ရှမ်းမြောက်မှာ စစ်ကောင်စီ ဘယ်လိုတန်ပြန်တိုက်ခိုက်လာနိုင်သလဲ
2023.12.14

ဆောင်းပါးရှင် စစ်ရေးကျွမ်းကျင်သူ အန်တိုနီဒေးဗစ်က Asia Times စာစောင်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အခြေအနေကို ဒုတိယကမ္ဘာစစ်ပြီးဆုံးကာနီး အရှုံးနဲ့ရင်ဆိုင်နေရတဲ့ နာဇီ ဂျာမနီရဲ့ စစ်ခေါင်းဆောင်တွေ အခြေအနေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။
လက်ရှိ မြန်မာစစ်တပ်ရဲ့ အခြေအနေဟာ ၁၉၄၅ ခုနှစ် ဧပြီလလောက်က စစ်ရှုံးဖို့ သေချာသွားပြီ ဖြစ်တဲ့ ဂျာမနီရဲ့စစ်ခေါင်းဆောင်တွေဟာ ဘာလင်မြို့ရဲ့ မြေအောက် ဘန်ကာထဲကနေ မြေပြင်မှာ အမှန်တကယ်မရှိတော့တဲ့ တပ်မတွေကို လှမ်းအမိန့်ပေးနေတဲ့ အခြေအနေမျိုးတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ မြန်မာစစ်တပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီရဲ့ ရှုံးနိမ့်မှု စတင်ခဲ့တဲ့ နော်မန်ဒီ ကမ်းတက်တိုက်ပွဲအပြီး ဖာလိစ် ပေါ့ကတ် တိုက်ပွဲအခြေအနေလောက်ကိုတော့ ရောက်နေပြီလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ကထိန်းချုပ်ထားတဲ့ မြို့ရွာနဲ့စစ်စခန်းပေါင်းများစွာကို လက်လွှတ်ခဲ့ရတဲ့နောက် ဘယ်လိုလက်တုန့်ပြန်လာမယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေ စစ်ရေးအရတုံ့ပြန်ဖို့ ရွေးချယ်စရာလမ်းသုံးခုပဲ ရှိပါတယ်လို့ အန်တိုနီဒေးဗစ်က ဆိုပါတယ်။
ပထမဆုံးနည်းလမ်းက စစ်တပ်ရဲ့ထိန်းချုပ်မှု အောက်မှာပဲရှိနေသေးတဲ့ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နဲ့ မန္တလေးမြို့ကိုဆက်သွယ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားတာကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်မယ်ဆိုရင် တရုတ်အစိုးရရဲ့ အထင်ကြီးလေးစားမှုကို ပြန်အဖတ်ဆယ်နိုင်သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဆက်ထောက်ခံနေမယ်ဆိုရင် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ် သတင်းစကားပေးရာလည်း ရောက်ပါလိမ့်မယ်။
ဒါပေမဲ့လည်း တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဆိုတာ မန္တလေး၊ ပြင်ဦးလွင်ကနေ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိးနဲ့ ကွတ်ခိုင်မြို့တွေကို ကွေ့ဝိုက်ဖြတ်သန်းပြီးမှ တရုတ်နယ်စပ်မူဆယ်မှာ အဆုံးသတ်တဲ့ မန္တလေး-မူဆယ် အဝေးပြေးလမ်းတစ်ခုလုံးကို ထိန်းချုပ်နိုင်မှ ဖြစ်မှာပါ။
လေကြောင်းကနေ ပစ်ကူပြီး မြန်မာစစ်တပ်ရဲ့ ခြေမြန်တပ်မတွေက ထိုးစစ်ဆင်သိမ်းယူမယ်ဆိုရင် ဒီမန္တလေး-မူဆယ် အဝေးပြေးလမ်းကြောင်းကို ပြန်လည်သိမ်းယူနိုင်ဖို့ မခက်ခဲပေမဲ့ မိုင် ၂၅၀ နီးပါးရှိတဲ့ ဒီလမ်းကြောင်း ရေရှည်ထိန်းချုပ်ထားနိုင်ဖို့ကတော့ ခက်ခဲမှာ ဖြစ်ပါတယ်။
ဒီလမ်းကြောင်းကို ထိန်းချုပ်ထားဖို့ စစ်သည်အင်အားနဲ့ သံချပ်ကာကားတွေ အမြောက်အမြားချထားဖို့ လိုမှာဖြစ်ပါတယ်။ ဒီအတောအတွင်း မူဆယ်မြို့သာကျသွားရင် အထိအခိုက်မခံတဲ့ တရုတ်နယ်စပ်နားမှာ ထိုးစစ်ဆင်တိုက်ခိုက်ရမှာဖြစ်တဲ့အတွက် မြန်မာစစ်တပ်အတွက် ပေးဆပ်မှု ကြီးသွားနိုင်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဒုတိယနည်းလမ်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းပြီး ပတ်ဝန်းကျင်ဒေသတွေက ရန်သူ့စစ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ အချိန်ယူဖို့ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ မိတ္ထီလာမြို့တွေကတပ်ရင်းတွေကို လားရှိးမြို့ကို လေကြောင်းကနေပို့ဆောင်ပြီး မြို့အနီးကစစ်ခန်းတွေ၊ မြို့ငယ်တွေဆီကို ရဟတ်ယာဉ်နဲ့ထပ်မံပို့ဆောင်ပြီး စစ်အင်အားဖြည့်တင်းဖို့ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ခိုက်မှုတွေ အားကုန်သွားတဲ့အချိန်မှာ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အသင့်ပြင်ထားဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မြန်မာစစ်တပ်ဟာ လားရှိုးမှာ ဘယ်လိုပဲ စစ်အင်အားဖြည့်တင်းပေမဲ့ ဆုံးရှုံးသွားတဲ့ ကိုးကန့်ဒေသက နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ အလားအလာ လုံးဝမရှိဘဲ လောလောဆယ် ‘ကိုးကန့်’ ဒေသရဲ့ မြို့တော် လောက်ကိုင်ကိုလည်း သိမ်မကြာခင် လက်လွှတ်ရဖို့ ရှိနေပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ လားရှိုးမြို့ တောင်ဘက်နဲ့ မြောက်ဘက်က အဝေးပြေးလမ်းမတွေကို သိမ်းပိုက်နိုင်မယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့အားလုံးဟာ မြို့တွင်းကထွက်မရဘဲ အဝိုင်းခံရမယ့် အနေအထားလည်း ရှိနေပါတယ်။ တကယ်လို့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လားရှိုးလေဆိပ်သာ ပိတ်လိုက်ရမယ်ဆိုရင် နာမည်ကျော် ဒိန်ဗင်ဖူးတပ်ပွဲမှာ အင်အားကြီး ပြင်သစ်စစ်တပ်ကို ဗီယက်နမ်တပ်တွေ အနိုင်ရသလိုမျိုး ဖြစ်သွားနိုင်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
နောက်ဆုံးနည်းလမ်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ လိုအပ်ရင် ရှမ်းပြည်နယ်အရှေ့ပိုင်းကပါ မဟာဗျူဟာကျကျဆုတ်ခွာပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနဲ့ နေပြည်တော်ကိုကာကွယ်ဖို့ ခံစစ်အတွက် အားဖြည့် ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာအခြေစိုက်တဲ့ တြိဂံတိုင်းစစ်ဌာနချုပ်နဲ့ လားရှိးအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကို စွန့်ခွာပြီး မန္တလေးအဝင် ပြင်ဦးလွင်နဲ့ နေပြည်တော်အဝင် တောင်ကြီးမြို့တွေမှာ အထိုင်ချပြီး ခံစစ်အတွက် ပြင်ဆင်မဲ့နည်းလမ်းဟာ လက်တွေ့ကျပြီး စစ်ကောင်စီအတွက် လျော့ပါးလာနေတဲ့ စစ်သည်နဲ့လက်နက်အင်အားကို ချွေတာရာ ရောက်ပါလိမ့်မယ်။
ဒီလို သံလွင်မြစ်အရှေ့ခြမ်း ဒေသတစ်ခုလုံးကနေ ဆုတ်ခွာသွားတဲ့ နည်းလမ်းဟာ မြန်မာစစ်တပ်အတွက် ပြန်လည်ပေးဆပ်ရမှာကတော့ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ပြည်ထောင်စု မပြိုကွဲရေး ဦးတည်ချက်တွေကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကြွေးကြော်ထားတဲ့ မြန်မာစစ်တပ်အတွက် စိတ်ဓာတ်ရေးရာ ကျဆုံးမှုဖြစ်ပါတယ်။ မြန်မာစစ်တပ်က ဆုတ်ခွာသွားတဲ့နေရာတွေမှာ UWSA ‘ဝ’ တပ်ဖွဲ့က နေရာဝင်ယူပြီး တရုတ်နယ်စပ်ကနေ ထိုင်းနယ်စပ်အထိ တစ်ဆက်တည်း နယ်မြေပိုင်စိုးမှုရသွားမဲ့ ပေးဆပ်ရမှုတွေ ရှိလာမှာဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ရှမ်းပြည်နယ်ကတိုက်ပွဲတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရခိုင်၊ ကရင်နီ၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်မှု အမျိုးမျိုးနဲ့ ဆက်ပြီး ရင်ဆိုင်နေရမှာကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လာမယ့်နွေရာသီလတွေအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆုံးရှုံးရပြီး ရခိုင်၊ ကယားနဲ့ ကချင်ပြည်နယ်တွေကိုပါ ဆက်ပြီး ဆုံးရှုံးရမယ်ဆိုရင် နေပြည်တော်ကို အဝိုင်းခံထားရတဲ့ အနေအထားဖြစ်လာတော့မှာပါ။
ဒီလို အခြေအနေရောက်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါမှမဟုတ် သူ့နေရာကို ဆက်ခံတဲ့ စစ်ခေါင်းဆောင်လက်ထက်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ အဆိုပြုချက်တွေ ပေါ်ထွက်လာပါလိမ့်မယ်။
အဲဒီလိုအချိန်မှာ စိတ်ဝမ်းကွဲပြားနေဆဲဖြစ်တဲ့ အတိုက်အခံအဖွဲ့တွေဟာ စစ်တပ်ဘက်က တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက်ကို ဘယ်လိုပုံစံနဲ့ တုံ့ပြန်မလဲ ဆိုတဲ့အချက်က တော်လှန်ရေးအပြီး မြန်မာနိုင်ငံရဲ့အနာဂတ်ကို ပုံဖော်သွားပါလိမ့်မယ်လို့ ဆောင်းပါးရှင် အန်တိုနီးဒေးဗစ်က သုံးသပ်ထားပါတယ်။