ရွေးကောက်ပွဲ ကတိပျက်တဲ့ NLD

ဝေမာထွန်း
2019.10.24
dassk-japan-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉ အောက်တိုဘာ ၂၃ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ Nikkei Asian Review သတင်းဌာန တွေ့ ဆုံမေးမြန်းစဉ်
Photo: Ministry of Foreign Affairs - Myanmar

စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် မြန်မာနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်နေပေ မယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို အဆင်မပြေတော့တဲ့အကြောင်း ပြော ကြားလိုက်တာလို့ နားလည်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ရှုမြင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီစကားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ Nikkei Asian Review သတင်းဌာနနဲ့ တွေ့ ဆုံစဉ် အခုလ ၂၃  ရက်နေ့က ပြောကြားခဲ့တာပါ။

ဒါဟာ ရွေးကောက်ပွဲကတိကဝတ်ကို မလုပ်ဘူးဆိုတာ ဝန်ခံလိုက်တဲ့သဘောဖြစ်နေပြီး ဒီကာလအတွင်း ဖွဲ့စည်းပုံမှာ ပြင်လို့ရတဲ့အချက်တွေရှိတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ထောက်ပြပါတယ်။ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ

“မလုပ်နိုင်ဘူးလို့ သတင်းဌာနမှာ ပြောခဲ့တာကိုယ်တိုင်က ဝန်ခံ လိုက်ပြီလေ။ ပြင်လို့မရတဲ့ အချက်တွေကို မပြင်ဘဲနဲ့ ဥပမာ တိုင်းရင်းသားဒေသတွေအတွက် ဒီမိုကရေစီ ပြည်ထောင်စုကို ဖော်ထုတ်ဖို့ တိုင်းရင်းသားဒေသတွေရဲ့ ရပိုင်ခွင့်တွေ အဲဒါလေးတွေ ကို ပြင်ဖို့ ကြိုးစားရင်တော့ ရနိုင်တယ်လို့ မြင်တယ်။ ဇယား ၅ တို့ ကိုယ်ပြည်နယ်က ရသင့်ရထိုက်တဲ့ အခွန်အခတွေကိုတော့ ပြင်လို့ ရနိုင်ပါတယ်။”

လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားရာမှာ တပ်မတော်ဘက်က စိတ်ပါဝင်စားမှု စိတ်အားထက်သန်မှု အားနည်းနေတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်သတင်းဌာန ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရှိဖို့ ကိုယ်စားလှယ်တွေအားလုံး ရွေးကောက်ခံတွေ ဖြစ်ဖို့လိုကြောင်းနဲ့ လွှတ်တော်တွင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေမှုကိုလည်း သူက ထောက်ပြ ပြောခဲ့ပါတယ်။

ဒီအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

“ဝေဖန်စရာမရှိပါဘူး။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြောခွင့်ရှိသူတွေနဲ့ ပြောတာ ပိုအဆင်ပြေပါလိမ့်မယ်။”

အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်က စိတ်ဝင်စားမှုနည်းနေတဲ့ဆိုတဲ့အချက်အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ပြည်ထောင်စုလွှတ်တော်မှာတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာက NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်လေ

ကော်မတီဟာ လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တားဆီး ထားတယ်လို့ ဝေဖန်မှုတွေရှိတဲ့ ပုဒ်မ ၅၉ (စ) အပြင် ပုဒ်မပေါင်း ၂၀၀ ခန့်ကို ဆွေးနွေးပြီးဖြစ်တယ်လို့ သိရပါတယ်။

အတိုင်ပင်ခံရဲ့ ပြောကြားချက်ဟာ လွှတ်တော်တွင်း ကော်မတီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျော်လွန်ပြော ဆိုရာရောက်တယ်လို့ သုံးသပ်တာက နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း ပါ။

နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း “နည်းနည်းကျော်ပြောရာရောက်တယ်လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့အခါကျတော့ လွှတ်တော်ရဲ့ ကဏ္ဍနဲ့ အခုကျတော့ သူက အစိုးရရဲ့ဘက်အခြမ်းမှာ ရှိနေတာကိုး။ ကော်မတီကတော့ ဆက်ပြီးတော့ သွားဦးမယ်လို့ထင်တယ်။ ဖွဲ့စည်း ပုံပြင်ဆင်ရေးဆိုတာက NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်လေ။ ဒါကို သူဖြည့်ဆည်းနိုင်လား။ မဖြည့်ဆည်းနိုင်ဘူးလား။ ဒါကို မဲဆွယ် စည်းရုံးရုံ ကန်ပိန်းလုပ်ရုံ သပ်သပ်ပဲသုံးလား။ ဒီလိုမျိုးမေးခွန်းတွေ ဖြစ်လာတာပေါ့”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပါ ပူးပေါင်းကော်မတီထဲမှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် နှစ်ဦးနဲ့ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိန်ဝင်းတို့ကတော့ ပြီးခဲ့တဲ့စက်တင်ဘာလ အတွင်းမှာ ကော်မတီဝင်အဖြစ်ကနေ နုတ်ထွက်သွားပါတယ်။

