နှိမ်နင်းခွင့် ပိုရလာတဲ့ ရဲတပ်ဖွဲ့ ဥပဒေသစ်

2022.03.30
နှိမ်နင်းခွင့် ပိုရလာတဲ့ ရဲတပ်ဖွဲ့ ဥပဒေသစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ NLD ရုံးချုပ်အား စစ်တပ်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ကြစဉ်
Photo: RFA

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ်လ ၂၅ ရက်နေ့က အသစ်ပြဋ္ဌာန်း လိုက်တဲ့ အခန်း ၁၈ ခန်းပါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေမှာ ရဲတပ်ဖွဲ့ကို စစ်တပ်အောက် ကနေ လုပ်ပိုင်ခွင့်တွေ ပိုပေးထားတာ တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အဲဒီဥပဒေ အခန်း (၄) မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ကို ခန့်မယ်ဆိုရင် သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းပြီး ခန့်အပ်တာ၊ အတည်ပြုတာ၊ ပြောင်းရွှေ့တာ၊ အငြိမ်းစားပေးတာ၊ ထုတ်ပယ်တာတွေကို ပြုလုပ်နိုင်တယ်လို့ ဖော်ပြ ထားပါတယ်။

ဒီအချက်ကတော့ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ် ကြီး အောင်ဝင်းဦးက စစ်ကောင်စီဘက်ကို မလိုက်ဘဲ အရပ်သားအစိုးရရဲ့ အမိန့်တွေ အောက်မှာပဲ လှုပ်ရှားခဲ့တဲ့အတွက် နောင်အခါ အခုလို လုပ်ခွင့်မရှိအောင် ဒီအချက်ကို ထည့်သွင်းရေးဆွဲထားတာလို့ နေပြည်တော်က သတင်းရင်းမြစ်တွေက RFA ကို ပြောပါ တယ်။

“ရဲတပ်ဖွဲ့ကို ကာကွယ်ရေး ဦးစီးချုပ်အောက်ကို ဥပဒေနဲ့ တရားဝင် ထည့်လိုက်တဲ့ သဘောပါပဲ"

ဒီဥပဒေအရ ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင် ပြောင်းလဲမယ်ဆိုရင်လည်း စစ်ခေါင်းဆောင် ရဲ့ သဘောထားကိုရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ရဲအရာရှိတစ်ဦးကတော့ ဒီဥပဒေသစ်ဟာ ရဲတပ် ဖွဲ့ကို ကာကွယ်ရေး ဦးစီးချုပ်အလိုကျ ခိုင်းလို့ရအောင် လုပ်တာပဲလို့ ဆိုပါတယ်။ ရဲချုပ် ခန့်တာကအစ ကာချုပ်ရဲ့ ခွင့်ပြုချက်ရမှ ဖြစ်လာမယ်၊ ရဲတွေကို စစ်တိုက်ခိုင်းဖို့အထိ ရည်ရွယ်တာ ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ရဲဥပဒေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ကတော့ ရဲတပ်ဖွဲ့ကို ကာကွယ်ရေး ဦးစီးချုပ် အောက်ကို ဥပဒေနဲ့ တရားဝင် ထည့်လိုက်တဲ့ သဘောပါပဲ။ ရဲချုပ် ခန့်အပ်တာကအစ လုပ်ပိုင်ခွင့် အရပ်ရပ်ကို ကာချုပ် ခွင့်ပြုချက် ရယူပြီးမှ လုပ်လို့ရတော့မှာပါ။ ရဲတွေကို ကာချုပ်အလိုကျ ခိုင်းလို့ရအောင် ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ စစ်တိုက်ခိုင်းတာတွေ တောင် လုပ်ခိုင်းဖို့အထိ ဖြစ်နိုင်ပါတယ်။ အရန် ရဲကလည်း တပ်မတော်ပုံစံအတိုင်းလုပ်ဖို့ ပြင်ဆင်တာလို့ မြင်မိပါတယ်”

အခုပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ အခန်း(၂) ရည်ရွယ်ချက်မှာလည်း ရဲ တပ်ဖွဲ့ရဲ့ အဓိကလုပ်ငန်းတွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းတွေအပြင် လိုအပ်ရင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေပါ ပါဝင်ဆောင် ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ တရားဥပဒေစိုးမိုးရေးကို အဓိကတာဝန်ယူ ရမယ့် ရဲတပ်ဖွဲ့ကို လုံခြုံရေးပါ တာဝန်ယူခိုင်းတဲ့အတွက် တရားဥပဒေ စိုးမိုးရေးဆောင်ရွက် မှုအပိုင်းမှာ အားနည်းသွားနိုင်တယ်လို့ မြင်ပါတယ်။

