နိုင်ငံတစ်ဝန်း အကျဉ်းချခံရသူစာရင်း ၂၄၀၀ နီးပါးတိုးလာ

RFA Burmese
2023.03.01
နိုင်ငံတစ်ဝန်း အကျဉ်းချခံရသူစာရင်း ၂၄၀၀ နီးပါးတိုးလာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့ရသည့် နေပြည်တော် အချုပ်ထောင်ရှေ့မြင်ကွင်း။
STR / AFP

[Update: 6:00 AM, March 8, 2023]

မြန်မာနိုင်ငံတစ်ဝန်းမှာ အခုနောက်ပိုင်း ဒီမိုကရေစီအရေးအတွက်ကြိုးပမ်းရင်း ဖမ်းဆီး ထောင်ချခံရတဲ့ အရေအတွက် ပိုများလာနေတာတွေ့ရတယ်လို့ လေ့လာစောင့်ကြည့်သူတွေ က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း အကျဉ်းချခံရသူ အရေအတွက် ၂,၂၉၉ ဦးရှိခဲ့ရာကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့စာရင်းမှာ ၄,၆၈၃ ဦးအထိ တိုးလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နိုင်ငံတစ်ဝန်းက ပြည်သူ ၁၃ ဦးကို အကြမ်းဖက်ဥပဒေနဲ့ ထောင်အသီးသီးချမှတ်ခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ ဖော်ပြခဲ့ကြပါတယ်။

"သူတို့က ဖမ်းမိပြီဆိုတာနဲ့ အကြမ်းဖက်ပုဒ်မတပ်ဖို့ ကြိုးစားတယ်။ အကြမ်းဖက်ပုဒ်မ မရရအောင် တပ်တယ်"

ထောင်ချခံရတဲ့အထဲမှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ ကျော် အရွယ် ကိုမျိုးထွန်းလည်းပါဝင်ပါတယ်။ သူကတော့ ရမည်းသင်းအကျဉ်းထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မနဲ့ ထောင်လေးနှစ် ချမှတ်ခံလိုက်ရတာပါ။ ကိုမျိုးထွန်းရဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးကတော့ အခုလိုထောင်ချခံရတဲ့အပေါ် ကျေနပ်မှုမရှိဘူး လို့ RFA ကို ပြောပါတယ်။

"အခုမှ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ယောက်ကို ဖမ်းဆီးပြီး ထောင်ချလိုက် တာက လက်နက်အားကိုးပြီး မိုက်တာပဲပေါ့။ ကျမတို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် မကျေနပ်ဘူး။ အကြမ်းဖက်နဲ့ ပုဒ်မတပ်ပြီး စွဲတယ်။ ဒါဆို ဖုန်းထဲမှာ သူ့လက်ထဲမှာ အကြမ်းဖက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ့လား မေးချင်တယ်"

ကိုမျိုးထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဇမ္ဗူသီရိမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ရိုက် နှက်ဖမ်းဆီးခဲ့ရတာပါ။ ဖမ်းဆီးခံရချိန်ကတည်းက အခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသလို အခုလက်ရှိ ဘယ်အကျဉ်းထောင်မှာ ရှိနေတယ်ဆို မသိရဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာက အသက် ၂၀ အရွယ် ကိုမျိုးကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကလေးအကျဉ်းထောင်တွင်းတရားရုံးမှာ အကြမ်းဖက်မှုပုဒ်မနဲ့ ထောင်လေးနှစ် ချမှတ်ခံခဲ့ရပါတယ်။ အကြမ်းဖက်မှုမှာ အားပေးပါဝင် တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထောင်ချတာဖြစ်ပေမယ့် အမှန်တကယ်မှာ ကိုမျိုးကိုဟာ ပြစ်မှုကျူးလွန်တာ မရှိဘူးလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"မျိုးကိုဆိုတာ အသက်၂၀ စွန်းစွန်းပဲ ရှိဦးမယ်။ လူ့ဘဝကြီးကို ကောင်းကောင်းတောင် မဖြတ်သန်းရသေးတဲ့ ကလေး။ အင်မတန် ရိုးသားအေးချမ်းတယ်။ လိမ္မာတယ်။ ယဉ်ကျေးတယ်။ ဒီလို ကလေးတွေကို သူတို့က မတရားပုဒ်မနဲ့ ဖမ်းဆီး ထောင်ချတော့ ကိုယ်တွေက လုပ်နိုင်တာ တစ်ခုပဲရှိတော့တယ်။ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ပြည်သူတစ်ဦးအနေနဲ့ ရေကုန်ရေခန်း လုပ်နိုင်တာအကုန်လုပ်သွားဖို့ပဲ ရှိမယ်"

