NLD ပါတီ ပစ်မှတ်ထား ဖြိုခွင်းခံနေရ
2021.08.16
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီကနေ့ထိ ခြောက်လကျော် ကာလအတွင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လို ထိပ်တန်းခေါင်းဆောင် အဆင့်ကနေ အောက်ခြေ NLD ရပ်ကျေးအဆင့်အထိ စုစုပေါင်း ပါတီဝင် ၃၂၄ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒီကိစ္စတွေကို စနစ်တကျ စာရင်းကောက်ယူပြုစုနေတဲ့ NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးက RFA ကို ဩဂုတ်လ ၁၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။
အဖမ်းခံထားရသူတွေထဲမှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ငါးဦးအပါအဝင် စုစုပေါင်း ဗဟိုကော်မတီဝင် ၁၅ ဦး နဲ့ လွှတ်တော်သုံးရပ်က ကိုယ်စားလှယ် ၉၈ ဦး ပါဝင်တယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးထားစဉ် NLD ထိပ်တန်းခေါင်းဆောင် ဦးဉာဏ်ဝင်းနဲ့ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့ ထောင်ထဲမှာ သေဆုံးခဲ့ပြီး စစ်ကြောရေးမှာတော့ NLD ပါတီဝင်တွေဖြစ်ကြတဲ့ ရန်ကုန်တိုင်းက ဦးခင်မောင်လတ်၊ ကိုဇော်မြတ်လင်းနဲ့ နေပြည်တော်က ဦးကျော်ကျော် (ခေါ် ) ကိုအဂ္ဂမိုးညိုတို့ သေဆုံးခဲ့ကြပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အပါအဝင် ၁၀ ဦးကိုတော့ စစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်ကနေ သုံးနှစ်အထိ အမိန့်ချမှတ်ထားပြီး သူတို့ဟာ အခြားပုဒ်မတွေနဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်ပြီး အမှုရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။
စစ်တပ်ကို အကြည်ညိုပျက်အောင်ပြုလုပ်မှုနဲ့ ထောင်ဒဏ် သုံးနှစ်အမိန့်ချမှတ်ခံထားရတဲ့ တောင်ကုတ်မြို့ နယ်က NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ရဲ့ခင်ပွန်း ဦးလင်းနိုင် က တရားမျှတမှုဆိုတာ သူတို့နဲ့အလှမ်းဝေးနေဆဲပဲလို့ RFA ကို ပြောပါတယ်။
“တရားမျှတမှုဆိုတာ လုံးဝမရှိဘူးလို့ပဲ ပြောရမှာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ စဖမ်းတည်းက အကြောင်း ပြချက် မရှိဘဲ အဖမ်းခံရတာလေ။ လမ်းမှာတင် သူတို့ဆွဲသွားတာ။ နောက်ပြီးတော့ ဖမ်းဆီးသွားတဲ့အခါက ကျနော့် သမီးပါ ပါသွားတယ်။ ကျနော့်သမီးက လေးနှစ်ကျော်ပဲရှိသေးတယ်။ ကလေးကိုပါ သူတို့က ခေါ်သွားပြီးတော့ နောက်မှ ကလေးကို ပြန်ပို့တာပေါ့နော်။ သူတို့စစ်ကြောရေး လုပ်တဲ့အခါမှာလည်း ဘယ်နားမှာ စစ်တယ်ဆိုတာကို ကျွန်တော်တို့ လုံးဝမသိရဘူး။ စစ်ကြောရေးကနေ တရားရုံးကိုတင်ပြီး တစ်ခါတည်း ထောင်ချလိုက်တာပေါ့နော်။ အဲဒါကြောင့် ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ရှေ့နေ ရှေ့ရပ် နဲ့ပါ ပြောဆိုခွင့်မရဘဲနဲ့ သူတို့ စွဲချင်တဲ့ ပုဒ်မနဲ့စွဲပြီးတော့ ထောင်ချလိုက်တာပေါ့။ ဒါတော့ အားလုံးလိုလို ပါပဲ။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စွဲဆိုခံရတဲ့သူတိုင်းက ဒီလိုပါပဲ တရားဥပဒေရဲ့ အကာအကွယ်ကို ဘာမှမရကြဘူးပေါ့နော်”
ဒေါ်နီနီမေမြင့်နဲ့ တောင်ကုတ်မြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချော တို့ဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အဲဒီအချိန် ကတည်းက မိသားစုနဲ့ တွေ့ခွင့်မရကြတာ လို့လည်း ဦးလင်းနိုင်က ပြောပါတယ်။
နေပြည်တော် အချုပ်ထောင်မှာ အဖမ်းခံထားရတဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက စစ်ကောင်စီဟာ ဦးသန့်ဇင်ထွန်းကို ထောင်မကျ ကျအောင်ချဖို့ အမှုကို တည်ဆောက်ယူနေတယ်လို့ ပြောပါတယ်။
