မြန်မာပြည် ကျရှုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေပြီလို့ အကဲခတ်တွေ သုံးသပ်

2021.12.29
မြန်မာပြည် ကျရှုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေပြီလို့ အကဲခတ်တွေ သုံးသပ် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ရန်ကုန်ဆိပ်ကမ်း အလုပ်ခွင်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်
Photo: AFP

ဒီမိုကရေစီ နုနယ်သေးတဲ့နိုင်ငံကို အာဏာရှင်အုပ်ချုပ်ရေးအောက် တစ်ကျော့ပြန် နစ်မြှုပ်စေတဲ့ ဖေဖော်ဝါရီ ၁ ရက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ၁၁ လနီးပါး ကြာလာချိန်မှာ တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျမှုနဲ့ အထွေထွေကျပ်တည်းမှုဟာ ပိုဆိုးလာပြီး ကျရှုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေပြီလို့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အကဲခက်တွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် ဒါကိုလက်မခံနိုင်တဲ့ ပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လက်နက်မဲ့ဆန္ဒပြရာကနေ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို လက်မခံနိုင်တော့တဲ့ အဆုံး လက်နက်ကိုင် တော်လှန်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးတွေ စတင်ချိန်က အရပ်သားတွေဟာ တူမီးသေနတ်တွေနဲ့ စတင်ခဲ့ပေမယ့် အခုချိန်မှာတော့ စစ်ကိုင်းတိုင်းလို နေရာမျိုးမှာ ပေါက်ကွဲအားပြင်းတဲ့ မြေမြှုပ်မိုင်းတွေ၊ ရှော့တိုက်ဒုံးတွေအထိ အသုံးပြုလာသလို စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကလည်း ပိုပြီးကြမ်းတမ်းလာတယ်လို့ စစ်ကိုင်းတိုင်း ပုလဲ PDF ခေါင်းဆောင်ဗိုလ်နဂါးက ပြောပါတယ်။

“လက်နက်ကိုင်လမ်းစဉ်ကို ကျွန်တော်တို့ စတဲ့အချိန်က လက်နက်တစ်လက် ဝယ်ဖို့ဆိုတာ ငွေကြေးပြည့်စုံ လုံလောက်တဲ့ အတိုင်းအတာ မရှိဘူး။ မရှိတဲ့အတွက် ဒေသတွင်း လက်လုပ်တူမီးလေးတွေကိုပဲ အားပြုခဲ့ ကြရတာဗျ။ အဲဒီလို စပြီးနောက်ပိုင်း ရန်သူ (စစ်တပ်) ဘက်ကလည်း လက်နက်ကို တစ်မျိုးပြီးတစ်မျိုး လက်နက်ငယ်ကနေ လက်နက်ကြီး၊ လက်နက်ကြီးကနေ တင့်ကား၊ တင့်ကားကနေ လေယာဉ်အထိ ကျွန်တော်တို့ ပြည်သူကို တိုက်ခိုက်နေတဲ့အချိန် ပြည်သူ့ဘက်ကလည်း တူမီးကနေ မိုင်း၊ မိုင်းကနေ အမြောက်၊ အမြောက်ကနေ တာဝေးပစ်ဒုံးတွေ၊ ရှော့ဒုံးတွေ၊ ၄၀ မမ၊ ၆၀ မမ တွေအထိ ဖန်တီးပြီးတော့ ခုခံတော်လှန်ရတော့တာပေါ့။ တစ်ဖက်မှာလည်း ဒီဘဝက မရ ရတဲ့နည်းနဲ့ ရုန်းထွက်မယ်ဆိုတဲ့ ပြည်သူ၊ တစ်ဖက်မှာလည်း အသေရရ အရှင်ရရ ဒီတိုင်းပြည်ကျန်ခဲ့ရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့ ယုတ်မာတဲ့ရန် နှစ်ဦး ဆိုင်နေတဲ့ တိုက်ပွဲကတော့ အစပိုင်းနဲ့ ဘယ်တူတော့မလဲ တစ်နေ့ တစ်ခြား ကြမ်းတမ်းလာတော့တာပေါ့ဗျာ”

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့စာရင်းတွေအရ လက်ရှိမှာ နိုင်ငံရဲ့၆၁ ရာခိုင်နှုန်းဟာ ဗုံးပေါက်ကွဲမှုတွေ၊ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

အဲဒီထဲက ၆၅ ရာခိုင်နှုန်းဟာ စစ်အာဏာမသိမ်းခင်က လုံးဝတည်ငြိမ်ခဲ့တဲ့ နေရာတွေ ဖြစ်တယ်လို့လည်း MIPS က ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပစ်ခတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေကြောင့် ပိုမိုဆိုးဝါးလာပြီး ဆီးရီးယား လို ကျဆုံးနိုင်ငံ မဖြစ်သေးပေမယ့် အားနည်းတဲ့ နိုင်ငံအဖြစ်ကိုတော့ ရောက်ရှိနေပြီလို့ MIPS ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး က သုံးသပ်ပါတယ်။

“ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပဋိပက္ခဖြစ်တဲ့ ဒေသတွေ ပိုကျယ်ပြန့်လာတယ်။ မလုံခြုံမှုတွေ ပိုများလာတယ်။ ဗုံးကွဲတာဆိုရင် မြန်မာပြည်ရဲ့ မြို့နယ် ၆၁ ရာခိုင်နှုန်းမှာ ဗုံးကွဲတာတွေ ဖြစ်လာတယ်။ ဒါတွေကြည့်ရင် လုံခြုံရေး ပြဿနာတွေက ပိုတော့ဆိုးသွားတယ်။ ဒါပေမဲ့ ဆီးရီးယားလိုမျိုး မြို့ကြီးတစ်မြို့လုံး မီးလောင်ပြီး အိမ်တွေ အခွံပဲကျန်ပြီး နိုင်ငံလူဦးရေ တစ်ဝက်လောက် IDP ဖစ်သွားတဲ့ အနေအထားမျိုးတော့ မရောက်သေးဘူး။ ကျွန်တော်တို့က Weak State တော့ဖြစ်နေပြီး ကျဆုံးနိုင်ငံ အဆင့်တော့ မရောက်သေးဘူးပေါ့ဗျာ"

နိုင်ငံတစ်ဝန်းက အရပ်သားခုခံတော်လှန်မှုတွေကို နှိမ်နင်းရာမှာ စစ်တပ်ဟာ လေကြောင်းက ပစ်ခတ်တဲ့အပြင် အရပ်သားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာနဲ့ လူနေအိမ်တွေ အများအပြား မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်ရပ်တွေ ရှိလာပါတယ်။

နိုင်ငံတော်ကို အင်အားသုံး ထိန်းချုပ်ဖို့ကြိုးစားရင်း တွဲပါလာတဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လက်တွန့်လာကြတာအပြင် ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံ သူတွေပါ ပြန်ထွက်ခွာနေတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး ဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိလာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင် တစ်ဦးက မှတ်ချက်ပြုပါတယ်။

“Covid တုန်းကတော့ စီးပွားရေးက အနုတ်ဘက်ကို ဆင်းမသွားဘဲနဲ့ အတော်အသင့် ထိန်းထားနိုင်တယ်။ အဲဒီကာလမှာ အခြား အာဆီယံတိုင်းပြည်တွေက အနုတ်ကို ဆင်းသွားတယ်။ အာဏာသိမ်းပြီးနောက်မှာ စီးပွားရေးဟာ အနုတ် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်ဆိုပြီးတော့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတယ်။ ဒီဟာက တော်တော်လေးကို ထိခိုက်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ၁၉၈၈ အရေးအခင်း ဖြစ်တုန်း ကတောင်မှ စီးပွားရေးက အနုတ် ၁၁ ရာခိုင်နှုန်းပဲ ကျဆင်းတာ။ အခု ၁၈ ဆိုတော့ တော်တော်လေး ဆိုးတယ်။ လွတ်လပ်ရေးနောက်ပိုင်း စီးပွားရေး ကျဆင်းတာရှိပေမယ့် အဲလောက် ကျဆင်းတာ တစ်ခါမှ မရှိခဲ့ဘူး။ အခုမြန်မာနိုင်ငံကို ကြည့်ရင် မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးမှုလည်းမရှိဘူး အရပ်ဘက် စိုးမိုးမှုလည်းမရှိဘူး အကုန်လုံးက ကျဆင်းနေပြီ ”

စီးပွားရေး ရှုထောင့်ကကြည့်ရင်တော့ တိုင်းပြည်ဟာ ကျဆုံးသွားနိုင်တဲ့ အခြေအနေ ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

"လူတစ်ဦးချင်းစီရဲ့လုံခြုံမှု ဘဝရပ်တည်ချက် ရည်မှန်းချက်နဲ့ အခွင့်အလမ်း မရှိသလောက်ပဲ"

