NLD၊ စစ်ကောင်စီနဲ့ တရုတ်ကြား၊ ဆက်ဆံရေး ဝင်္ကပါ
2021.10.08
ပြီးခဲ့တဲ့ နှစ်လကျော်ကာလအတွင်း တရုတ်အစိုးရဟာ စစ်တပ်အာဏာသိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ဆက်ဆံရေး ပြန်လည်အသက်ဝင်ဖို့ အားထုတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီ ဆက်လက်တည်မြဲရေးအပေါ် တရုတ်က အယုံအကြည် လျော့ပါးလာနေတာကို ပြသနေကြောင်း လေ့လာသူအများက တွက်ဆကြပါတယ်။ ဒါပေမဲ့ အဲဒီလို အမှန်တကယ် ဖြစ် နေပါသလား။ မြန်မာစစ်အာဏာရှင်တွေနဲ့အတူ လှုပ်ရှားနေတဲ့ တရုတ်ရဲ့ညင်သာတဲ့ အရွေ့ခြေလှမ်းတွေက မှန်းဆဖို့ မလွယ်ပါဘူး။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်က၊ တရုတ်ပြည်ဟာ NLD ရဲ့ထိပ်တန်းမိတ်ဆွေနိုင်ငံတွေထဲမှာ ပါဝင်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလ၊အတွင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်ကို ငါးကြိမ်သွားရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ ရှီကျင့်ဖျင်နဲ့ ငါးကြိမ် တွေ့ဆုံခဲ့ပါတယ်။ နောက်ဆုံးအကြိမ်ဟာ COVID-19 ကူးစက်မှုကပ်ဘေးကြောင့် တရုတ်က နယ်စပ်တွေကို ပိတ်ထားခဲ့တဲ့ကာလအတွင်း သွားရောက်ခဲ့တာပါ။ အလားတူ ရှီကျင့်ဖျင်လည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ ရှီကျင့်ဖျင် က သူ့အနေနဲ့ NLD ခေါင်းဆောင်ပိုင်းနဲ့အတူ တရုတ်-မြန်မာ ကံတူအကျိုးပေး ဆွေမျိုးပေါက်ဖော် အသိုင်းအဝန်းတစ်ရပ် ထူထောင်လိုကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် စစ်တပ် အာဏာသိမ်းမှုနဲ့အတူ၊ ရွေးကောက်ခံ အစိုးရနဲ့ ကိုယ်စားလှယ်တွေ ထိန်းသိမ်းခံရပြီးတဲ့နောက်မှာတော့၊ တရုတ်ဟာ NLD နဲ့ အဆက်ဖြတ် လိုက်ပါတယ်။ NLD ပါတီ နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရတို့ရဲ့ တရုတ်ကို တောင်းဆိုတဲ့ ပေးစာတွေ၊ မေတ္တာရပ်ခံစာတွေလည်း၊ ကာလအတန်ကြာ အကြောင်းပြန်ကြားချက် မရခဲ့ပါဘူး။ ဇူလိုင်လမှာ NLD က တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့ အခါမှ တရုတ်ဆီက အသံထွက်လာခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် တရုတ်ဟာ မြန်မာစစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်မှုတွေ ဆွေးနွေးမှုတွေ တိုးမြှင့်ခဲ့ပါတယ်။ NLD ပါတီ ကို မဖျက်သိမ်းဖို့ စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့သလ ပြီးခဲ့တဲ့ ၈ လအတွင်း အခြေခံဥပဒေ ဖျက်သိမ်းရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရေး ရိုဟင်ဂျာပြဿနာဖြေရှင်းရေးကိစ္စတွေအပေါ် သတိမမူမိခဲ့ကြောင်း တရုတ်က ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေအတွက် တရုတ်-မြန်မာ ချစ်ကြည်ရေးကို လမ်းဖွင့်ထားကြောင်း၊ NLD နဲ့ ခိုင်မာတဲ့ ဆက်ဆ့ရေး ထိန်းသိမ်းထား ကြောင်း တရုတ်အစိုးရက