မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့စစ်ဆင်ရေး စစ်ကောင်စီအတွက် ဘာတွေထိခိုက်စေလဲ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.11.04
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့စစ်ဆင်ရေး စစ်ကောင်စီအတွက် ဘာတွေထိခိုက်စေလဲ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) မှ တိုက်ခိုက်သိမ်းယူအပြီး ထုတ်ပြန်ထားစဉ်။
The Kokang

ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာ ၃ ရက်နေ့အထိ တရုတ်-မြန်မာ နယ်စပ်ဒေသက မြို့လေးမြို့နဲ့ စစ်ကောင်စီတပ်စခန်း ၉ဝ ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောာင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းတစ်ခုလုံး လက်နက်ချပြီး ပူးပေါင်းကြတဲ့အဖြစ်တွေလည်း ရှိနေပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ်မှာ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကို တန်ပြန်ချေမှုန်းသွားမယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့က အစည်းအဝေးမှာ ပြောသွားပါတယ်။

အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးဌာန (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင် တာဝါကတော့… စစ်ကောင်စီတပ်တွေဟာ အခုအတိုင်း အခြေစိုက်စခန်းတွေနဲ့ တပ်တွေကို ဆက်ပြီးဆုံးရှုံးနေမယ်ဆိုရင်တော့ တရုတ်နယ်စပ် တစ်ခုလုံးကို လက်လွှတ်ရပြီး စစ်ကောင်စီအတွက် ကြီးမားတဲ့ စီးပွားရေး ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“လာမယ့် ရက်ပိုင်း၊ လပိုင်းအတွင်းမှာ စစ်ကောင်စီဟာ သူတို့ရဲ့ အဓိက စခန်းတွေနဲ့ နယ်ခြားစောင့်တပ်တွေကို ထပ်ပြီးဆုံးရှုံးမယ်ဆိုရင် သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါလိမ့်မယ်။ စစ်ကောင်စီရဲ့ အခြားဒေသက တပ်တွေကို ကချင်နဲ့ ရှမ်းမြောက်ဒေသကို ရွှေ့ပြောင်းနေရာချဖို့ မရတော့တဲ့ အခြေအနေ ဖြစ်လာပါလိမ့်မယ်။ ဒါဆို သူတို့ထုံးစံအတိုင်း လေကြောင်းတိုက်ခိုက်မှုတွေကို အားပြုဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ‘ဝ’ တပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောထားပါတယ်။ တရုတ်နိုင်ငံကလည်း နယ်စပ်အနီးမှာ လေကြောင်းတိုက်ခိုက်မှုတွေ လာလုပ်တာကို မကြိုက်ပါဘူး။ နောက်ပိုင်းမှာ ကချင်နဲ့ ရှမ်းပြည်နယ်က နယ်မြေတွေ ထပ်ထပ်ပြီး ဆုံးရှုံးမယ်ဆိုရင် စစ်ကောင်စီဟာ တရုတ်နယ်စပ်တစ်ခုလုံးကို ဆုံးရှံးသွားနိုင်ပါတယ်။ ဒါဆိုရင် နယ်စပ် ကုန်သွယ်ရေးနဲ့ နယ်စပ်ဒေသက လောင်းကစားရုံတွေ ဒုစရိုက်လုပ်ငန်းတွေက ရမယ့်ဝင်ငွေတွေပါ ဆုံးရှုံးရပါလိမ့်မယ်။ စစ်ကောင်စီမှာ ဘဏ္ဍာငွေ ပြတ်လပ်သွားရင် အခြားဒေသတွေက စစ်ဆင်ရေးတွေမှာပါ အားလျော့လာနိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေ တစ်ခုပြီးတစ်ခု ပြိုလဲကုန်တာမျိုး ဖြစ်လာနိုင်ပါတယ်။”

ထိုင်းအခြေစိုက် မြန်မာ့အရေးနဲ့ စစ်ရေးလေ့လာသူ အန်တိုနီ ဒေးဗစ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေရဲ့ လားရာကို တိတိကျကျပြောဖို့ မလွယ်ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နွေဦးတော်လှန်ရေး စတင်စဉ်က တစ်သီးတစ်ခြားစီ လှုပ်ရှားနေကြတဲ့ တော်လှန်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တစ်စထက်တစ်စ ပိုအားကောင်းလာပြီး အခုအချိန်မှာ မဟာဗျူဟာ ကျကျ ပူးပေါင်းလှုပ်ရှားနိုင်လာတာကို တွေ့ရတဲ့အကြောင်း သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်စွမ်းတွေကို အားပြုပြီး မြို့ပြဒေသတွေကို ဆက်ပြီး ထိန်းချုပ်ထားပါလိမ့်မယ်။ အထူးသဖြင့် စစ်တပ်ရဲ့ အာဏာအုပ်စိုးမှုကို သက်သေပြနိုင်မယ့် အစိုးရဝန်ကြီးဌာနတွေ၊ လေဆိပ်တွေ၊ ပင်လယ်ဆိပ်ကမ်းတွေနဲ့ အရေးအကြီးဆုံးက ဗဟိုဘဏ်နဲ့ စစ်ဌာနချုပ်တွေကို နောက်ဆုံး ခြေကုတ်ယူပြီး လက်မလွှတ်ရအောင် ဆက်ကြိုးစားလိမ့်မယ်လို့ အန်တိုနီ ဒေးဗစ်က သုံးသပ်တဲ့အကြောင်း Asia Times ဆောင်းပါးမှာ ပါရှိပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းမှာ သီးခြားရည်မှန်းချက်တွေ ရှိကြတာကိုလည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