အာဏာမသိမ်းခင် တစ်လအလို ၂၀၂၁ ဇန်နဝါရီ တစ်လတည်းမှာတင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅ ခုကို NLD အစိုးရက ခွင့်ပြုခဲ့ပေမယ့် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီကနေ သြဂုတ်အထိ ခြောက်လတာ ကာလ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ခုနစ်ခုသာ ခွင့်ပြုနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဋ္ဌာနက အချက်အလက်တွေကို ကိုးကားပြီး မူဝါဒနဲ့မဟာဗျူဟာ ဆိုင်ရာ အင်စတီကျု- မြန်မာ ( ISP Myanmar) က နှိုင်းယှဉ်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ကာလတွေအတွင်း လုပ်ငန်းရပ်နားတာတွေ အပါအဝင် မြန်မာနိုင်ငံနေ ထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း၂၁ ခုအထိ ရှိလာပါတယ်။ အဲဒီထဲမှာ အမေရိကန်၊ ဂျာမဏီ၊ ဂျပန်၊ အိန္ဒိယ၊ နော်ဝေ၊ ဗြိတိန်၊ သြစတေးလျ၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ကုမ္ပဏီတွေ ပါဝင်နေပါတယ်။

စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီးဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေပြီဆိုတဲ့ သုံးသပ်ချက်ကို လက်မခံပါဘူး။

poor people
(ရန်ကုန်မြို့တွင်းက လက်လုပ်လက်စား မိသားစုတစ်စုကို တွေ့ရစဉ်) Photo: UN Myanmar

“မြန်မာနိုင်ငံ ကျဆုံးနိုင်ငံ ဖြစ်၊ မဖြစ်ကတော့ ကျဆုံးနိုင်ငံဆိုတဲ့ဟာကို ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်လဲ၊ ဘယ်လို ဆောင်ရွက်လဲဆိုတာ ကျန်တဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့ ပြောချင်တယ်။ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ဒေသတော်တော် များများမှာ သူ့ရဲ့အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီးရင်ရေး လုပ်ငန်းတွေ‌ ဆောင်ရွက်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်”

စစ်တပ်က နိုင်ငံကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမယ့် စစ်အာဏာသိမ်းမှုအပေါ် အရပ်သားတွေရဲ့တုံ့ပြန်မှုဟာ ပိုပြီးကြီးမား လာသလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးလည်ပတ်မှု၊ လူမှုသဟဇာတဖြစ်မှုတွေ အားလုံး ကမောက်ကမ ဖြစ်နေတာမို့ ဒါဟာ ကျဆုံးနိုင်ငံတစ်ခုရဲ့ဝိသေသလက္ခဏာတွေ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“နိုင်ငံရဲ့ ဦးတည်ချက်က ကျဆုံးနိုင်ငံပဲ။ ကျွန်တော်တို့ လူမှုဝန်ဆောင်မှုလုပ်ငန်းတွေ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ အကုန်လုံး ကမောက်ကမ ဖြစ်နေတယ်။ ငွေကြေးလည်ပတ်မှုလည်း ထိခိုက်နစ်နာမှုတွေ ရှိနေတယ်။ ပြီးရင် လူမှုအသိုင်းအဝိုင်းအတွင်း လူမှုသဟဇာတမျှမှု အဲဒီဟာ အပေါ်မှာ လည်း ထိခိုက်မှုတွေ ရှိတယ်။ လူတစ်ဦးချင်းစီရဲ့လုံခြုံမှု ဘဝရပ်တည်ချက် ရည်မှန်းချက်နဲ့ အောင်မြင်ရာ အောင်မြင်ကြောင်း ဘဝရည်မှန်းချက်တွေ ဖော်ဆောင်ပြီး လုပ်ကိုင်နိုင်ဖို့အတွက် အခွင့်အလမ်း မရှိ သလောက်ပဲ။ အဲဒီအခြေအနေက နိုင်ငံပျက်နေပြီ၊ ကျဆုံးနိုင်ငံတစ်ခုရဲ့ ဝိသေသလက္ခဏာတွေ အဖြစ် တွေ့ရတယ်”

နိုင်ငံတကာမှာတော့ အခြေခံလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ မဆောင်ရွက်နိုင်တော့တာ၊ နယ်နိမိတ်နဲ့ နယ်မြေ တွေကို ထိရောက်တဲ့ ထိန်းချုပ်မှု မလုပ်နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာရင် ဒါကို ကျဆုံးနိုင်ငံတစ်ခုလို့ သတ်မှတ်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း နယ်မြေအားလုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရဆဲလို့ စစ်တပ်ကိုယ်တိုင် ဝန်ခံထားသလို နယ်စပ်ဒေသတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက ထိန်းချုပ်ထားတာ၊ နိုင်ငံအနှံ့မှာ ဗုံးပေါက်ကွဲမှု တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာ၊ နေ့စဉ်အရပ်သားတွေ သတ်ဖြတ်ခံနေရတာ၊ စီးပွားရေး အပါအဝင် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲနေတာတွေကို ထင်ထင်ရှားရှား မြင်တွေ့နေရတယ်လို့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။