ပြောဆိုနေပေမယ့် လွန်ခဲ့တဲ့ သုံးလက တရုတ်ရင်းနီးမြှုပ်နှံသူတွေရဲ့ လုပ်နည်းလုပ်ဟန်တွေက တခြားစီဖြစ်နေတဲ့အတွက် NLD နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အမှန်တကယ်ရည်ရွယ်ချက်နဲ့ စစ်အုပ်ချုပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ရေး အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါ့ပြင် မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်အစိုးရကြား နိုင်ငံရေးဆိုင်ရာ တခြားအဓိကအချက်တွေလည်း ရှိနေပါတယ်။
ပထမအနေနဲ့ စက်တင်ဘာလ အစောပိုင်းက မြန်မာစစ်ကောင်စီ ကျန်းမာရေးဝန်ကြီးက COVID-19 ကူးစက်မှု မူလဇစ်မြစ် နဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့ ကိစ္စမှာ တရုတ်ပြည်ကို ထောက်ခံခဲ့ပါတယ်။ မြန်မာ့ထောက်ခံချက်ကို တရုတ်အစိုးရက ရုပ်သံကတဆင့် ထုတ်လွှင့်ခဲ့သလို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာ့ထောက်ခံချက်ကို အလေးပေးဖော်ပြခဲ့ပါတယ်။
ဒုတိယအနေနဲ့ စက်တင်ဘာလလယ်ပိုင်းက ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသုံးချပြီး၊ ပြည်ပ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ရေး လက်မှတ်ရေးထိုးခဲ့ကြတဲ့ နိုင်ငံပေါင်း ၄၀ ထဲမှာ မြန်မာပါဝင်ခဲ့တာပါ။
တတိယအနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ - မြန်မာအနေနဲ့ ဩဂုတ်လ အတွင်း ကျင်းပမယ့် တရုတ်- အာဆီယံ ဆက်ဆံရေး ကိစ္စမှာ၊ မြန်မာအနေနဲ့ ညှိနှိုင်းဆောင်ရွက်ရေး တာဝန် ယူစေလိုကြောင်း ကုလသမဂ္ဂ သဘောတူကြေညာချက်ဖြစ်ပါတယ်။ အဲဒီ ကြေညာချက်မှာ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်း ကိစ္စ မပါဝင်သလို၊ တရုတ် မြန်မာ စီးပွားရေးစင်္ကြန်လမ်း အကောင်အထည်ဖော်ရေးကိစ္စသာ ပါဝင်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုလွှာ ပေးပို့ခဲ့တဲ့ မြန်မာနိုင်ငံ က နိုင်ငံရေးပါတီ ငါးခုက ဂုဏ်ပြုလွှာပေးပို့ခဲ့ရာမှာ NLD ပါတီကို ထိပ်ဆုံးမှာ ဖော်ပြထားပါတယ်။ သဝဏ်လွှာပေးပို့တဲ့ထဲမှာ ပြည်ခိုင်ဖြိုးပါတီလည်း ပါဝင်ပါတယ်။
တရုတ်အနေနဲ့ NLD ပါတီဖျက်သိမ်းရေးကို အထင်အရှားဆန့်ကျင်ပေမဲ့၊ NLD လွှမ်းမိုးတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုး မတွေ့ရသေးပါဘူး။ တရုတ်ပညာရှင်တွေကလည်း NUG ထူထောင်ပြီးတဲ့နောက် တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ တော်လှန်ရေး နဲ့ မတည်မငြိမ် ဖြစ်နိုင်တဲ့ ဆောင်ရွက်မှုတွေ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။
ဒီအတွင်း တရုတ် နိုင်ငံပိုင် သတင်းမီဒီယာက စစ်ကောင်စီ အာဏာသိမ်းမှု ထောက်ခံတဲ့ ဝါဒဖြန့်ချက်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခြေလှမ်းတွေကို ဆန့်ကျင်တဲ့အကြောင်းတွေကို ဖော်ပြထုတ်လွှင့်နေပါတယ်။