“ဖမ်းဆီးခံရအပြီး ၁၂ ရက်အကြာမှာ တစ်ခါတွေ့ရတယ်။ အဲဒီ နောက်ပိုင်းကို ခုအချိန်ထိ မတွေ့ရသေးဘူး။ အဲဒီတွေ့တဲ့ အချိန်ကလည်း ဆယ်မိနစ်လောက်ပဲဆိုတော့ ဘာမှ မပြောလိုက်ရဘူး။ သူတို့က ထောင်ချ ချင်လို့ လုပ်နေတာဆိုတော့ မဖြစ်မနေ အမှုကို တည်ဆောက်နေကြတာလေ။ အမှုမှာ သူတို့ထည့်ချင်တဲ့ သက်သေတွေကို ထည့်တယ်။ ဒီဘက်ကတော့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး”
ဦးသန့်ဇင်ထွန်းဟာ စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကတည်းက ဖမ်းဆီး ခံထားရတာပါ။ သူနဲ့အတူ နေပြည်တော်ကောင်စီ စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ၊ NLD ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ တို့လည်း နေပြည်တော်မှာ ဖမ်းဆီးခံထားရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးကတော့ စစ်တပ်ဟာ NLD ကို ပါတီနိုင်ငံရေးကနေ ဖယ်ထုတ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
“ဒီစစ်အာဏာရှင်က သူတို့မတရား ရယူထားတဲ့ အခွင့်အရေးတွေ၊ အခွင့်အာဏာတွေကို လက်လွှတ်ရတော့ မှာ ကြောက်လာတယ်ပေါ့နော်။ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရဲ့ ချစ်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှုနဲ့အတူ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှု၊ လွတ်လပ် ပွင့်လင်းလာမှု တွေ အပေါ်မှာ မကြည်ဖြူတာကြောင့် လို့ပဲထင်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့အတိတ်က ကျူးလွန်ထားတဲ့ အဂတိလိုက်စားမှုတွေ၊ ရာဇဝတ်မှုတွေ ဖော်ထုတ်ခံရတာကို စိုးရိမ်တာတွေလည်းပါမယ် လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့ နိုင်ငံရေးကနေ ပြီးတော့ NLD ကို အပြီးဖယ်ထုတ်မှ လုပ်ချင်တာ လုပ်လို့ရမယ်၊ ပါတီမရှိတော့အောင်၊ ပြည်သူတွေ ပါတီနားမကပ်နိုင်အောင် ရက်ရက်စက်စက် နှိမ်နင်း ပြနေတာတွေ၊ ပါတီခေါင်းဆောင်နဲ့ ပါတီဝင်တွေကို ရက်ရက်စက်စက် ဥပဒေမဲ့ နှိပ်စက်နေတာတွေကို မြင်ရပါတယ်ဗျ”
NLD အစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ဥပဒေနဲ့မညီ၊ မျှတမှု မရှိဘူးဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အသစ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ UEC အသစ်ရဲ့ ကြေညာချက်ဟာ တရားမဝင်ဘူးလို့ NLD ပါတီ တာဝန်ရှိသူတွေက တုံ့ပြန်ထားကြပါတယ်။
"မြန်မာ့ နိုင်ငံရေးကနေ ပြီးတော့ NLD ကို အပြီးဖယ်ထုတ်မှ လုပ်ချင်တာ လုပ်လို့ရမယ်"
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီဟာ ရွေးကောက်ပွဲသဏ္ဍာန်ကို ပီအာ လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုတာတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေဟာ အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ ဦးတည်လုပ်ဆောင် နေတာလို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ဘယ်ကာလမှာ ရွေးကောက်ပွဲ လုပ်လိုက်လုပ်လိုက် NLD ပါတီကို ပြည်သူလူထုက တောင်ပြိုကမ်းပြို ထောက်ခံလာခဲ့တဲ့ အခြေအနေတွေကြောင့် NLD ရှိနေသမျှကတော့ သူတို့စစ်ကောင်စီ ဒါမှမဟုတ် စစ်တပ်ကပုဂ္ဂိုလ်တွေ နိုင်ငံတော်အာဏာကို ထိန်းသိမ်း ချုပ်ကိုင်ဖို့အတွက် အခက်အခဲ ရှိနေမှာဖြစ်လို့ NLD ပါတီကို အပြီးအပိုင်ဖျက်သိမ်းဖို့ ရည်ရွယ်တယ်။ ခေါင်းဆောင်တွေကိုတော့ ရေရှည်ထောင်ချထားဖို့ ဦးတည်ပြီးတော့ လုပ်နေတယ်လို့ ကျနော် ပြောချင်ပါတယ်”
