မြန်မာ့စီးပွားရေး သီရိလင်္ကာလို ဖြစ်လာနိုင်သလား

2022.04.24
မြန်မာ့စီးပွားရေး သီရိလင်္ကာလို ဖြစ်လာနိုင်သလား သီရိလင်္ကာနိုင်ငံမှာ ရာထူးကနေ နုတ်ထွက်ပေးဖို့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြသည့် ပြည်သူများကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: AFP

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီနဲ့ အခြေခံ စားသုံးကုန်တွေ ဈေးနှုန်း မြင့်တက်လာတဲ့ အတွက် နိုင်ငံတစ်ဝန်း ပြည်သူတွေ ပြီးခဲ့တဲ့အပတ်က လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပြီး လက်ရှိ သမ္မတ ဖြစ်သူကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့အခါ ရဲတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေး ထိခိုက်ရပြီး ယူကရိန်း စစ်ပွဲနောက်ပိုင်း လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား နဲ့ ပြည်ပက တင်သွင်းရတဲ့ အခြေခံ စားကုန်တွေ ပြတ်လပ်တာတွေနဲ့ ဆိုးဆိုးဝါးဝါး ကြုံနေရတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ရက် နေ့ မှာတော့ သီရိလင်္ကာနိုင်ငံက ပြန်ဆပ်ရမယ့် ပြည်ပကြွေးမြီ ဒေါ်လာ ၅ ဘီလီယံကို ပေးဆပ်နိုင်တဲ့ အခြေအနေ မရှိတော့တဲ့အတွက် ဒေဝါလီခံလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ သီရိလင်္ကာနိုင်ငံဟာ အခြေခံအဆောက်အဦ စီမံကိန်း အမြောက်အမြားကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ တောင်အာရှဒေသတွင်းမှာ စီးပွားရေး တိုးတက်မှု အားအကောင်းဆုံး နိုင်ငံအဖြစ် ရှိနေခဲ့တာပါ။ ဧရာမ ရေနက် ဆိပ်ကမ်း စီမံကိန်း၊ အဆောက်အအုံ စီမံကိန်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တွေ တည်ဆောက်ခဲ့ရာမှာ တရုတ်နိုင်ငံက မြင့်မားတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ချေးယူခဲ့ရပြီး၊ ဒီစီမံကိန်းအားလုံး အခုအချိန်အထိ အသုံးပြုမယ့်သူ မရှိတဲ့အတွက် ဝင်ငွေ လုံးဝမရှိဘဲ တရုတ် ချေးငွေတွေကို နိုင်ငံအသုံးစရိတ်ထဲကနေ ဆပ်နေခဲ့ရတဲ့အတွက် အကြွေးနွံနစ်ပြီး နိုင်ငံခြားငွေ ပြတ်လပ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာလည်း တရုတ်နိုင်ငံချေးငွေနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်း တော်တော်များများ ရှိနေတဲ့အပြင် ကိုဗစ်ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှု ဂယက်တွေ နဲ့ ယူကရိန်း စစ်ပွဲတွေရဲ့ သက်ရောက်မှုတွေကြောင့် စီးပွားရေး နာလန် မထူနိုင်ဘဲ ရှိနေပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ ကျွမ်းကျင်မှုမရှိဘဲ အာဏာသိမ်း စစ်ကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့်လည်း သီရိလင်္ကာနိုင်ငံလို နိုင်ငံခြားငွေ၊ လောင်စာဆီနဲ့ အခြေခံ စားကုန်တွေ ပြတ်လပ်ပြီး ဒေဝါလီခံရတဲ့ အခြေအနေ ရောက်နိုင်သလား ဆိုတာ ကျွမ်းကျင်သူတွေကို RFA က မေးမြန်းခဲ့ပါတယ်။

လက်ရှိ အချိန်မှာ မြန်မာနဲ့ သီရိလင်္ကာ နှစ်နိုင်ငံလုံးရဲ့ နိုင်ငံရေး စီးပွားရေး အခြေအနေ တူညီမှုတွေ ရှိသလို မတူညီတာတွေလည်း ရှိတဲ့အကြောင်း မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အကြံပေးလုပ်ငန်းတွေ လုပ်နေတဲ့ မစ္စ ဗစ်ကီ ဗိုမန်က အခုလို သုံးသပ်ပါတယ်။

