မြန်မာပြည်က အဏုမြူကုန်ကြမ်းမှောင်ခိုမှု ဆက်စပ်သူတွေကို အမေရိကန်အရေးယူနိုင်

RFA Burmese
2024.03.01
မြန်မာပြည်က အဏုမြူကုန်ကြမ်းမှောင်ခိုမှု ဆက်စပ်သူတွေကို အမေရိကန်အရေးယူနိုင် နျူကလီးယားပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုဖြင့် အမေရိကန်အစိုးရက တရားစွဲထားသည့် ယာကူဇာဂိုဏ်းခေါင်းဆောင် Takeshi Ebisawa အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
U.S. ATTORNEY'S OFFICE FOR THE SOUTHERN DISTRICT OF NEW YORK/ Reuters.

မြန်မာနိုင်ငံက အဏုမြူကုန်ကြမ်းတွေ လျှို့ဝှက်ရောင်းဖို့ ကြိုးစားတဲ့အထဲမှာ ပါဝင်ပတ်သက်တဲ့သူတွေကို အမေရိကန်အစိုးရက အရေးယူနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အမေရိကန်အစိုးရဖမ်းထားတဲ့ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် တာကေရှီ အီဘီဆာဝါ (Takeshi Ebisawa) ကို မြန်မာနိုင်ငံက ယူရေနီယံနဲ့ ပလူတိုနီယံဓာတ်သတ္တုကုန်ကြမ်းတွေ ရောင်းချဖို့ကြိုးစားမှုနဲ့ တရားစွဲထားတဲ့အကြောင်း နယူးယောက်ပြည်နယ် တောင်ပိုင်းတရားရေးဌာနက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

တရားရုံးရဲ့ထုတ်ပြန်ချက်မှာတော့ တာကေရှီ အီဘီဆာဝါ ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဆီက နျူကလီးယားလက်နက်ထုတ်ဖို့အဆင့်ရှိတဲ့ ယူရေနီယံတွေကိုရောင်းပြီး အဖွဲ့အတွက် စစ်လက်နက်ပစ္စည်းတွေဝယ်ဖို့ ကြိုးစားတာတွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်က ဘယ်လက်နက်ကိုင်အဖွဲ့လဲဆိုတာတော့ တရားရုံးထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ဒါပေမဲ့ တရားရုံးကိုပေးတဲ့ အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (DEA) အရာရှိရဲ့ ၂၀၂၂ ခုနှစ်က အိတ်ပိတ်တိုင်ကြားချက်မှာတော့ အဲဒီအဖွဲ့ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဖြစ်ပြီး အဖွဲ့ရဲ့ ခေါင်းဆောင် ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။ (Photo: RFA)

ဒီလိုထုတ်ပြန်ချက်ထွက်လာပြီးရက်ပိုင်းမှာပဲ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က၊ ဒီစွပ်စွဲချက်ဟာ တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ RCSS ရဲ့သတင်းဌာနဖြစ်တဲ့ Tai Freedom ကတစ်ဆင့် တုံ့ပြန်ငြင်းဆိုပါတယ်။

ရှမ်းပြည်နယ်မှာ ယူရေနီယံဓာတ်သတ္တုရှိတယ်ဆိုတဲ့သတင်းတွေကြောင့် နိုင်ငံခြားသားတစ်ယောက်က ဝယ်မယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကမ်းလှမ်းခဲ့ဖူးတာတော့ရှိတယ်လို့ သူက ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG ရဲ့အကြံပေး Tom Kean ကတော့ ဒီအမှုမှာ သက်သေအထောက်အထား ခိုင်လုံတယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ အရေးယူနိုင်တယ်လို့ သုံးသပ်ပါတယ်။

"နျူကလီးယားဆက်စပ်ပစ္စည်းတွေ မှောင်ခိုလုပ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲချက်တွေဟာ တကယ့်ကို ကြီးလေးပါတယ်။ တကယ်လို့သာ သက်သေအထောက်အထားရှိရင် အမေရိကန်အစိုးရက ပါဝင်ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းတွေကိုမဆို အရေးယူနိုင်တယ်လို့ မှန်းဆနိုင်ပါတယ်။ စွဲချက်တင်ထားတဲ့ထဲက အကြောင်းအရာအားလုံး မမှန်ကန်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဥပမာ မှုခင်းဓာတ်ခွဲခန်းတစ်ခုက နျူကလီးယားနမူနာတွေကို စမ်းသပ်ခဲ့ရာမှာ ယူရေနီယမ်၊ သိုရီယံနဲ့ ပလူတိုနီယမ်တွေ ပါဝင်နေတာတွေ့ရတယ်လို့ စွဲချက်ထဲမှာ ပြောထားပါတယ်"