“နောက်ဆုံးမှာ ရဲကို စစ်တပ် လုပ်ပစ်လိုက်တာပဲ။ ဒါပဲ။ ဥပဒေနဲ့ လုပ်ပစ်လိုက်တာပဲ။ ဟိုတုန်းကဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုတာ ခွဲထားတာ။ လုံခြုံရေးကို တပ်က ယူတယ်။ တရားဥပဒေ စိုးမိုးရေးကို ရဲက ယူတယ်။ အခု နှစ်ခုစလုံးကို တပ်က ယူမယ်။ ဒါပဲ။ ရဲက နောက်ကနေတော့ ဒါပဲ။ ငါတို့က တရားဥပဒေ စိုးမိုးရေးပဲ လုပ်မ နေနဲ့။ သူက အဲလို လုပ်လိုက်တာ။ အဲဒီတော့ ဘာတွေ အားနည်းသွားမလဲဆိုတော့ ပြည်သူတွေနဲ့ဖြစ်တဲ့ မှုခင်းတွေ လူဆိုး၊ သူခိုးတွေရန်က ကာကွယ်တဲ့ နေရာတွေမှာ အားနည်းသွားလိမ့်မယ်။ ရဲတပ်ဖွဲ့ကြီးက အားနည်းသွားမယ်။ တရားဥပဒေ စိုးမိုးမှု ကြီးက အကြီးအကျယ် ထိခိုက်လိမ့်မယ်လို့နော်။ ဒီဥပဒေကြောင့်နော်”

ဒီဥပဒေမှာ အထူးခြားဆုံးကတော့ ရဲတပ်ဖွဲ့ဟာ တရားဝင် စစ်တိုက်ခွင့် ရှိလာတာဖြစ်ပြီး နောက်ပိုင်းမှာ လိုအပ်လာရင် မီးသတ်တပ်ဖွဲ့လို အဖွဲ့အစည်းကိုတောင် စစ်ရေးမှာ အသုံးချလာနိုင်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

ဥပဒေ အခန်း ၂၀ မှာဆိုရင် ရဲအရာရှိတွေဟာ ဝရမ်းမပါဘဲ နေအိမ်တွေ၊ အဆောက်အအုံ တွေ၊ ဝင်းခြံတွေထဲကို ဝင်ရောက်စစ်ဆေးနိုင်ခွင့်ပါ ပေးထားတာမျိုးက လုံးဝမဖြစ်သင့်တဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ထောက်ပြပါတယ်။

“ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့ ဝင်ရောက်ပြီး ရှာဖွေတော့မယ်ဟေ့ ဆိုတာ နဲ့ တစ်ပြိုင်တည်း နိုင်လွတ်လုံ ဥပဒေထဲမှာပါတယ်။ သူက အုပ်ချုပ်ရေးမှူး သို့မဟုတ် ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူး အနည်းဆုံး သူ့ရပ်ကွက်အတွင်းမှာရှိနေတဲ့ ကျေးရွာ တာဝန်ခံ အနည်းဆုံး နှစ်ဦး ပါမှသာလျှင် ဝရမ်းပါရင်တောင် နှစ်ဦးပါမှ ဝင်ပြီးတော့ ရှာဖွေရမယ်လို့ ဒီလိုပြဋ္ဌာန်းပေးထားတယ်။ အခုဒါတွေလည်း ယာယီ ပယ်ဖျက်ထား တယ်။ ယာယီရပ်ဆိုင်းထားတဲ့အပြင် အခုလိုပဲ ရာဇဝတ်မှုကို အကြောင်းပြပြီးတော့ ဝင်ကြမယ်ဟေ့ဆိုရင် ကျနော်တို့ ဥပဒေအမြင် သက်သက်ပြောရင်တော့ ဒါဟာ လုံးဝ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပြဋ္ဌာန်းချက် မဟုတ်ဘူးလို့ ကျနော်ကတော့ ဒီတိုင်းပဲမြင်တယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံသားများရဲ့ လွတ်လပ်မှု၊ လုံခြုံမှု ဥပဒေတွေအရ နိုင်ငံ သားတွေရဲ့ ဥပစာ လုံခြုံခွင့်၊ အဆောက်အအုံ လုံခြုံခွင့်တွေကို နိုင်ငံတော်က ကာကွယ်ပေး ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပေမယ့် အခု ရဲတပ်ဖွဲ့ ဥပဒေက ကျော်လွန်ဆောင်ရွက်သလို ဖြစ်နေတယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