ရူပဗေဒ ဒုတိယနှစ်ကို တက်ရောက်နေတဲ့ ကိုမျိုးကိုဟာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းဆက် မတက်ဘဲ နေသူတစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ (Photo: STR / AFP)
စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ (Photo: STR / AFP)

စစ်ကောင်စီဘက်က အာဏာသိမ်းကာလ အစောပိုင်းတွေမှာ ဖမ်းဆီး ထောင်ချတာတွေ ရှိပေမယ့်လည်း ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထဲက ဖမ်းဆီး၊ ထောင်ချမှုတွေ သိသိသာသာ တိုးလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကိုပြောပါတယ်။

"ဘယ်လို လူမျိုးကိုမဆို သူတို့မှာ တပ်ချင်တဲ့ ပုဒ်မ တပ်လို့ရတယ် အနေထားမျိုး ရှိနေတယ်။ ဒါကြောင့်မို့ သူတို့က ဖမ်းမိပြီဆိုတာနဲ့ အကြမ်းဖက်ပုဒ်မ တပ်ဖို့ ကြိုးစားတယ်။ အကြမ်းဖက်ပုဒ်မ မရရအောင် တပ်တယ်။ အမှုမပေါ်ဘူး ဆိုရင်တောင် ၃၀၂/၃၄ လို ပုဒ်မတွေ ကြံရာပါ သဘောမျိုးပေါ့။ ကိုယ်သိသိ မသိသိ သူတို့ဘက်က သက်သေ ဘာမှခိုင်ခိုင်လုံလုံ မပြနိုင်ဘဲနဲ့တောင် ဒီလိုပုဒ်မတွေ တပ်ပြီး သေဒဏ်ချတဲ့ ကိစ္စတွေ ကျနော်တို့ တောက်လျှောက်ကြားနေရတယ်"

စစ်ကောင်စီကတော့ အချိန်နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းအကျဉ်းထောင်အသီးသီးကနေ လွတ်ငြိမ်းသက်သာခွင့် လေးကြိမ်ပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်လွှင့်ထားပါတယ်။

ဒါပေမဲ့ ပြန်လွတ်တဲ့အထဲမှာ ရာဇဝတ်အကျဉ်းသားတွေသာ အများဆုံးပါဝင်ပြီး စစ်ကောင်စီကိုဆန့်ကျင်ရင်း ထောင်ချခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အနည်းအကျဉ်းလောက်သာ ပါတာတွေ့ရတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ စစ်ကောင်စီက ၂၀၂၁ ဩဂုတ်လမှာ အကြမ်းဖက် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း အမှုတစ်ခုတည်းကို အကြမ်းဖက်ဥပဒေ ပုဒ်မနဲ့ အကြိမ်ကြိမ်စွဲဆိုနေတာတွေ့ရတယ်လို့ ပြောပါတယ်။

"၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင် အထိ တော်တော်များများကို ဘာနဲ့ပဲစွဲသလဲ ဆို ရာဇတ်သတ်ကြီး ပုဒ်မ ၅၀၅ နဲ့ ပဲစွဲတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ကို ပြင်ဆင်သော ဥပဒေဆိုပြီး ဥပဒေတစ်ရပ် ပြင်လိုက်တယ်။ ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့ နောက်ပိုင်းမှာ လူတိုင်းကို အကြမ်းဖက် မှု တိုက်ဖျက်ရေးဥပဒေနဲ့ ပဲ စွဲတော့တယ်။ ပြုလုပ်မှုတစ်ခုတည်းကိုပဲ ဒီခရိုင်မှာလည်း စွဲတယ်။ ဥပမာ- အလုံခရိုင်မှာ လည်း စွဲတယ်။ သင်္ဃန်းကျွန်းခရိုင်မှာလည်း စွဲတယ်။ ဟိုမြို့နယ်မှာလည်း စွဲတယ်။ လူတစ်ယောက်တည်း ကိုပဲ အကြမ်းမှုနဲ့ ပတ်လည်လိုက်ပြီး စွဲနိုင်သမျှ တရားရုံးတွေမှာ စွဲလာတာတွေ့ရတယ်။ ဆိုလိုတာက ၂၀၂၂ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းမှာ တရားစွဲဆိုမှုတွေက နည်းလမ်းမမှန်တော့ဘူး"