အမေရိကန်တရားရေးဌာနရဲ့ စွဲဆိုချက်အကုန်လုံးကို ခြုံငုံကြည့်လိုက်ရင်တော့ ယုံကြည်ရခက်တယ်လို့လည်း Tom Kean ပြောပါတယ်။

"တကယ်လို့သာ သက်သေအထောက်အထားရှိရင် အမေရိကန်အစိုးရက ပါဝင်ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းတွေကိုမဆို အရေးယူနိုင်တယ်လို့ မှန်းဆနိုင်ပါတယ်"

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှာ နျူကလီးယားလက်နက် ထုတ်နိုင်လောက်တဲ့အဆင့်ရှိ ပလူတိုနီယံပမာဏ အများကြီးရှိနေတယ်ဆိုတာကလည်း အတော်လေးထူးဆန်းတယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ဘာတေးလစ်တနာ (Bertil Lintner) ကတော့၊ တာကေရှီ အီဘီဆာဝါဟာ ယာကူဇာဂိုဏ်းကမဟုတ်ဘဲ လူဆိုးဂိုဏ်းလေးတစ်ခုက သာမန်တစ်ယောက်ပဲဖြစ်သလို၊ အဖမ်းမခံရခင်အထိ တိုကျိုဆင်ခြေဖုံးရပ်ကွက်က တိုက်ခန်းလေးတစ်ခန်းမှာ နေခဲ့တဲ့သူဖြစ်တဲ့အတွက် ယာကူဇာဂိုဏ်းခေါင်းဆောင်လို့ပြောဖို့ခက်တယ်လို့ RFA ကိုပြောပါတယ်။ ဒါကြောင့် အခု စွဲဆိုချက်တွေက ယုတ္တိမရှိဘူးလို့သုံးသပ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး RFA က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါမှာ မပြီးသေးတဲ့ ဥပဒေရေးရာတွေအပေါ် မှတ်ချက်ပေးစရာမရှိဘူးလို့ပဲ အကြောင်းပြန်ပါတယ်။

တာကေရှီ အီဘီဆာဝါဟာ သူနဲ့အပေါင်းအပါ အမေရိကန်နိုင်ငံသားတစ်ယောက်၊ ထိုင်းနိုင်ငံသားနှစ်ယောက်တို့နဲ့အတူ နယူးယောက်မြို့မှာ ၂ဝ၂၂ ခုနှစ်၊ ဧပြီလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးမှုတွေနဲ့ တရားစွဲခံနေရပါတယ်။

အခုလထဲမှာတော့ တာကေရှီ အီဘီဆာဝါကို နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ ဓာတ်သတ္တုကုန်ကြမ်းမှောင်ခိုမှုနဲ့ အမေရိကန်တရားရုံးက အမှုထပ်ကပ်ပြီး တရားစွဲလိုက်တာပါ။

အမေရိကန်တရားရုံးရဲ့ အခုလထုတ်ပြန်တဲ့ ကြေညာချက်မှာ တာကေရှီ အီဘီဆာဝါဟာ လက်နက်မှောင်ခိုသမားအသွင်ယူထားတဲ့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (DEA) စုံထောက် တစ်ယောက်ကို မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းရောင်းချင်တဲ့အကြောင်း ၂၀၂၀ ပြည့်နှစ်က ပြောခဲ့တယ်လို့ ဖော်ပြပါတယ်။ ကုန်ကြမ်းနမူနာကို ထိုင်းနိုင်ငံမှာ တွေ့ဆုံပြသခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအပြင် မိုင်းတွင်းကုမ္ပဏီတစ်ခုနာမည်ပါတဲ့ စာတစ်စောင်ကို DEA စုံထောက်ဆီ အီးမေးလ်ပို့ခဲ့ပြီး ယူရေနီယံနဲ့ သိုရီယံတန်ချိန် ငါးတန်ကို ဒေါ်လာ ၆.၈၅ သန်းနဲ့ ရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တာကေရှီ အီဘီဆာဝါဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ ကိုယ်စား ဝယ်ချင်တဲ့ စစ်လက်နက်ပစ္စည်းစာရင်းတစ်ခုကိုလည်း DEA စုံထောက်ကို ၂၀၂၂ ခုနှစ်၊ မေလက ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းမှာ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးကျည်တွေ ပါဝင်တာလည်း တွေ့ရပါတယ်။