လက်နက်ချလာသည့် ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှ ကိုးပြည်သူ့စစ်အဖွဲ့ဝင်များ၏ပုံအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့စဉ်။ (Photo: The Kokang)
လက်နက်ချလာသည့် ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှ ကိုးပြည်သူ့စစ်အဖွဲ့ဝင်များ၏ပုံအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့စဉ်။ (Photo: The Kokang)

ဟောင်ကောင်တက္ကသိုလ်က အရှေ့တောင်အာရှ လေ့လာရေးသုတေသီ ဒေါက်တာ အန်ဇီဟန်ကတော့ မြန်မာနိုင်ငံက အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလိုပဲ သီးခြားနိုင်ငံရေးရည်မှန်းချက်တွေ ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ မြန်မာစစ်တပ်ကို လုံးဝ အလဲထိုးအနိုင်ယူဖို့ မလွယ်သေးဘူးလို့ သုံးသပ်ပါတယ်။

“ဒီထိုးစစ်ဆင်တိုက်ခိုက်မှုတွေက စစ်ကောင်စီအတွက် အံ့သြစရာကောင်းလောက်အောင် မြန်ဆန်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ အခုအချိန်မှာ အချိန်ယူပြီး တပ်ဖွဲ့တွေကို ပြန်လည် စုစည်းနေရတာလို့ ထင်ပါတယ်။ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကို စေလွှတ်ဖို့ အခြားဒေသတွေမှာ ရောက်နေတဲ့ တပ်တွေကို ပြန်လည်စုစည်းနေလို့ ချက်ချင်းမတုံ့ပြန်နိုင်သေးတာလို့ ထင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာလည်း အမြင့်ဆုံးရည်မှန်းချက်က သူတို့ရဲ့ သက်ဆိုင်ရာ ဒေသတွေမှာ နယ်မြေစိုးမိုးမှုကို ထိန်းထားချင်တာလို့ ထင်ပါတယ်။ အခုအချိန်မှာတော့ ဘယ်တိုင်းရင်းသားအဖွဲ့ကမှ လွတ်လပ်ရေး ကြေညာနိုင်လောက်တဲ့ အခြေအနေမရှိသေးဘူးလို့ ထင်ပါတယ်။ ဒီလိုပဲ မြန်မာစစ်တပ်ဟာ ကရင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။ ဒါက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရှုံးနိမ့်သွားတဲ့သဘောတော့ မဟုတ်ပါဘူး။ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ အလယ်ဗဟိုက ဗမာအများစု ဒေသတွေကို ထိန်းချုပ်ထားနိုင်သရွေ့ မြန်မာနိုင်ငံကို ထိန်းချုပ်မှုက ဆက်ရှိနေဦးမှာပါ။“

USIP အဖွဲ့က ဂျေဆင်တာဝါကလည်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA ဟာ စစ်ဆင်ရေး စစချင်းမှာ သူတို့ ဆုံးရှုံးသွားတဲ့ ကိုးကန့်နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အမြန်ဆုံး ကြိုးစားတာတွေ့ရကြောင်း အခြား ညီနောင်အဖွဲ့တွေကလည်း ရခိုင်နဲ့ ရှမ်းမြောက်မှာ သူတို့ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆက်ကြိုးစားကြလိမ့်မယ်လို့ ယူဆရတဲ့အကြောင်း ပြောပါတယ်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၃ဝ ရက်နေ့က လက်နက်ချလာသည့် စစ်ကောင်စီတပ် ခလရ-၁၄၃ တပ်ရင်းမှ လက်နက်များ သိမ်းဆည်းရရှိကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည့် ပုံ။ (Photo: The Kokang)
၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၃ဝ ရက်နေ့က လက်နက်ချလာသည့် စစ်ကောင်စီတပ် ခလရ-၁၄၃ တပ်ရင်းမှ လက်နက်များ သိမ်းဆည်းရရှိကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည့် ပုံ။ (Photo: The Kokang)

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်ကတော့ ‘၁၀၂၇’ စစ်ဆင်ရေးဟာ နယ်မြေစိုးမိုးရေးနဲ့ အရပ်သား ပြည်သူတွေကို ကာကွယ်ဖို့အပြင် မြန်မာပြည်သူတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့အတွက်လည်း ပါဝင်တယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကလည်း အရေးပါတဲ့အတွက် စစ်ကောင်စီဟာ မြန်မာနိုင်ငံတွင်းက တရုတ်ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမှာကို အပေးအယူလုပ်ပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာ တရုတ်ရဲ့ ထောက်ခံမှုရအောင် လုပ်လေ့ရှိတဲ့အကြောင်း အခု ၁၀၂၇ စစ်ဆင်ရေးမှာတော့ စစ်ကောင်စီဟာ မြန်မာနိုင်ငံက တရုတ်ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ် မပေးနိုင်တာ ထင်ရှားနေတဲ့အကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းတည်ငြိမ်မှုမရှိဘူးဆိုရင် BRI စီမံကိန်းတွေ ဘာကြောင့် လုပ်နေဦးမှာလဲလို့ ဟောင်ကောင်တက္ကသိုလ်က တွဲဘက်ပါမောက္ခ အန်ဇီဟန်က မေးခွန်းထုတ်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။