ချင့်ချိန်တတ်တဲ့နိုင်ငံတွေ မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်
2023.02.15

အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်ပြည်တို့အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကလွဲပြီး တခြားအကြောင်း မရှိဘူးဆိုရင် မြန်မာနိုင်ငံက တော်လှန်ရေးလှုပ်ရှားမှုကို အထောက်အကူပြုပေးဖို့ လိုအပ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် နေ့ထုတ် The Diplomat စာစောင်က ဖော်ပြပါတယ်။
မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းဖို့ မျှော်လင့်နေဆဲဖြစ်တဲ့ မည်သူမဆိုအတွက် မေးသင့်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူ တာဝန်ခံနိုင်သလား ဆိုတာပါပဲ။ အဖြေကတော့ တာဝန်မခံဘူးဆိုတဲ့ ‘နိုး’ တစ်လုံးပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းပဋိပက္ခတွေကြားမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာအပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာအတွက် နိုင်ငံရေးအဖြေ မရှိခဲ့ပါဘူး။
ဒါကြောင့် မြန်မာပြည်သူတွေ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို သွားခဲ့ကြတာ ဖြစ်ပါတယ်။ ခုခံတော်လှန်ရေးအဖွဲ့တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပြည်သူကာကွယ်ရေးတပ်တွေ ပါဝင်ကြပြီး အင်အားကောင်းလာခဲ့တာနဲ့အမျှ စစ်တပ်ကို နိုင်ငံရေးကနေ လုံး၀ဖယ်ထုတ်ထားနိုင်ဖို့လည်း ရည်သန်ထားတာပါ။
ဒါ့ပြင် စစ်ကောင်စီတပ်တွေအနေနဲ့ ကိုယ်ကျင့်သိက္ခာ နိမ့်ကျတာ၊ အမိန့်မနာခံတာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ထိရောက်မှု မရှိတာ၊ အကျင့်ပျက်ခြစားမှုတွေ ကြီးထွားလာနေတာ တပ်တွင်း အခြေအနေတွေက စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လျော့နည်းကျဆင်းသွားစေတယ်လို့ ဖော်ပြပါတယ်။ ရလဒ်အနေနဲ့ စစ်မြေပြင်မှာ ထိခိုက်မှုတွေ ကြီးမားရ၊ နယ်မြေထိန်းချုပ်မှု ကျဆင်းရပါတယ်။
စစ်တပ်ကရွေးချယ်တဲ့ ပါတီတွေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကလည်း အဓိပ္ပါယ်မဲ့ပါလိမ့်မယ်။ ဒါကြောင့်လည်း စဉ်းစားချင့်ချိန်တတ်ကြတဲ့ ပြည်ပအစိုးရတွေ၊ လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်မပေးနိုင်တဲ့ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ မလုပ်ကိုင်ကြတာပါ။
ဒါ့ပြင် အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာဥပဒေအောက်မှာ တရားဝင်အစိုးရအဖြစ် ရပ်တည်ဖို့ မျှော်လင့်ချက် မရှိဘဲ ဒီမိုကရေစီလိုလားသူ သံအမတ် ဦးကျော်မိုးထွန်းကသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဆက်လက်ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။
မြန်မာ့အိမ်နီးချင်းတွေ အပါအဝင် နိုင်ငံအများကလည်း စစ်အစိုးရလွန် မြန်မာနိုင်ငံမှာ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ကြရမှာပါ။ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲ့ မြန်မာကြားမှာ ရှုပ်ထွေးတဲ့ အပြန်အလှန်မှီခိုမှုတွေ ရှိနေတာပါ။
မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ တရုတ်ကြား ထိတွေ့ဆက်ဆံမှုက ဆက်လက်ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတက်ရောက်ဖို့ မြန်မာစစ်ကောင်စီက တရုတ်ကို ဖိတ်ကြားခဲ့ပေမယ့် တရုတ်ဘက်က တစ်စုံတစ်ရာ မတုံ့ပြန်ခဲ့ပါဘူး။

အလားတူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာစစ်ကောင်စီအပေါ် တောင်းဆိုချက်ကိုလည်း တရုတ်က လျစ်လျူရှုခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဆက်လက်ရှင်သန်နိုင်ဖို့ စစ်အစိုးရလွန် မြန်မာနိုင်ငံမှာ မဟာဗျူဟာ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့အတွက်လည်း အားထုတ်နေမှာ ဖြစ်ပါတယ်။ စွန့်စားရမှာတွေကလည်း ရှိနေတာပါ။ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာနဲ့ ထိတွေ့နိုင်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မလက္ကာရေလက်ကြား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ သံဖြူနဲ့ ကြေးနီတင်ပို့ရေး၊ မြေရှားသတ္တု၊ အီလက်ထရောနစ်နဲ့ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေ အဆင်ပြေချောမွေ့ဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။

အိန္ဒိယရဲ့ မြန်မာဆိုင်ရာ လက်ရှိဦးစားပေးမူဝါဒကတော့ နိုင်ငံ့အရှေ့မြောက်ပိုင်း လုံခြုံရေး ဖြစ်ပါတယ်။ အဲဒီဒေသမှာ အစိုးရတပ်ဟာ လူမျိုးစုလက်နက်ကိုင် သူပုန်တွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့ပြင် မြန်မာနဲ့ နယ်စပ်မှာလည်း လက်နက်ကိုင်အဖွဲ့တွေ ရှိနေသလို ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့နေရာတွေမှာလည်း လူမျိုးစု လက်နက်ကိုင်တွေ ရှိနေပါတယ်။ ဒါ့ပြင် ကုလားတန်ဘက်စုံစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်း စီမံကိန်းတွေလည်း ရှိနေတာပါ။ ဒါပေမဲ့ လုံခြုံရေးအခြေအနေ သတိထားရတာလည်း ရှိပါတယ်။
ထိုင်းကတော့ ထောင်နဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေကို လက်ခံထားပါတယ်။ ထိုင်းနိုင်ငံရဲ့ ပင်ရင်းအကျိုးစီးပွားက မြန်မာဘက်က သဘာဝဓာတ်ငွေ့ရရှိရေးကို ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။ ထိုင်းရဲ့ လျှပ်စစ်ဓာတ်အား ဝယ်ယူမှု ၆၀ ရာခိုင်နှုန်းရှိပြီး မြန်မာ့ရတနာဓာတ်ငွေ့လုပ်ငန်းတစ်ခုတည်းရဲ့ ၁၁ ရာခိုင်နှုန်းကိုလည်း ဝယ်ယူထားတာ ဖြစ်ပါတယ်။