ဒီအမှုကို စုံစမ်းဖော်ထုတ်တဲ့အခါမှာ အီရန်ဗိုလ်ချုပ်အသွင်ယူထားတဲ့ နောက်ထပ် DEA စုံထောက်တစ်ယောက်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အမေရိကန်အစိုးရအနေနဲ့ ဒီအမှုနဲ့ပတ်သက်တဲ့သူတွေကို သက်သေအထောက်အထားခိုင်လုံရင် အရေးယူနိုင်တယ်လို့ သုံးသပ်ပါတယ်။

"လူအများကို ထိခိုက်ပျက်စီး သေစေနိုင်တဲ့ဟာမျိုးကို ပါဝင်ပတ်သက်မှုရှိတယ်ဆိုရင် အမေရိကားအနေနဲ့က သူတို့လုပ်လို့ရတဲ့ဟာတွေ အများကြီးပဲ။ အီရန်တုန်းကလည်း သူတို့ အဲဒီလိုစွပ်စွဲပြီးတော့ ဝင်သတ်ခဲ့တဲ့ဟာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာ သူတို့ဆီမှာ တိကျတဲ့ စွပ်စွဲချက်တွေနဲ့ နောက်ထပ် ဘယ်လိုမျိုးလုပ်လာဦးမလဲဆိုတာဟာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့လိုမယ်"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီအမှုမှာသက်သေခိုင်လုံတာမတွေ့ရဘူးလို့ ထောက်ပြပါတယ်။

"အစစ်အမှန်က အဲဒီအတိုင်းဟုတ်သလား၊ မဟုတ်သလားဆိုတာကလည်း သက်သေ အထောက်အထားတွေက မရှိပါဘူး။ အဲဒါကြောင့် ဒီဟာတွေက လက်တွေ့ မြန်မာပြည်က တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အအစည်းတွေရဲ့ခေါင်းဆောင်တွေ ဆက်စပ်ပတ်သက်မှုရှိတဲ့ဆိုတဲ့ကိစ္စက အမေရိကန်တရားရုံးထိတော့ ရောက်မလာနိုင်ဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်ခင်ဗျ"

တာကေရှီ အီဘီဆာဝါရဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုမှုနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနရဲ့ ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်း ပထမအကြိမ် ကြေညာချက်မှာတော့ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် စစ်လက်နက်နဲ့ မူးယစ်ဆေးဝါး လဲလှယ်ဖို့ တာကေရှီ အီဘီဆာဝါက ပွဲစားလုပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့အစည်းတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့ဖြစ်တယ်လို့ (DEA) အရာရှိရဲ့ အိတ်ပိတ်တိုင်ကြားချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်လို့ KNU နဲ့ UWSA အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ RFA က ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အမေရိကန်အစိုးရဟာ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်ချင်တဲ့သဘော တွေ့ရတယ်လို့ သုံးသပ်ပါတယ်။

"ပထမတစ်ချက်ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအရေးမှာ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ပါလာချင်တယ်ဆိုတဲ့သဘောရှိတယ်။ ဒီလိုပါလာအောင်လည်း သမ္မတဦးဆောင်တဲ့အဖွဲ့က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို အကျိုးအကြောင်း ကိစ္စခိုင်လုံအောင်လုပ်နေတယ်လို့လည်း ဒါကို ကျွန်တော်တို့က ယူဆတယ်ပေါ့နော်။ ဒါက တရုတ်ကို တန်ပြန်ဟန်ချက်ညီအောင်၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ပိုပြီးဝင်လို့ကောင်းအောင်၊ အကူအညီပေးအောင်၊ အမေရိကန်လူထု ထောက်ခံမှုကိုလည်းရအောင် အဲလိုရည်ရွယ်တယ်လို့ပဲ ထင်တယ်"

အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တာကေရှီ အီဘီဆာဝါနဲ့ သူ့ရဲ့ကြံရာပါ ထိုင်းနိုင်ငံသား ‌ဆောမ်ပေါ့ ဆင်ကာဆီရီ (Somphop Singhasiri) တို့ကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနဲ့ နျူကလီးယားပစ္စည်းကုန်သွယ်မှု စသဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တဲ့ အမှုငါးမှု အပါအဝင် စုစုပေါင်း အမှုရှစ်မှုနဲ့ စွဲထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။