NLD ပါတီဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တိုင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရလေ့ရှိတာ ကြောင့် စစ်တပ်ဟာ နောင်ရွေးကောက်ပွဲတွေမှာ ပီအာ(ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲဖို့ ကြိုးစားနေတာလို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက NLD ပါတီရုံးတွေကို စစ်တပ်က ဝင်ရောက် စီးနင်း ရှာဖွေတာ၊ စာရွက်စာတမ်းတွေကို သိမ်းဆည်းတာ၊ ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးတာတွေပါ လုပ်ဆောင်ခဲ့တယ်လို့ ပါတီဝင်တွေက ပြောပါတယ်။ အဲဒါကြောင့် လုံခြုံရေးအရ ရပ်ကျေးပါတီ ဆိုင်းဘုတ် တွေကို ပြန်ဖြုတ်ထားကြရတယ်လို့လည်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ NLD ပါတီကို ဖျက်သိမ်းဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား လူထုရှိနေသမျှ ပါတီ ဆက်ရှိနေလိမ့်မယ်လို့ NLD ပါတီ ဗဟို ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့် က ပြောပါတယ်။
“သူတို့ဟာ နောက်ထပ် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ပုံစံမျိုးက ရှိခဲ့တဲ့ ပြီးခဲ့တဲ့ ပြည်သူလူထုက ပေးထား ပြီးသား ရလဒ်ကို ဘယ်လိုနည်းနဲ့မှ ချေဖျက်လို့မရနိုင်တာကို ဇွတ်ချေဖျက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ပြီးတော့ သူတို့ဟာ သူတို့ သူတို့ရဲ့ အလိုတော်ရိတွေနဲ့ ပေါင်းပြီးတော့ ရွေးကောက်ပွဲကို ပြန်လုပ်မယ်ဆိုရင် ပြည်သူ လူထုက ပူးပေါင်းပါဝင် လာလိမ့်မယ်လို့ ကျနော် လုံးဝမယုံကြည်ဘူးဗျာ။ အခုအချိန်ထိကတော့ ကျနော်တို့ NLD ပါတီရဲ့ အနေအထားကတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ ပြည်သူတွေရှိနေသရွေ့ ပါတီကတော့ ရှိနေမှာပါပဲ”
NLD ပါတီအနေနဲ့ အခုအချိန် အထိ ပြည်သူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အကူအညီတွေ ပေးနေဆဲပဲလို့လည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
NLD ပါတီအပေါ် ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဂုတ်လ ၁ ရက်နေ့ အာဏာသိမ်း ခြောက်လပြည့် မိန့်ခွန်းမှာတော့ မဲစာရင်းပြဿနာကို ဆွေးနွေးအဖြေရှာဖို့ အစိုးရ၊ လွှတ်တော်နဲ့ တာဝန်ရှိသူတွေကို တရားဝင် အသိပေးတာတွေ၊ ထုတ်ပြန်တာတွေ၊ သဘောထား တင်ပြတာတွေ လုပ်ခဲ့ပေမယ့် NLD က ဖြေရှင်းဖို့ မလုပ်ဘဲ အဓမ္မ လွှတ်တော်ခေါ်ဖို့ ဆောင်ရွက်လာတဲ့အတွက် နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရတာလို့ ပြောခဲ့ပါတယ်။
NLD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့် ကတော့ အာဏာသိမ်းစစ်ကောင်စီက ကိုးကားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရွေးကောက်ပွဲ ပြဿနာတွေနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်တယ်လို့ တရားဝင် ပြဌာန်းထားတာကြောင့် အာဏာသိမ်းတဲ့လုပ်ရပ်ဟာ ၂၀၀၈ ဥပဒေကို စစ်တပ်ကိုယ်တိုင် ချိုးဖောက်နေတာလို့ တုံ့ပြန်ပါတယ်။
၁၉၈၈ အရေးအခင်းအပြီး ၁၉၈၈ စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ထူထောင်ခဲ့တဲ့ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် နဝတ စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ငြင်းပယ်ခဲ့ဖူးပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ် အနိုင်ရခဲ့လို့ ငါးနှစ်တာ အစိုးရ ဖွဲ့ခွင့် ရခဲ့ပေမယ့် အခု၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အသိအမှတ် မပြုဘဲ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။