၁၉၇၃ ခုနှစ်၊ စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၂၂ မှာ ပြုလုပ်မှု၊ ဒါမှမဟုတ် ပျက်ကွက်မှု တစ်ခုခုဟာ ဥပဒေနှစ်ရပ်၊ ဒါမှမဟုတ် နှစ်ရပ်ထက်ပိုတဲ့ ဥပဒေတွေအရ ပြစ်မှုမြောက်ရင် ပြစ်မှုကျူးလွန်သူကို အဲဒီဥပဒေတွေအနက် ဥပဒေတစ်ရပ်ရပ်နဲ့သာ တရားစွဲဆို အပြစ်ပေးရမှာဖြစ်ပြီး ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ် တစ်ကြိမ်ထက်ပိုပြီး မခံစေရ ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် စစ်ကောင်စီက အကြိမ်ကြိမ်စွဲဆို ထောင်ချနေတာတွေဟာ ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်နေတယ်ဆိုတာပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီရဲ့ တရားရုံးတွေဟာ အမည်ခံတရားရုံးတွေသာဖြစ်တယ်လို့ ပြောပါတယ်။

"အကြမ်းဖက် စစ်အုပ်စုဆိုတာ ဥပဒေပြုခွင့် အာဏာမရှိဘူး။ တရားဥပဒေ ရှေ့မှောက်မှာ လူတိုင်းဟာ ပြန်လည်ချေပ ပိုင်ခွင့်ရှိရမယ်။ တရားဥပဒေ ရှေ့မှောက်မှာ အများပြည်သူ သိတဲ့နေရာမျိုးမှာ တရားစီရင် ဆောင်ရွက်ရမယ် ဒါမျိုးတွေလည်း ရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်း ဒီလိုကိစ္စတွေ ပါတယ်။ ဒါပေမဲ့ အဲဒါတွေလည်း ဘာမှမရှိဘဲနဲ့ တရားရုံးလို့ အမည်တပ်ထားတဲ့ ရုံးတွေမှာ အဲဒီမှာ ရှိတဲ့လူတွေက အမိန့်ချတာတွေ အများကြီး လုပ်ဆောင်လာတယ်ပေါ့"

မြန်မာနိုင်ငံမှာ မြို့ပြနဲ့ ကျေးလက်ပါ မကျန် သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို ဖုန်း၊ ပိုက်ဆံအိတ်တွေကို ရှောင်တခင် စစ်ဆေး ဖမ်းဆီးတာတွေအပြင် လူမှုကွန်ရက်စာမျက်နှာ တွေမှာ အာဏာသိမ်းမှုကို မထောက်ခံကြောင်း ရေးသားတဲ့ ပြည်သူတွေကိုပါ ဆက်တိုက် ဖမ်းဆီး အရေးယူတာတွေ စစ်ကောင်စီက လုပ်ဆောင်နေတာပါ။

အခုလိုဖမ်းဆီးအရေးယူမှုတွေဟာ ပြည်သူတွေ မဆန့်ကျင်ရဲအောင် အကြောက်တရား ရိုက်ထည့်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

(မှတ်ချက်။ မူလသတင်းတွင် "AAPP ၏ ထုတ်ပြန်ချက်များအရ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက် တစ်နေ့တည်း၌ ဖမ်းဆီးခံရသူ ၁၂၉၃ ဦး၊ ထောင်ချခံရသူ ၁၂၇၄ ဦးရှိခဲ့ကြောင်း" မှားယွင်းဖော်ပြခဲ့သည်ကို ပြင်ဆင်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။