ဥပဒေတစ်ရပ်ဟာ လူ့အဖွဲ့အစည်းတစ်ခုကို ကာကွယ်ပေးရမှာ ဖြစ်သလို တစ်ဖက်ကလည်း ပဲ နိုင်ငံသား တစ်ဦးချင်းစီ၊ တစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာ အကွယ် ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်နိုင်ရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်း မဟုတ်တော့ဘဲ အင်မတန် တင်းကျပ်ထားတဲ့ လူ့အဖွဲ့အစည်း တစ်ခုအဖြစ် အသွင်ပြောင်း သွားနိုင်တယ်လို့လည်း ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အရင်က ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး ဘယ်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ရာဇဝတ်ကျင့်ထုံး ဥပဒေတွေနဲ့ ရဲလက်စွဲ ဥပဒေတွေနဲ့ပဲ ကျင့်သုံးဆောင်ရွက်ရတာပါ။

နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးအရေးယူတဲ့အခါ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ - ၁၅၄ အရ သတင်းပေး တိုင်ချက်အရင်ဖွင့်ပြီးမှ ဖမ်းဆီး၊ ရှာဖွေ၊ စစ်ဆေး၊ ထိန်းသိမ်းခွင့်ရှိသလို ၂၄ နာရီထက်ကျော်လွန် ထိန်းသိမ်းမယ်ဆိုရင် စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးတစ်ဦးဦးရဲ့ ချုပ်ရမန်၊ ချုပ်မိန့် ရယူပြီးမှ ထိန်းသိမ်းခွင့်ရှိတာပါ။

ဒါပေမဲ့ အခုအသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လိုအပ်ရင် ဝရမ်းမပါဘဲနဲ့ တိုက်ရိုက်ဖမ်းဆီးခွင့်၊ အရေးယူခွင့်ရတယ်လို့ ပါရှိတာကြောင့် ဒါဟာ ရာဇ ဝတ် ကျင့်ထုံးဥပဒေတွေ ရဲလက်စွဲ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဥပဒေသမားတွေက ထောက်ပြကြပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ခိုက်မှု တွေကို ဒီဥပဒေနဲ့ ထိန်းချုပ်ချင်ပုံရတယ်လို့ ပြောပါတယ်။

“ခြုံငုံပြီးတော့ ပြောမယ်ဆိုရင်တော့ သူတို့ အများပြည်သူ လုံခြုံရေးအတွက်ပေါ့နော်။ အထူးသဖြင့် ဗုံးခွဲတာတို့၊ လက်နက် ခဲယမ်းမီးကျောက်တွေ တင်သွင်းလာတာတို့ ကြိုတင်ပြီး ကာကွယ်တဲ့ ကိစ္စတွေမှာ ပိုမိုထိရောက်မှုတော့ ရှိလာမှာပေါ့။ သို့သော် ရိုးရိုး သားသား ပြည်သူလူထုမှာလည်း ပိုပြီးတော့ အနေကျုံ့သွားမှာပေါ့နော်။ ဒါကလည်း ကျနော်ထင်ပါတယ်။ ဒီကြားကာလပေါ့နော်။ တရားဥပဒေ စိုးမိုးရေး၊ ဒီလုံခြုံရေး အာမမခံနိုင်မချင်းကတော့ သူက လိုအပ်တယ်ဆိုပြီး ဒီအတိုင်း ပြဋ္ဌာန်းထားတာလို့ မြင်ပါတယ်။ နည်းနည်း အခြေအနေကောင်းလာပြီ ဆိုလို့ရှိရင်တော့ နောင်ရွေးကောက် ပွဲနဲ့ တက်လာတဲ့ အစိုးရတွေ ဖြစ်လာတဲ့အခါမှာတော့ သိပ်တင်းကျပ်လွန်းတဲ့ ဟာတွေကို လွှတ်တော်က ပယ်ဖျက်လို့ရမယ်လို့ ကျနော်တို့က ယူဆတယ်”

ဒီဥပဒေကို နည်းဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်သင့်ပြီး နည်းဥပဒေမရှိရင် စနစ်ကျဖို့ထက် နိုင့်ထက်စီးနင်းမှုတွေ ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ကို ဥပဒေအရ လုပ်ပိုင်ခွင့် တိုးပေးတာဟာ ပြဿနာမရှိပေမယ့် မြန်မာနိုင်ငံမှာလို အာဏာရှင်နောက်က အကျင့်ပျက်ခြစားမှုတွေနဲ့ နာမည်ပျက်နေတဲ့ မြန်မာရဲတွေကို အခုလို အာဏာတိုးပေး တာဟာ ပြည်သူတွေ ဒုက္ခပိုရောက်စေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အခု ရဲတပ်ဖွဲ့ဥပဒေ အသစ်က ဗဟိုချုပ်ကိုင်မှု ပိုများလာတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက မြင်ပါတယ်။

“ကျနော်မြင်တာကတော့ Centralization ပေါ့။ ဗဟိုချုပ်ကိုင်မှု ပိုလုပ်လိုက်တယ်လို့ ထင်တယ်။ အဲဒီတော့ ဖက်ဒရယ် နိုင်ငံတွေမှာ ကျနော်တို့တွေ့တဲ့ ပုံစံအရဆိုရင် ရဲတပ် ဖွဲ့တွေက အောက်ခြေကို ပိုပြီးတော့ Decentralize ပေါ့။ ဗဟိုချုပ်ကိုင်မှု လျှော့ထားတာ မျိုးတွေ တွေ့တယ်ဗျ။ ဥပမာအားဖြင့် အမေရိကားတို့ဘာတို့ တချို့နိုင်ငံတွေကို ကြည့် လိုက်လို့ရှိရင် ရဲတပ်ဖွဲ့ဟာ သူ့ရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိုပြီးတော့ အာဏာ ရှိတယ်လေ။ ဗဟိုချုပ်ကိုင်မှုထက်စာရင် ဗဟိုချုပ်ကိုင်မှုကို အောက်ခြေကို ဖြန့်ခွဲပြီး တော့ လုပ်ပိုင်ခွင့်ပေးတာမျိုး များတယ်ဗျ”

police-ygn.jpg
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ ဆန္ဒပြသူများအား ဖြိုခွင်းခဲ့ကြစဉ် (Photo: RFA)

အခုပြဋ္ဌာန်းလိုက်တဲ့ ရဲတပ်ဖွဲ့ဥပဒေ အခန်း(၁၇)၊ ပုဒ်မ ၆၀ (င)၊ အပိုဒ် ၂ မှာ အခါအား လျော်စွာ ခွင့်ပြုထားတဲ့ အချိန်နဲ့ နေရာတွေ၊ အလုပ်တွေမှအပ အနှောင့်အယှက် ဖြစ်စေ လောက်အောင် ဘင်တွေ မောင်းတွေ တီးခတ်တာကအစ ကြေး၊ အိုးခွက်တွေ တီးခေါက် တာတွေလုပ်ရင် ဝရမ်းမပါဘဲနဲ့ ဖမ်းဆီးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်ဟာ စစ်အာဏာရှင်ကို လက်မခံတဲ့ပြည်သူတွေက သံပုံးတီးကန့်ကွက်မှုတွေကို တန်ပြန်အရေးယူလို့ရအောင် ပြဋ္ဌာန်းထားတဲ့ ပုဒ်မဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ရဲတပ်ဖွဲ့ ဥပဒေ ပုဒ်မ- ၆၂ အထွေထွေအခန်းမှာဆိုရင်လည်း အစိုးရဌာန အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ဘယ်သူမဆို စုပေါင်းအိမ်ရာ၊ ဈေး၊ အဆောက်အအုံ၊ ဟိုတယ်၊ မိုတယ်၊ စက်ရုံ၊ အလုပ်ရုံတွေ ဆောက်မယ်ဆိုရင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အဆောက်အအုံ ဆောက်လုပ်ခွင့်ကို အရင်က သက်ဆိုင်ရာစည်ပင်ဌာနကသာ အဓိက ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုဥပဒေအရ ရဲတပ်ဖွဲ့ကိုပါ ထပ်တိုးထည့်သွင်းလိုက်တာဖြစ် ပါတယ်။

ဒီဥပဒေသစ်ပြဋ္ဌာန်းချက်နဲ့အတူ အရင်က ပြဋ္ဌာန်းထားခဲ့တဲ့ ရန်ကုန် ရဲအဖွဲ့ အက်ဥပဒေ ၁၈၉၉၊ ရဲအက်ဥပဒေ ၁၉၄၅၊ ကရင်ပြည်နယ် ရဲအဖွဲ့ အက်ဥပဒေ၊ ၁၉၅၉ ကယားပြည်နယ် ရဲအဖွဲ့ အက်ဥပဒေတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်သိမ်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။