“မြန်မာနဲ့ သီရိလင်္ကာ နှစ်နိုင်ငံလုံးဟာ ကိုဗစ် ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းနဲ့ အထည်ချုပ် လုပ်ငန်းတွေ ထိခိုက်ခံရတာချင်း တူပါတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းဟာ သီရိလင်္ကာ စီးပွားရေးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိပြီး၊ မြန်မာနိုင်ငံ စီးပွားရေးရဲ့ ၁ ရာခိုင်နှုန်းထက် မပိုတဲ့အတွက် ထိခိုက်ခံရတဲ့ ပမာဏ ပိုနည်းပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် အဓိက ထိခိုက်ရတာက နယ်စပ်ဂိတ်တွေ ပိတ်လိုက်ရတဲ့ အတွက် တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို စိုက်ပျိုးရေးပို့ကုန်တွေ တင်ပို့မှုတွေ ရပ်ဆိုင်းသွားတာ ကြောင့်ပါ။ နောက် ကြီးမားတဲ့ ကွာခြားမှု တစ်ခုက သီရိလင်္ကာရဲ့ ပြည်ပကြွေးမြီ ပမာဏက မြန်မာထက် လေးဆလောက် ပိုများပါတယ်။ သီရိလင်္ကာဟာ IMF အကူအညီနဲ့ ပြည်ပကြွေးမြီတွေ စီမံခန့်ခွဲဖို့ အကြံပြုချက်တွေကိုလည်း လက်မခံခဲ့ပါဘူး။ သီရိလင်္ကာ သမ္မတ ရာဂျာပါကတ်စ် လက်ထက်မှာ ဓာတ်မြေသြဇာ တင်သွင်းမှု ပိတ်ပင်လိုက်လို့ စိုက်ပျိုးရေး ကဏ္ဍကို ထိခိုက်တာမျိုးလို ဆုံးဖြတ်ချက် အမှားတွေ ချခဲ့ပါတယ်။ တကယ်တော့ သီရိလင်္ကာဟာ ပြီးခဲ့တဲ့ ဆယ်နှစ်လောက် အတွင်းမှာ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ကြွေးမြီတွေ တိုးလာတာဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့ ကတော့ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အရပ်သား အစိုးရ လက်ထက်မှာ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။”

sri lanka protest
သီရိလင်္ကာနိုင်ငံမှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြသည့် ပြည်သူများကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ် (Photo: AFP)

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး ကျဆင်းမှုနဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုအောက် ရောက်နေ ပေမယ့်၊ အရင် အရပ်သားအစိုးရ လက်ထက်က ချမှတ်ခဲ့တဲ့ အစီအမံကောင်းတွေရှိနေတာနဲ့ သီရိလင်္ကာလောက် နိုင်ငံတကာ ကုန်သွယ်ရေးကို မှီခိုမှု မရှိတဲ့အခြေအနေတွေကြောင့် အဆိုးဆုံးအခြေအနေကို မရောက်သေးတာ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

အခုအချိန်မှာ ယူကရိန်း စစ်ပွဲကြောင့် ရေနံဈေးတက်တာ၊ ဓာတ်မြေသြဇာ ထုတ်လုပ်မှု ကျဆင်းတာနဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက် ထိခိုက်လာတာ စတဲ့ ဒဏ်တွေကို ကမ္ဘာ့နိုင်ငံအားလုံး ခံစားရတဲ့ အနေအထားမှာတော့ မြန်မာနဲ့ သီရိလင်္ကာရဲ့ ထိခိုက်မှုက အတူတူလောက်ပဲ ရှိတယ်လို့ မစ္စ ဗစ်ကီ ဗိုမန်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလောက် တရုတ် နိုင်ငံရဲ့ အကြွေးနွံထဲ နစ်နေတဲ့ အခြေအနေ မရှိသေးပေမယ့် မဟာဗျူဟာကျတဲ့ စီမံခန့်ခွဲမှု မရှိရင် နောက်တစ်ချိန်မှာ မရောက်ဘူးလို့ မပြောနိုင်ကြောင်း ဝါရှင်တန် ဒီစီအခြေစိုက် အမေရိကန် အာဆီယံ စီးပွားရေးကောင်စီက ကိုလှဘုန်းမြင့်က ပြောပါတယ်။

အမေရိကန်နိုင်ငံ မင်နီဆိုတာ ပြည်နယ် Carleton College က နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ ဒေါက်တာ ထွန်းမြင့်က လက်ရှိ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရဲ့ စီးပွားရေး ကို အမှန်တကယ် စီမံခန့်ခွဲတာမရှိဘဲ တစ်ဖက်သတ် အမိန့်တွေပဲ ထုတ်ပြန်နေပြီး တရုတ် နိုင်ငံက ဒါကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ သူတို့ရဲ့ သြဇာ အာဏာချဲ့ထွင်ဖို့၊ မဟာဗျူဟာအရ အချက်အချာကျတဲ့ နေရာတွေကို ရယူဖို့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ စစ်ကောင်စီကို အားပေးကူညီနေတယ်လို့ သုံးသပ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံတကာ စီးပွားရေးနဲ့ ငွေကြေး ဈေးကွက် အကြောင်း သေသေချာချာ နားလည်သိရှိမှု မရှိဘဲ အကြောက်တရားကို အခြေခံတဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေတာကြောင့်သာ သီရိလင်္ကာလို ဆိုးဝါးတဲ့ အခြေအနေမျိုး ရောက်သွားနိုင်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် ပြောကြားခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။