးပါတယ်။
၁၉၅၇ မှာ IAEA- International Atomic Energy Agency နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီမှာ ပါဝင်ခဲ့တဲ့အတွက် ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းခင်ကတည်းက ဒီလိုအဏုမြူစွမ်းအင်အစီအစဉ် ရှိခဲ့တာပါ။
စစ်အာဏာအကြိမ်ကြိမ် အသိမ်းခံရတဲ့ လှိုင်းတံပိုးအောက်က မြန်မာနိုင်ငံက ၂ဝ၂၁ အာဏာသိမ်း စစ်ခေါင်းဆောင် နျူကလီးယား အိပ်မက်မက်ချိန်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ စတဲ့ ကဏ္ဍရပ်အစုံစုံ ယိုယွင်းရုံမက စစ်မက်တွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ဘွဲ့ရတွေ စက်နဲ့လှည့်ထုတ်သလို ပေါများလှပေမဲ့ ပညာရပ်တစ်ခုကို ထဲထဲဝင်ဝင် နက်နက်နဲနဲ သိနိုင်သူ လိုအပ်တာတယ်လို့ ပြည်ပရောက် မြန်မာသိပ္ပံပညာရှင်က ပြောပါတယ်။
“နောက်တစ်ခုလိုအပ်ချက်က Manpower ။ အခုချက်ချင်း ဓာတ်ပေါင်းဖိုဆောက်ပြီး ခုချက်ချင်းဘယ်လို လည်ပတ်မလဲ။ လူတွေကို အရင်ဦးဆုံးလေ့ကျင့်ပေးရတယ်။ အဲဒီလို လေ့ကျင့်ဖို့ ဓာတ်ပေါင်းဖို အသေးလေးလည်း မရှိဘူး။ ဥပမာ မလေးရှားနိုင်ငံမှာ ဆောက်ထားတာ အနှစ် ၂၀ မကဘူး။ သူတို့ ရည်ရွယ်ချက်က နျူကလီးယားစွမ်းအင်အတွက်မဟုတ်ဘူး။ ပညာရှင်တွေကို လေ့ကျင့်ပေးဖို့။ ထွက်လာတဲ့ ပစ္စည်းတချို့ကို ဆေးဝါးဗေဒအတွက် သုံးတာ”

စစ်အရာရှိဟောင်းတွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာလေ့လာရေးအဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း ....
“တကယ်တမ်းက နျူကလီးယားနည်းပညာကို ကောင်းကောင်းလေ့လာနိုင်ခြင်းအားဖြင့် ဆေးပညာဆိုင်ရာ သုတေသနတွေအတွက် အကျိုးအမြတ်အများကြီးရှိနိုင်တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်ကဏ္ဍဆိုင်ရာ တိုးတက်မှုအတွက်လည်း အများကြီး အကျိုးရှိပါတယ်”
မြို့ကြီးတွေမှာတောင် လျှပ်စစ်မီး အလှည့်ကျပေးနေရတဲ့ မြန်မာနိုင်ငံမှာ နျူကလီးယား စီမံကိန်း အကောင်အထည်ဖော်ဖို့ လျှပ်စစ်ဓာတ်အားလိုအပ်တယ်လို့ သိပ္ပံပညာရှင်တစ်ဦးက ပြောပါတယ်။
“ပထမဆုံးလူတွေကိုလေ့ကျင့်ပေးဖို့ ဓာတ်ပေါင်းဖို အသေးလေးဆောက်ရတယ်။ သူ့အတွက် လျှပ်စစ်တောင် ပိုပေးရတယ်။ သူ့ကိုဆောက်ပြီးမှ ပညာရှင်တွေ ရပြီ။ လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ရပြီဆိုမှ လျှပ်စစ်ထွက်မယ့် ဓာတ်ပေါင်းဖို ဆောက်လို့ရတယ်။ အဲဒါကြောင့် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောတာ။ လေ့ကျင့်ပေးတယ် ဆိုတာကလည်း နျူကလီးယားနဲ့ပတ်သက်လို့ နားလည်တဲ့ ပညာရှင်တွေ ဟုတ်မယ် မထင်ဘူး။ စစ်တပ်က လူတွေပဲ လွှတ်လိုက်တာကို၊ စစ်တပ်ကလူတွေဆိုတော့ အမိန့်နဲ့ပဲ လုပ်ဆိုလုပ်မှာပဲ။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာကို လေးလေးနက်နက်စဉ်းစားမှာ မဟုတ်ပါဘူး”

ဓာတ်ပေါင်းဖို ဆောက်လုပ်ပြီးသွားရင် လောင်စာက လိုပြန်ပါတယ်။
“နှစ်နိုင်ငံသဘောတူလို့ ဆောက်ပြီးသွားပြီ။ လောင်စာ ဘယ်လိုထည့်မလဲ။ နျူကလီးယားလောင်စာကို ရုရှားကနေ ဒီတိုင်းပို့လို့မရဘူး။ နိုင်ငံတကာဖြတ်လာရမှာ၊ IAEA ခွင့်ပြုချက်မရှိဘဲ မလုံခြုံတဲ့ စိတ်မချရတဲ့ နိုင်ငံကို နျူကလီးယားလောင်စာပို့လို့ မရဘူး”
စက်မှုနိုင်ငံတွေနဲ့ ယှဉ်ရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူဦးရေတိုးနှုန်းများပြီး စွမ်းအင်နဲ့ လောင်စာလိုအပ်ပါတယ်။ စီးပွားရေးနဲ့ စက်မှုထွန်းကားဖို့ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍက အထူးအရေးပါတဲ့အတွက် နျူကလီးယား ဓာတ်ပေါင်းဖိုက စွမ်းအင်ရင်းမြစ်တစ်ခုဖြစ်တယ်လို့ IAEA က ပြောပါတယ်။
ဒါကြောင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက နျူကလီးယားစွမ်းအင်စီမံကိန်းအတွက် ပြင်ဆင်မယ်ဆိုရင် ဆောင်ရန်ရှောင်ရန်တွေ သတ်မှတ်ထားပြီး ဒီအထဲ လုံခြုံရေး၊ ရေဒီယိုသတ္တိကြွကာကွယ်ရေး စတာတွေ ပါဝင်ပါတယ်။