ကော်မတီက နုတ်ထွက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အပေးအယူအရ ဆောင်ရွက်နေတဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ယုံကြည်ပြီးတော့ အောင်မြင်အောင်၊ ပြီးဆုံးအောင် လုပ်မယ်ဆိုတဲ့ စိတ်တစ်ခု တည်းနဲ့ လုပ်တာအကောင်းဆုံးပေါ့နော်။ အခုဟာ ကိုယ်က ဒါကြီးကို မဖြစ်နိုင်တော့ဘူး မပြီးတော့ဘူးဆိုပြီးတော့ လုပ်ပြနေတဲ့သဘောမျိုးတွေ၊ လိုသလိုလေးပဲ ပျော့ပျော့ပြောင်းပြောင်းလေးပဲ အပေးအယူနဲ့ ပြင်တဲ့ သဘော မျိုးဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စတွေ့ထဲက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သုံးကြိမ်လောက်တွေ့ တယ်။ ဘယ်လိုတွေ ညှိနှိုင်းပြီး ဘယ်လိုအပေးအယူတွေနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ ကျနော်တို့ တတွေ မသိဘူး။ ဒီနေ့ချိန်ထိတော့ သူက အဲလိုအပေးအယူနဲ့ ကစားနေတယ်လို့ပဲ ကျနော်ကမြင်တယ်။ ”

ဖွဲ့စည်းပုံပါ ပုဒ်မတွေကို ပြင်ဆင်ရာမှာ ဒီမိုကရေစီစံချိန်စံညွန်းနဲ့ ကိုက်ညီရမယ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်နိုင်ရမယ်ဆိုတဲ့ မူတွေချထားပေမယ့် ပြင်ဆင်မှုမှာ တိုင်းရင်းသားတွေ ၂၀၂၀ ရွေးကောက်ပွဲ  မတိုင်ခင် ပြင်ဆင်ဖို့ လိုလားနေတဲ့ ပုဒ်မ ၂၆၁ မပါဝင်တဲ့အတွက်လည်း အငြင်းပွားစရာဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လုပ်မှာ ဖြစ်တဲ့အတွက် NLD ကို မဲပေးဖို့ လိုတယ်ဆိုတဲ့ သတင်းစကားပါးတဲ့ သဘောပြောလိုက်တာလို့ သုံးသပ်သူလည်း ရှိပါတယ်။SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်

“သူ့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လုပ်မယ်။ အဲဒါကြောင့် မို့လို သူ့ကိုထပ်ပြီးမဲပေးဖို့ လိုတယ်ဆိုတဲ့ မက်ဆေ့ချ်တစ်ခုထပ်ပေး တယ်လို့ ယူဆပါတယ်။ တပ်မတော်ရဲ့ သဘောတူညီချက်မရလို့ ဆိုတဲ့နေရာမှာပဲ ဂိတ်ဆုံးမယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ ဒီဥစ္စာကို ဂျပန်နိုင်ငံရောက်မှ သွားပြောတာထက် မြန်မာပြည်သူ လူထုတစ်ရပ်လုံး သူ့ကို မဲပေးထားတဲ့လူတွေမှာ ရှင်းရှင်းလင်းလင်း နားလည်သွားအောင် ပြတ်ပြတ်သားသားပြောသင့်တယ်။ ဘာကြောင့်မဖြစ်တာလဲ။ နောက်ထပ်ဘယ်လိုကြိုးပမ်းမလဲ။ လူထု သိအောင် ပွင့်ပွင့်လင်းလင်းရှင်းပြလိုက်မှသာလျှင် ဝန်းရံတဲ့သူတွေ လည်း ကျေနပ်လောက်ဖွယ်အနေအထားရှိမယ်လေ။”

SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ပြောသွားတာပါ။

ဂျပန်သတင်းဌာနနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးမှာ အတိုင်ပင်ခံရဲ့ ပြောကြားချက်တွေအပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ သဘောထားနဲ့ လွှတ်တော်တွင်း ဖွဲ့စည်း ပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး USDP ကိုယ်စားလှယ်တွေ ဆက်လက်ဆောင်ရွက်ဖို့ရှိတာတွေကို သတင်းထုတ်ပြန် သွားမှာဖြစ်တဲ့အတွက် လတ်တလောမှာ မှတ်ချက်ပေးဖို့ မရှိသေးဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က RFA ကိုဒီနေ့ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စား လှယ်အများအပြား အနိုင်ရခဲ့တဲ့ NLD ပါတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲ ကတိကဝတ် အနေနဲ့ ပြောခဲ့ပေမယ့် အခုချိန်ထိ အောင်မြင်မှု မရသေးပါဘူး။

တိုင်းရင်းသားတွေအပါအဝင် အများပြည်သူဆန္ဒဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ဖို့ဆိုရင် NLD ပါတီကို နောက်ထပ်အချိန်ပေးဖို့၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲထပ်ပေးဖို့ ပြောလိုက်တာလို့ သုံးသပ်ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။